ဖြစ်ပုံစုံလင် ဤတလတွင် (မတ်လ)

alt

၂၀၁၀ သို့ အချိန်ရထားကြီး တရွေ့ရွေ့ ခုတ်မောင်းနေသည်၊  န.အ.ဖ သည် အောင်ခြင်း များစွာရရှိရန် နှင့် အတွင်းအပြင်ကို အပြီးအသတ် ရှင်းလင်းရန် မနက် အရုဏ်ဦး၏ တုံးမောင်းခေါက်သံလို ကြားနေရပါပြီ…

၂၀၁၀ ရွေးကောက်ပွဲဒါဏ်ကို အဆိုးဆုံးခံစားရသည့် သူများကတော့ လက်နက်ကိုင်တဲ့ တိုင်းရင်းသား သူပုန်အဖွဲ့များ ဖြစ်နေသည်ကို တွေ့ရသည်။ ပြည်ပ မြန်မာ့အတိုက်အခံအဖွဲ့ အတော်များများကတော့ မြို့ပေါ်မှာ အများအားဖြင့် လှုပ်ရှားနေရသဖြင့် တော်ယုံနှင့် ဆိုးဆိုးဝါးဝါး ဒါဏ်မခံစား နိုင်လောက်ပါဟု ထင်မိပါတယ်။

အထူးသဖြင့် ကမ္ဘာတွင် သက်တမ်း ရှည်ကြာဆုံး သူပုန်အဖွဲ့ ဖြစ်သော KNU ကရင်အဖွဲ့ဟာ စစ်အစိုးရ၏ ထိုးနှက်ချက်များစွာ ခံစားနေရသည်ကို တွေ့ရှိသည်။ နောက်ဆုံး ပွဲသိမ်း ရိုက်ချက်ကတော့ စစ်အစိုးရဟာ ထိုင်းနိုင်ငံကို ကရင်နှင့်ပတ်သက်ပြီး ဖိအားပေးလိုက်တာပဲ ဖြစ်သည်၊ ဒါလည်း လောင်စာ ဒီပလိုမေစီလို့ ဆိုရမလား၊ ဈေးပေါပေါနှင့် လိုချင်၍ ရောင်းသူ ၀ယ်သူ ဈေးကွက် စီးပွားရေးစနစ်တွင် ကရင် သူပုန်တွေဟာ ထိုးကြွေးခံလိုက်ရသည် နယ်ရုပ်လေး သဖွယ် ဖြစ်ခဲ့ရချေပြီ၊ နောက်…. ဒေသဆိုင်ရာ အခင်းအကျင်းအရ နယ်စပ် အခြေချသူပုန်များသည် ယခု အခြေအနေတွင် အိမ်နီးချင်းနိုင်ငံ အတွက် အကျိုးမရှိ သလောက်ကို ဖြစ်နေတဲ့ အနေအထားပင်။

အရင်တုန်းကတော့ ထိုင်းနိုင်ငံအတွင်း ကွန်မြူနစ်တွေ အင်အားကြီးမား မလာနိုင်အောင် အတွက် အမျိုးသားရေးနွယ်သည့် နယ်စပ် သူပုန်တွေကို ခြံစည်းရိုးခတ်ပြီး  ထိုင်းကွန်မြူနစ်ကို နှိပ်ကွပ်ဖို့အတွက် ရည်ရွယ်ပြီး စီတိုး စာချုပ်အရ ထိုင်းနိုင်ငံက နိုင်ငံရေး ကစားခဲ့သည်။ တချိန်တည်းမှာပင် ဗိုလ်ချုပ်မြဟာ ဌာနချုပ် မာနယ်ပုလောကို ထိုင်းမြန်မာနယ်စပ်တွင် တည်ဆောက်ခဲ့ပြီးသည့် အချိန်နှင့် တိုက်ဆိုင်စွာဖြင့် ထိုင်းနိုင်ငံရေး မူဝါဒနှင့် ကရင်သူပုန်တို့ဟာ နီးကပ်စွာ ရှိနေခဲ့ကြသည်။  သည်ခေတ်တုန်းကတော့ အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေသည့် သူပုန်တွေ အတွက်တော့ ဘုန်းမီးနေလ တောက်ပခဲ့သည့် အချိန်တခုပေါ့။

အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေသော မြန်မာ တိုင်းရင်းသား သူပုန်တွေနှင့်  ဒီအချိန်က တရုတ်ကွန်မြူနစ် အားကိုးဖြင့် အင်အား တောင့်တင်းနေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့ဟာ ဘယ်လို့မှ အစေးမကပ်ခဲ့ပါ၊ ဒါလည်း ထိုင်းနိုင်ငံက ချမှတ်ပေးခဲ့သော ကွန်မြူနစ် ဆန့်ကျင်ရေး အတွေးအခေါ်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အတွင်း စိမ့်ဝင် လက်ခံ ကျင့်သုံးခဲ့လို့ ဖြစ်သည်။ ဘုံရန်သူအား တိုက်ခိုက်ရန်အတွက် မဟာမိတ် တပ်ပေါင်းစုအသွင် ဖေါ်ဆောင်ရန်အတွက် အကြိမ်ကြိမ် ကြိုးပမ်း ဆွေးနွေးခဲ့သော်လည်း စစ်ရေး မဟာမိတ်လောက်သာ သဘောတူညီချက်မျှ ရရှိခဲ့သည်။

အကျိုးရလဒ်ကတော့ မြန်မာ့ လက်နက်ကိုင် တော်လှန်ရေးသည် ယခင်တုန်းက အခြေအနေများက အင်အား ချို့တဲ့ပြီး လက်နက်ကိုင် လမ်းစဉ်ဖြင့် အပြီးသတ် အောင်ပွဲဆင်မည့် အရေးအခင်းသည် ရေမျက်နှာပြင် အပေါ်မှာ အရုပ် ရေးခဲ့သလို ဖြစ်နေရသည်။  အကယ်၍များ ယခင်တုန်းက အင်အား အကြီးဆုံးဖြစ်ခဲ့သော ကွန်မြူနစ်ပါတီနှင့် ကရင် သူပုန်အဖွဲ့တို့ စစ်မှန်တဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ကြရင် တော်လှန်ရေးဟာ တမျိုးတဖုံ ရှိနေမှာ သေချာသလောက်ပင်၊ ဤအခင်းအကျင်း အတွက် အဓိက ဇာတ်ဆောင်ကတော့ ထိုင်းနိုင်ငံပဲဖြစ်သည်။

မန်းဘဇံ လက်ထက်တုန်းကတော့ ကရင်သူပုန်များဟာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် နီးကပ်စွာ တည်ရှိခဲ့သလို၊ မန်းဘဇံ အုပ်စုကို အမျိုးသားရေး ကရင်အုပ်စုက (ကရင် ( အနီ ) လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်) ဗိုလ်ချုပ်မြ အာဏာ ရရှိလာခဲ့ပြီး နောက်ပိုင်းမှာ ကရင်နှင့် ကွန်မြူနစ်တွေဟာ မူဝါဒအရ အကြီးအကျယ် သဘောထား ကွဲလွဲခဲ့ရပြီး ကရင့်အချို့ တပ်မဟာဒေသများ၊ အထူးသဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားဒေသနှင့် နီးစပ်သည့် ကရင် တပ်မဟာ တချို့သာ စစ်ရေးအရ သဘောတူညီချက် ပြုလုပ်ထားနိုင်ခဲ့ကြသည်။ စစ်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မျှသာဖြစ်ပြီး စစ်မှန်သည့် မဟာမိတ်တပ်ပေါင်းစု အသွင်ဆောင်သည့် ပုံစံတခုကို ချမှတ် မဆောင်ရွက်နိုင်ခဲ့ပါ။

အခုတော့လဲ စစ်အေး တိုက်ပွဲပြီးဆုံး၍ ကွန်မြူနစ် ရန်လည်း ထိုင်းနိုင်ငံအတွက် မရှိသလောက် ဖြစ်နေပြီ၊ ပြဿနာက ရေရည် လောင်စာအတွက် ဈေးပေါတယ်တဲ့ သဘောဝဓါတ်ငွေ့ ကို ထိုင်းက လိုချင်တာတော့ အမှန်ပင်ဖြစ်သည်။ ပထဝီ အနေအထားအရ တနင်္သာရီ ကမ်းရိုးဒေသနှင့် မုတ္တမပင်လယ်ကွေ့အတွင်းရှိ ဓါတ်ငွေ့ဟာ ထိုင်းနိုင်ငံအတွက်သာ ဖြစ်လာခဲ့ရသည်။  စစ်အစိုးရအတွက်လည်း ရောင်းဖို့နိုင်ငံက အနီးဆုံး ထိုင်းနိုင်ငံပဲ ရှိတာဆိုတော့ ထိုင်းနိုင်ငံ၏ မွေးစားထားတဲ့ ကရင်သူပုန်ကို အမွေပြတ်စွန့်လွတ်ခြင်း ကြေညာပါမှ လိုချင်တာ သေချာတော့မည်။ သည်တော့ စစ်အစိုးရ ဆန္ဒအရ ထိုင်းကတော့ ကရင်တွေကို လက်နက်ချခိုင်းပြီး န.အ.ဖ၏ နိုင်ငံရေး ထွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲကို ၀င်အောင် အတင်းအကြပ် တိုက်တွန်းခံရမည်။

သို့သော် ကရင်သူပုန် အနေဖြင့် ထိုင်းနိုင်ငံ၏ ဖိအားကို ဆန့်ကျင်မယ်ဆိုလျှင် ကရင့်တော်လှန်ရေးဟာ ချိနဲ့ယုံမှတပါး ကျဆုံးနိုင်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးအတွက် ငတ်ပြတ်မှုဟာ ရိုးရာလိုပင် ဖြစ်နေချေပြီ။ အနည်းဆုံး ဆန်နှင့် ဆား ရှိရင်၊ လူသူပေါက်ရောက်မှု နည်းတဲ့ တောတောင်တွေ ရှိရင်၊ သူတို့ တော်လှန်ရေးဟာ ဆက်လက် ရှင်သန်နေဦးမှာပင် ဖြစ်သည်။  နောက်ဆုံးမတော့ တောတွေတောင်တွေကို မီးတိုက်ပြီး ရှင်းလင်းရင်တောင်မှ အလေ့ကျ ပြန်ပေါက်လာတဲ့ ဖလန်တောင်ဝှေး ရှိနေရင်ပင် သူတို့အတွက် ဗီတာမင် သဖွယ် ခွန်အား ဖြစ်နေဦးမည်။

နောက်တဖန် အကြောင်းမျိုးစုံဖြင့် ကရင့် လက်နက်ကိုင်လမ်းစဉ်ကို တွေဝေသွားသည် ဖြစ်ဖြစ်၊ စိတ်ကုန်သွားသည် ဖြစ်ဖြစ် မိခင်အဖွဲ့အစည်းအား စွန့်ခွာခဲ့သော  မျိုးချစ် ကရင်လူမျိုး အတော်များများဟာ ဒုက္ခသည် အဆင့်အတန်းဖြင့် နိုင်ငံခြား တိုင်းပြည်တွေကို ရောက်နေကြပြီလေ၊ ခြွင်းချက်ဖြင့် ပြည်ပရောက် ကရင်အုပ်စုများ၏  အကူအညီဟာလည်း KNU အတွက် အားဆေးတခွက် ဖြစ်လာနိုင်ပေသည်၊ ဒါကြောင့် န.အ.ဖဟာ နယ်စပ်တကြောမှာ ရှိတဲ့ ကရင်ဒုက္ခသည် စခန်းတွေကို လုံးဝ ပျောက်ကွယ်သွားအောင် အစီအစဉ်ရှိရှိ ဆောင်ရွက်မှာတော့ သေခြာနေပေသည်။

ဤ စခန်းတွေသည် ကရင့်တော်လှန်ရေး အတွက် ကြားခံဒေသ ဖြစ်နေသည်ဟု စစ်အစိုးရက ယုံယုံကြည်ကြည် ရှိနေမည်တော့ သေခြာသည်။ ထို့ကြောင့် န.အ.ဖ၏ ပထမ ခြေလှမ်းအရ ကရင် လက်နက်ချ တပ်မှူးကြီးတဦးဖြစ်တဲ့ ဗိုလ်ထိန်မောင်ကို ကရင်ဒုက္ခသည် မရှိပါဆိုပြီး အစီအရင်ခံစာ ရေးခိုင်းပြီး ကုလ ကိုယ်စားလှယ်ဖြစ်တဲ့ ကင်တားနားထံ  တင်ခိုင်းလိုက်တာ ပြယုဒ်တခု မဟုတ်ပါလား?။ နောက်ပြီး ကင်တားနာ မြန်မာပြည်ကို လာတုန်းက ကရင်ပြည်နယ်ကို လိုက်လံ ပြသခဲ့တာဟာလည်း နယ်စပ် ဒုက္ခသည်စခန်းများအား တိုက်ဖျက်ရန် ရည်ရွယ်ချက် ရှိခဲ့သည်ဟု ထင်၏။

 ယခုနှစ် အာစီယံ တွေ့ဆုံဆွေးနွေးပွဲ အပြီး ထိုင်းနှင့် မြန်မာဟာ ပိုပြီး နီးကပ်လာတာကို တွေ့ရတယ်။ ထူးခြားဆုံးကတော့ ကေအင်ယူ ထိပ်ပိုင်း ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်း အခြေချ နေထိုင်ခွင့်၊ လှုပ်ရှားခွင့်တွေ ပိတ်ခံလိုက်ရတယ်။ ဒါကလည်း အဆိုးထဲက အကောင်းတခုလို့ မြင်နိုင်ပါတယ်။ နို့မို့ရင် ခေါင်းဆောင်တွေဟာ မြို့ပေါ်တော်လှန်ရေးမှာ စီးဝင်သွားပြီး မူးယစ်သွားမည့်ဒါဏ်၊ အထက်အအောက် ကွာဟမှုများမှ လွတ်ကင်းသွားလိမ့််မည််။ ဆိုလိုသည်က အောက်ခြေတပ်သားများနှင့် တသားတည်း တောတောင်တွေထဲမှာ တော်လှန်ရေးတခု ဆင်နွဲရမည့် အနေအထားတခုသို့ ရောက်ရှိလာမှာ ဖြစ်သည်။

 ကေအင်ယူမှာ အထက်အောက် ကွာဟမှုဟာ ဒဏ်ရာရရှိပြီးနောက် ထင်ကျန်ရစ်တဲ့ အမာရွတ်တခုလို ဖြစ်နေတာ ဒီကေဘီအေ ခွဲထွက်ခဲ့သည့် အဖြစ်အပျက်အား အထင်ကရ ကြည့်မြင်နိုင်သည်၊ ခရိယာန်ကို ယုံကြည်တဲ့ လူမှသာလျှင် ထိပ်တန်းခေါင်းဆောင် ဖြစ်ခွင့်ရပြီး တော်လှန်ရေး အဆီအနှစ်တွေ ခံစားရတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ပိုးကရင်အများစုဟာ ပြန်တမ်းဝင် အရာရှိမဖြစ်ပဲ တောတောင်တွေမှာ ချို့တဲ့စွာ ရှင်သန်နေခဲ့တဲ့သည့်က တကြောင်း၊ ပြန်တမ်းဝင် အရာရှိဖြစ်ချင်လျှင် ခရစ်ယာန် ဘာသာသို့ ကူးပြောင်းမှသာလျှင် တာဝန်ထမ်းဆောင်ခွင့် ရှိသည့်က တဖုံ၊ ဒီအချိန်က ဗိုလ်ချုပ်မြဟာ အလွန်စွာ ကြောက်စရာကောင်းတဲ့ လူတယောက်ဖြစ် ကရင် တမျိုးသားလုံးက မြင်နေပြီး အောက်ခြေတပ်ဖွဲ့၏ တလိပ်ခဲခဲ ခံစားမှုများကို တင်ပြနိုင်စွမ်း မရှိသဖြင့် လိုက်လျော မပြင်ဆင်နိုင်ခဲ့သည်က တကြောင်း၊ တပ်ဖွဲ့စည်းမှုအရ အထက်အောက် ကွာဟပြီး အလယ်အလတ်ခေါင်းများဟာ အထက်ဆိုတဲ့ လူကြီးကိုသာကြည့်ပြီး အောက်ခြေ ရဲဘော်များ၏ ဆန္ဒကို မျက်ကွယ်ပြုထားသည့် အကြောင်းများကြောင့် ကရင်တော်လှန်ရေး သမိုင်းမှာ အဆိုးဝါးဆုံး ခွဲထွက်မှုကြီး ဖြစ်ပွား ခဲ့ရပါတော့တယ်။

တော်လှန်ရေး ဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သော နာမည်ရ စာရေးဆရာကြီးဖြစ်တဲ့ မောင်သာရ၏

“ ဆူးစူးဝင်၍ အပ်နှင့်ထွင်သည် အသင်ဘာပြောချင် သနည်း။ ”

စကားလုံးအရပေါ့၊ ရင်ဘတ်အတွင်း စိုက်နှက်ခဲ့ရသော ဆူးများ စူးဝင်ရပြီ ဆိုလျှင် မည်သူမဆို ဤဆူးကို ဖြစ်တဲ့နည်းဖြင့် ဆွဲနှုတ်ရတော့သည်၊ ဇာဂနာဖြင့် ဆွဲနှုတ်သည်ဖြစ်စေ၊ အပ်ဖြင့် ထွင်သည် ဖြစ်စေ အဓိက ရည်မှန်းချက်ကို မကြည့်နိုင်တော့ပဲ လက်တွေ့ခံစားနေရတဲ့့ ဆူးဒါဏ်ကို အလျင်စလိုနှင့် ဖြစ်သလို ရှင်းခဲ့ရသဖြင့်  ဆုံးရှုံးမှုများသည့် တော်လှန်ရေး သမိုင်းကြောင်းကလည်း ဓါတ်ပြားဟောင်း တချပ်ပေါ်က အပ်ကြောင်းရာများ လိုပါပဲ။

ထိုကဲ့သိ့ု အဖြစ်အပျက်များလည်း ကရင့် လက်နက်ကိုင် တော်လှန်ရေးမှ မဟုတ်ပဲ၊ ပြည်တွင်းစစ်အတွင်း စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်း အားလုံးတွင် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဆုံးရှုံးခဲ့သည်ကို တွေ့ရှိခဲ့သည်။

ဗိုလ်ချုပ်မြနှင့် အထက်ပိုင်း ခရိယာန်ဘာသာဝင် ခေါင်းဆောင်များ၏ မူဝါဒသည် ဗုဒ္ဒဘာသာကို ယုံကြည့်ခဲ့သော ပိုးကရင် အများစုအတွက် ဘာသာရေး ဆူးတချောင်းအဖြစ် စူးနစ် ၀င်ရောက်လာသည်။ နှစ်ရှည်လများ အမျိုးသားရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်လာသော အောက်ခြေတပ်ဖွဲ့များ၏ ဆူးကို ထုတ်နှုတ်ရန်အတွက် ဖြစ်နိုင်ချေရှိဆုံး ဖြေရှင်းမှုဟာ လက်နက်ကိုင်ပြီး တန်ပြန် ပုန်ကန်မှုသာလျှင် ဗုဒ္ဒဘာသာ ပိုးကရင်များ၏ ထွက်ပေါက်တခု မြင်ခဲ့တယ်။ အကယ်၍ အထက်အောက် အပြန်အလှန် ကြိုတင် ညှိနှိုင်းခဲ့လျှင် သို့တည်းမဟုတ် ဗိုလ်ချုပ်မြ၏ ပဒေသရာဇ်ဆန်ဆန် တည်ဆောက်ထားသည့် အခွင့်အာဏာကို လျှော့ချနိုင်ခဲ့ကောင်းလျှင် အခုလို ပြောင်းလဲလာမှာ မဟုတ်တော့ချေ။

ကြုံတုန်း ပြောပြချင်သည်မှာ  … မောင်သာရ၏ တော်လှန်ရေးအနက်ဆိုတဲ့

“ ဆူးစူးဝင်၍ အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သနည်း။ ”

စကားလုံးက သူ မြန်မာပြည်ကနေ လွတ်မြောက်နယ်မြေကို ရောက်စမှာ  ပေါက်ဖွားလာတဲ့ သူ့၏ ဒဿန ဖြစ်သည်၊ ကဗျာဆရာ အောင်ဝေး၏

“ ရန်ငါ မပြတ်လို့ သံဃာ အသတ်ခံရတယ် ”

စကားလုံးလိုပေါ့ အနက် အားတွေရှိလှသည်။  သေချာတာက သူတို့တွေဟာ မြန်မာပြည်မှာ  သူ့အတွက် အကျိုးမရှိတော့ဘူးလို့ မြင်လိုက်တဲ့အချိန်မှာ ပြည်ပကို ထွက်ခွာလာတယ်။ အတိုက်အခံတချို့က သူ့အပေါ် အမြင်မရှင်းခဲ့ဘူး။ အမြင်မရှင်းခဲ့သည် ဆိုရာတွင်လည်း သူထွက်လာသည့်အချိန်၊ ရည်ရွယ်ချက်ဟာ သူ့အကျိုးအတွက်ပဲလို့ လူတွေက မြင်တယ်လေ။ ဒါကြောင့် ဝေဖန်ဒါဏ် အနည်းအများကို သူ ကောင်းကောင်း ခံစားရခဲ့တယ်။ ဒါကြောင့် ဆူးစူးဝင်တော့ အပ်နှင့် ထွင်သည့် စကားစုကို ဖေါ်ထုတ်ခဲ့တာ ဖြစ်လိမ့်မယ်။ ဟုတ်လဲ ဟုတ်တာပဲ နိုင်ငံရေးတွေ လာမပြောနဲ့ ငါ့ဘဝ လမ်းလျှောက်ဖို့အတွက် ငါ့ခြေထောက်မှာ ဆူးစူးနေသည်ကို ငါ့ အပ်နှင့် ငါထွင်သည်ဆိုတဲ့ သူ့အကျိုးဖြင့် ဆိုင်သော စကားလုံးတခု သူ့ ရင်ဘတ်အတွင်းမှ ထွက်ကြလာတာ ဖြစ်နိုင်တယ်။ ဆိုလိုတာက သူ့တကိုယ်ရည် ပုဂ္ဂုလိက တော်လှန်ရေး စကားစုတခုဟု ထင်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ  အားလုံးပါပဲ ကိုယ်ကျိုးစီးပွားနှင့် ယှဉ်လာရင် အဓိက ရည်မှန်းချက်တွေ မှေးမှိန် သွားရတယ်လေ။ ဒါလည်း ကချင်သူပုန်တွေကို ပြောနေသလို ဖြစ်နေရတယ်။ ကချင်တော်လှန်ရေး ရပ်တည်မှုဟာ အကြမ်းအားဖြင့် ကြည့်ရမယ်ဆိုလျှင် ထောက်ပို့လမ်းကြောင်းက တရုတ်နိုင်ငံဖြစ်တယ်။ တရုတ်ဟာ သူ့ အကျိုးအတွက် န.အ.ဖကို ရင်ချင်း အပ်လိုက်တဲ့အချိန်မှာ ကချင်သူပုန်အတွက် ဘေးကျပ်နံကြပ် ဖြစ်သွားခဲ့တယ်။ နောက်ဆုံး ဖိအားကတော့ န.အ.ဖ၏ လက်နက်နှင့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကြီးအောက်မှာ လည်စင်း ခံရလိုက်ရပါတော့တယ်။

 ဒီလိုနဲ့ ငြိမ်းအဖွဲ့အနေဖြင့် အသက်၁၀နှစ်လောက် လှုပ်ရှားခဲ့ပြီး ကချင်တပ်အတွင်း ပိုင်ဆိုင်မှုအတွက် သဘောထားကွဲလွဲမှု အမြောက်အများ ပေါ်ထွက်လာပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ရတယ်။ ဒီတော့ သူတို့၏ ထွက်ပေါက်ကို အသည်းအသန် ရှာဖွေလိုက်တဲ့အချိန်မှာ န.အ.ဖ၏ ဒုတိယ စကားလုံးဖြစ်တဲ့ လမ်းပြမြေပုံ အောက်ကို လိုလိုလားလား လျှို၀င်သွားရတဲ့ အဖြစ်ကို ရောက်ရရှာပြီး….

“ရွေးကောက်ပွဲအပြီး အရပ်သားရုပ်သေး အစိုးရတက်လာသည့် အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန် အသင့်ရှိကြောင်း  …..”

ဆိုတဲ့ ကချင်ငြိမ်း အဖွဲ့တွေရဲ့ စကားလုံးဟာ န.အ.ဖနှင့် မလျှော့မတင်း လုပ်နေတဲ့ ကျန်ငြိမ်းအဖွဲ့တွေ အတွက် သို့လော သို့လောတွေ ပေါ်ပေါက်လာခဲ့တယ်။ ကိုယ်က လမ်းကြောင်း စ ဖွင့်ပေးလိုက်သလို ဖြစ်သွားရရှာတယ်၊ နိုင်ငံရေး ဂွင်ထွင်ပြီး အကျိုးများများ ရအောင် လုပ်တာပဲ မြင်မိလိုက်တယ်။ ရင်လောက်မှန်းမှ ဒူးလောက် ကျန်သည့် စကားလိုပေါ့။

 ဥပမာအားဖြင့်  ရှမ်းပြည်မှာ ရှိတဲ့ သူပုန်အဖွဲ့များဟာ န.အ.ဖနှင့် အစောဆုံး “ ငြိမ်း” လိုက်တော့ အခွင့်အရေး အတော်များများဟာ တခြားအဖွဲ့များထက် ပို၍သာ အကျိုးစွားပွားများ ရရှိခံလိုက်တယ်လေ။ ဒါကို ကြည့်ပြီး ကချင်တွေလည်း န.အ.ဖ၏ နောက်ဆုံး စကားစု ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပထမဆုံး အနေဖြင့် လျော့ဈေးချပေးတာ ဖြစ်နိုင်လောက်တယ်။ အနည်းဆုံးတော့ ၅၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးများ ရမလားဆိုတဲ့ အတွေးများဖြင့်ပေါ့။ အင်း ဒါလည်း သူ့လူမျိုးအတွက် ချစ်လွန်းလို့ လုပ်လိုက်တယ်လို့ အကောင်းဖက်ကပဲ မြင်ရမလို ဖြစ်နေရပါပြီ။

ချြ့တွေးရင် သူတို့ခမျာ မှာလည်း ပစ်ဖို့ ကျည်ဆံကုန်နေပြီလေ။ တရုတ်ဖက်က ပိတ်ထားတာ၊ နောက်ပြီး  ဓါတ်ငွေ့ကို တရုတ်ကို ပိုက်လိုင်းဖေါက်ပြီး ရောင်းချရမယ်ဆိုတော့ ပိုက်လိုင်းလမ်းကြောင်းဖြစ်တဲ့ ကချင်ရဲ့ နယ်မြေအတွင်း လှုပ်ရှားနေတဲ့ အဖွဲ့အားလုံးဟာ တရုတ်ဖိအားဖြင့် စစ်အစိုးရကို မချစ်သောလဲ အောင့်ကာနမ်း ကြရမည် ဖြစ်သည်။ ဒီလိုဆိုတော့ တရုတ်ဆန္ဒအရ လက်နက်စွန့်ရမှာက သေချာသလောက်ပင်။

ဒေသဆိုင်ရာ အနေအထားအရ တရုတ်အကျိုးစီးပွား အကြီးအကျယ် မထိခိုက်သော ၀ ဒေသအတွင်း လှုပ်ရှားနေသည့် ( ငြိမ်း ) ၀ သူပုန်တွေဟာ  န.အ.ဖ အစိုးရနှင့် စစ်အေးတိုက်ပွဲ ပုံစံဖြင့် နိုင်ငံရေး ကစားခွင့် တော့ရရှိနေတယ်။ ၀ အဖွဲ့ဟာ သူတို့၏ အခြေခံဒေသများ တိုးချဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများကို တိုးတက် တောင်းဆိုနေသည်ကို တွေ့ရှိ့ရသည်။
နောက်ပြီး တရုတ်နိုင်ငံ အနေဖြင့် ၀ တပ်ဖွဲ့ကို လက်နက်ချသည့်အထိ ဖိအား ပေးနိုင်လိမ့်မည် မထင်၊ ၀  ဒေသသည် တရုတ်၏ အကျိုးစီးပွားဖြစ်သော ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းသည့် နေရာများနှင့် ဝေးစွာ တည်ရှိနေတယ်။ နောက်တခုက ၀ ဒေသ၏ မူးယစ်ဆေးဝါးများကို တရုတ်နိုင်ငံအတွင်း မပျံ့နှံနိုင်အောင် ထိန်းချုပ်နိုင်ရန် တရုတ် အာဏာပိုင်များအနေဖြင့် ၀ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်များနှင့် နီးကပ်စွာ ရှိနေမှာတော့ သေချာသည်။

ဒါကြောင့် တရုတ်အနေဖြင့် ၀ သူပုန်အဖွဲ့ကို ပုံစံတခုဖြင့်တော့ ကူညီ ထောက်ပံမှုတွေ ပေးရမည့် အနေအထားဖြစ်တယ်။  နောက်တခုက တရုတ်နိုင်ငံရဲ့ စစ်ရေးဗျူဟာအရ မြန်မာနိုင်ငံအတွက် ၀ တပ်ဖွဲ့ကို ၀ှက်ဖဲ တချပ်လိုပင် အသုံးပြုနိုင်သေး၏။ ၀ တပ်ဖွဲ့သည်လည်း တရုတ်ကို နီးကပ်စွာပေါင်းသင်းပြီး ဒေသအတွင်း၌ သူတို့၏ ပိုင်ဆိုင်ခွင့် ဒေသများ တိုးတက် တောင်းဆိုခြင်းဖြင့် စစ်အစိုးရကို အကျပ်ကိုင်မှာ သေချာသည်။

နောက်….တခုမှာ မူးယစ်ဆေးဝါး ပြဿနာဟာ ထိုင်းနိုင်ငံအတွက် အတော်ဆိုးဝါးစွာ ခံစားနေရတယ်။ မြန်မာပြည် ပြည်တွင်းစစ်ရှိနေပါက မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံအတွင်း ဈေးကွက်ဟာ အထူးရှင်သန် နေတယ်လို့ ထိုင်းအစိုးရက ယုံကြည်နေ၏။ ထိုင်းနိုင်ငံအတွင်း သုံးစွဲနေသည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် ထိုင်းနိုင်ငံမှ မာဖီးယားဂိုဏ်များထံမှ၎င်း၊ မြန်မာပြည်မှ  ငြိမ်းချမ်းရေးယူထားသည့် လူမျိုးစုတပ်ဖွဲ့များနှင့် ဆက်လက် တိုက်ခိုက်နေသည့် လူမျိုးစု သူပုန်အဖွဲ့များမှ လာသည်ဟု ၎င်းတို့က ယူဆနေသည်။ ဒါကြောင့် ရှမ်းပြည်တောင်ပိုင်းအဖွဲ့ကို ဖြစ်တဲ့နည်းဖြင့် ထိန်းချုပ်မှာပဲ။ သူပုန်တွေဖက်က မူးယစ်ဆေးဝါးနှင့် မရပ်တည်ဘူးဟု ဖြေရှင်းချက်ထုတ်သော်လည်း ထိုင်းအနေဖြင့် သူ့အကျိုးကို ကြည့်ပြီး အင်အားချိနေသည့် တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအားပေးနည်းလမ်းဟာ သူတို့ နိုင်ငံအကျိုးအတွက် အကောင်းဆုံးရလဒ် ဖြစ်လာခဲ့သည်။ ဒီနည်းလမ်းဟာလည်း န.အ.ဖ၏ ဖိအားတခုလို့ မြင်သည်။
နောက်ဆုံးမှာတော့ အမေကျော်ပြီး ဒွေးတော်လွမ်းပဲ ဆိုဆို၊ အဖေကျော်ပြီး ဘကြီးတော် တမ်းတပဲ ပြောပြော ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဖိအားကိုပဲ မျှော်မှန်းတမ်းတ  မလိုလို ဖြစ်ရတဲ့အဖြစ် ကိုတော့ ဆိုက်ရောက် လာလေတော့သည်။

“မြန်မာ စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများအပေါ် တင်းကျပ်ထားမှုများ လျှော့ပေးလျှင် လာမည့်လ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဒါဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပကောင်စီက မဲပေးနိုင်သည်…”



“အမေရိကန် ပြည်ထောင်စု၏ မြန်မာ စစ်အစိုးရအပေါ် ထားရှိခဲ့သည့် ပေါ်လစီ မပြောင်းမခြင်း အတိုက်အခံများနှင့် စစ်အစိုးရဟာ တွေ့ဆုံဆွေးနွေးရေးကို အမေရိကန်က ဖိအားပေးမည် ”



ဆိုသော သတင်းများဟာ ရသေ့စိတ်ဖြေသလို အားရလောက်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဖြင့် အပြီးသတ် အောင်ပွဲဆင်မည့် မြန်မာ့အတိုက်အခံ တပ်ဖွဲ့များနှင့် တိုင်းရင်းသား သူပုန်အဖွဲ့များ၏ မတူကွဲပြားသော အနေအထားတွေကြောင့် နိုင်ငံတကာကို အားကိုးရမည့် အနေအထား ဆိုက်ရောက်လာခဲ့သည်။

သည်လို ထင်မြင်လိုက်သည် ကလည်း စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုသည် လမ်းပြမြေပုံအား ဘောင်တခုချပြီး တဖက်သတ် ဆွေးနွေးနေတာက  ပြည်တွင်း နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်သည့်အတွက် ဖြစ်တယ်။
 နိုင်ငံတကာ၏ တောင်းဆိုနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများကို လွှတ်ပေးပြီး နိုင်င့ံပြဿနာများကို ဖြေရှင်းမှသာ တိုင်းပြည် ရေရှည်ကောင်းမွန်လာမည် ဖြစ်ကြောင်း လွှင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here