ရန်ကုန် ဘတ်စ်ကား လိုင်းများတွင် ခါးပိုက်နှိုက်မှုများ တိုးပွားလာနေ

alt

၂၀၀၈ ခုနှစ်မှစပြီး ရန်ကုန်မြို့ ဘတ်စ်ကား လိုင်းများတွင် ခါးပိုက် နှိုက်မှုများ ပြန်လည် များပြားလာကြောင်း ပြည်တွင်း သတင်းဂျာနယ် တစောင်ဖြစ်သည့် Popular ဂျာနယ်က ရေးသား ဖော်ပြခဲ့သည်။

ဂျာနယ် အတွဲ(၉)၊ အမှတ်စဉ်(၁) တွင် ပါရှိသည့် အချက်အလက်များ အရ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၀၇၊ ၃၃၊ ၃၄၊ ၆၂နှင့် ၃၈ ယာဉ်လိုင်းများတွင် အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

ခါးပိုက်နှိုက် များသည် ဖော်ကောင် လုပ်သူအား တိုက်ခိုက်တတ်သည့် အတွက် အချို့ ကားစပယ်ယာ များက သိသိကြီးနှင့် မပြောရဲကြောင်း ဂျာနယ်တွင် ဖော်ပြထားသည်။ (၃၈) ယာဉ်လိုင်း နှင့် (၁၀၇) ယာဉ်လိုင်းတို့မှ စပယ်ယာ နှစ်ဦးသည် ခါးပိုက်နှိုက်များ ရန်ပြုမှုကို ကိုယ်ထိ လက်ရောက် ခံခဲ့ ရဖူးသလို ကားပေါ်တွင် ခါးပိုက် နှိုက်နေသည်ကို တွေ့ရှိသဖြင့် ၀င်ပြောသော လူငယ်တဦးမှာလည်း လူပြတ်သော လမ်းမ တနေရာတွင် ခါးပိုက်နှိုက် နှစ်ဦးက ထိုးကြိတ်သည်ကို ခံခဲ့ရသည်။

အချို့သော ခါးပိုက်နှိုက် များသည် အသင်းအဖွဲ့နှင့် လှုပ်ရှားတတ်ပြီး ဘတ်စ်ကား ပေါ်တွင် ဆူဆူညံညံ ကိစ္စမျိုး ဖန်တီးကာ လူအများ အာရုံစိုက်အောင် အဖွဲ့ဝင်များက ဇာတ်လမ်းဆင်ပြီး လူအများ အာရုံလွဲ နေချိန်တွင် ပစ်မှတ်ဆီသို့ အခြားတဦးက ခါးပိုက်နှိုက် လေ့ရှိကြောင်း သိရသည်။ ယခု နောက်ပိုင်းတွင် ပိုက်ဆံအိတ်များ အပြင် မိုဘိုင်းလ်ဖုန်း များပါ ခါးပိုက် နှိုက်ခံရမှု များပြား လာနေကြောင်း ဂျာနယ်က ရေးသားထားသည်။

ထို့အပြင် ခါးပိုက်နှိုက် နှိမ်နင်းရေး အတွက် ဖွဲ့စည်း ထားသည့် ရဲအဖွဲ့ များသည်လည်း ယာဉ်လိုင်းများ အတွင်း ကိုယ်ယောင်ဖျောက် ရောနှောကာ ခါးပိုက်နှိုက် များအား စောင့်ကြပ် ဖမ်းဆီးမှုများ စတင် လျှက်ရှိကြောင်း သိရသည်။

ထို ကိစ္စအတွက် ယာဉ်လိုင်းများမှ ဒရိုင်ဗာ နှင့် စပယ်ယာများက ကြိုဆိုလျှက် ရှိပြီး အာဏာပိုင်အဖွဲ့အစည်းများ၏ ကြပ်မတ် ဆောင်ရွက်မှုဖြင့် ခါးပိုက်နှိုက်မှုများ သိသိသာသာ လျော့နည်း ကျဆင်းသွားရန် မျှော်လင့်ကြောင်း Popular သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်ဟု ဂျာနယ် အတွင်း ဖော်ပြ ပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here