ငါး အဆီက ဆီးကြိတ် ကင်ဆာကို ဟန့်တားနိုင်

alt

အဆီဓာတ် များများပါသော ငါးများ စားခြင်းကြောင့် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်း သွားကြောင်း သုတေသီများက နည်းလမ်း တွေ့ရှိခဲ့ပြီ ဖြစ်သည်။

အဆီများသည့် ဆော်လမွန် ကဲ့သို့ ငါးများတွင် ပါ၀င်သည့် Omega-3 အက်ဆစ်သည် ဆီးကြိတ် ကင်ဆာ၏ ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးကြောင်း ဆရာဝန်များက ဖော်ထုတ် နိုင်ခဲ့သည်။

Omega-3 သည် သာမန်အားဖြင့် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေကို (၆၀)ရာခိုင်နှုန်းမျှ ဖြတ်တောက် လျှော့ချပေးနိုင်သည့် စွမ်းရည်ရှိသည်။ ဆန်ဖရန်စစ္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပညာရှင်များသည် ဆီးကြိတ်ကင်ဆာ ဝေဒနာရှင် အမျိုးသား (၄၆၆)ဦး နှင့် ကျန်းမာရေး ပြည့်ဝ ကောင်းမွန်သည့် အမျိုးသား (၄၇၈)ဦး တို့၏ နေ့စဉ် နေတိုင်း စားသောက်မှု ဓလေ့များကို နှိုင်းယှဉ် လေ့လာခဲ့ပြီး ယခုစစ်တမ်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

တပါတ်လျှင် တကြိမ်ထက်ပိုပြီး အဆီပါသော ငါးများ စားပေးလျှင် ကင်ဆာ ကာကွယ်မှုအတွက် ပိုမိုအကျိုး သက်ရောက်မှု များပြား လာစေကြောင်း သုတေသီအဖွဲ့ ခေါင်းဆောင် ပရော်ဖက်ဆာ ဂျွန်ဝိက ရှင်းပြခဲ့သည်။ ဆီးကြိတ် ကင်ဆာသည် COX-2 ခေါ် ဗီဇ ဆဲလ်တမျိုးနှင့် ဆက်နွယ်နေပြီး COX-2 ပမာဏ မြင့်လာလေလေ၊ ကင်ဆာခြိမ်းခြောက်မှု များလာ လေလေဟု ရှင်းပြခဲ့သည်။

Omega-3 သည် COX-2 ကို ဟန့်တားရာတွင် အကျိုးရှိပြီး နေ့စဉ် Omega-3 အက်ဆစ် ဂရမ်ဝက်မျှ စားသုံး ပေးပါက ဆီးကြိတ် ကင်ဆာကို အထိရောက်ဆုံး ကာကွယ် နိုင်ဖွယ်ရှိကြောင်း ပညာရှင်များက ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here