စောနေစိုးမြ ၏ အဖွဲ့ လက်နက်ချ၊ KNU နဲ့ န.အ.ဖ တိုက်ပွဲတွေဖြစ်နေ

alt

စစ် အစိုးရသည် ကရင်လက်နက်ကိုင် အဖွဲ့တစ်ခု နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့ပြီဟု ဧပြီလ (၅) ရက်နေ့က အတည်ပြု ကြေညာ လိုက်သည်။

စစ်အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အဖွဲ့ ခေါင်းဆောင် တဦး ဖြစ်သူ စောနေစိုးမြ နှင့် ညှိနှိုင်း ဆွေးနွေးမှုများ အဆင်ပြေ ခဲ့ပြီဟု Associated Press သို့ Mail ဖြင့် အကြောင်းကြား ခဲ့သည်။

အဆိုပါ ကရင်ခေါင်းဆောင် နှင့်အတူ နောက်လိုက် (၇၁) ဦး၊ မိသားစုဝင် (၈၈) ဦးတို့သည် ဧပြီလ (၆) ရက်နေ့တွင် စစ် အစိုးရထံသို့ အလင်းဝင်မည်ဟု ဆိုသည်။ သို့သော်လည်း လက်နက်များနှင့်အတူ အလင်းဝင်လာမည့် အခမ်းအနားသို့ စောနေစိုးမြ လိုက်ပါလာခြင်း ရှိမရှိမှာ မသေချာ သေးကြောင်း သိရသည်။

KNU အဖွဲ့မှ ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် စောနေစိုးမြ သည် စစ်အစိုးရ တပ်များနှင့် ကာလရှည်ကြာ တိုက်ပွဲများ ဖြစ်ပွားနေမှု အတွက် စိတ်မပါတော့ဟု သတင်းများ ထွက်ပေါ်နေသည်။ KNU သည် မြန်မာစစ်အစိုးရအား လက်နက်ကိုင် တော်လှန်နေသည့် အဓိက အဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်သည်။

မူလက KNU နှင့် မြန်မာစစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီထားခဲ့သော်လည်း စစ်အစိုးရ စစ်တပ်များ က ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းစသည့် လုပ်ရပ်များကြောင့် (၂၀၀၄) ခုနှစ်အတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ခဲ့ရသည်။

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ သားငယ် စောနေစိုးမြ မြန်မာ စစ်အစိုးရ ဆီမှာ လက်နက်ချပြီး ငြိမ်းချမ်းရေး ယူသွားတာဟာ စစ်အစိုးရက မက်လုံးပေးတဲ့ စီးပွားရေး လုပ်ပိုင်ခွင့်ကို လိုချင်တာသက်သက်ကြောင့် ဖြစ်သာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါ က ပြန်လည်တုံ့ ပြန် ပြောဆိုလိုက်ပါတယ်။

ထို့အတူ “ဗိုလ်ချုပ်မြ သားအငယ်က သူ့အဖေနဲ့တော့ တလမ်းစီပဲ” စီးပွားရေးလုပ်မယ် ဆိုပြီး န.အ.ဖ ဘက်ပါသွားတဲ့ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဆိုတဲ့ အုပ်စုက ခေါ်သွားတာ။ သူကလည်း ပိုက်ဆံပြတ်တယ်။ သူတို့က ခြိုးခြိုးခြံခြံ မနေတတ်ဘူး။ သူ့မိန်းမကလည်း ထိုင်း ဆိုတော့ စီးပွားရေးလုပ်မယ်။ ဘုရားသုံးဆူဘက်မှာ စီးပွားရေးဇုံလား စက်မှုဇုံလား မသိဘူး အဲဒီမှာ ထားမယ်ဆိုပြီးတော့ န.အ.ဖက အကွက်ပေးထားတာရှိတယ်’ လို့ သူသိရှိရကြောင်း RFA ကို ပြောဆိုခဲ့ပါတယ်။

သူနဲ့ သွားတာက လူလေးဆယ်ပါ။ ၁၅ဝ ဆိုတာက နအဖ ဘက်က ဝါဒဖြန့်ချိတာပါ။ လေးဆယ်ဆိုတာလည်း စစ်သားမဟုတ်ဘူး။ တချို့က ထွက်ပြီးသား နှစ်ယောက် သုံးယောက် ပါသွားတာ။ အဓိကတော့ ရွာသားတွေပါ။ သူက ဒီမှာရှိတုန်းကလည်း သူ့အဖေက ရာထူးပေး ပြီးတော့ တပ်ခွဲတခွဲကို ကြည့်ခိုင်းတာ။ သူက ဘာမှ စစ်ရေးလည်း ကျွမ်းကျင်မှုမရှိဘူး။ နိုင်ငံရေးလည်း ကျွမ်းကျင်မှုမရှိပါဘူး။ ဘာမှ နားမလည်ဘူး။ ဗမာစကားတောင် ကောင်းကောင်းမပြောတတ်ဘူး ဟုပြောဆိုသည်။

လောလောဆယ် ထိုင်းမြန်မာ နယ်စပ်နားက KNU ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ မြန်မာ စစ်အစိုးရတပ် နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ဝင်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဝေါ်လီခီး အရပ်ရှိ တပ်ရင်း (၂၀၁) တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အတွက် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ထိုးစစ်ဆင်လျှက် ရှိနေပါတယ်။

မနေ့ကလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ ရှေ့တန်း ကာကင်း စခန်းတခု ကို နအဖ တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဒီနေ့ မနက်တွင်မှ တပ်ရင်း ဌာနချုပ်စခန်း အား ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည််။

ဒီနေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲ အခြေအနေမှာ ပုံမှန်ကြိုးကြား တိုက်ခိုက်မှုများ ရှိသော်လည်း နှစ်ဖက် အခြေအနေမှာ ဆိုးဆိုးရွားရွား အနေအထားများ မရှိသေးကြောင်း သိရှိရပြီး တိုက်ပွဲ ဖြစ်ပွားရာ ဒေသ၏ ထိုင်းဘက်ခြမ်း တွင် ထိုင်းဘက်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားပြီး တပ်လှန့်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here