ပုဂ္ဂလိက ပုံနှိပ် မီဒီယာများ အပေါ် ပြည်သူများ ဖတ်ရှုမှု မြင့်တက်

alt

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပုံနှိပ်သတင်း မီဒီယာတို့၏ အခန်းကဏ္ဍ လျော့ကျ လာသော်လည်း ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့သော ရံဖန်ရံခါ သတင်းလွတ်လပ်မှု အနည်းငယ်မျှ သာရှိသော မြန်မာနိုင်ငံတွင်မူ ပုဂ္ဂလိက ပုံနှိပ် သတင်း ဂျာနယ်၊ မဂ္ဂဇင်းများ အပေါ် သတင်း အတွက် မှီခိုအားထားရမှုမှာ

အံ့ဩလောက်ဖွယ် မြင့်မားလျှက် ရှိကြောင်း Weekly Eleven News Journal မှ ကောက်ယူခဲ့သော စစ်တမ်းအရ သိရှိခဲ့ရကြောင်း ယခုအပါတ် ( မတ်လ ၂၅, ၂၀၀၉ ) ထုတ်ဝေသော Weekly Eleven News Journal ဂျာနယ် တွင် ဖေါ်ပြထားသည်။

ယင်းဂျာနယ်တွင် ဖေါ်ပြထားချက်အရ ၎င်းတို့ လွတ်လပ်စွာ ကောက်ယူခဲ့သော စစ်တမ်းများ အရ နေ့စဉ် သတင်း ရရှိရန် အားထားရမှုတွင် ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်း (အထူးသဖြင့် သတင်းဂျာနယ်များ) သည် အခြား TV ( ပြည်တွင်းမှ MRTV၊ MWD၊ MRTV 4၊ ပြည်ပမှ CNN ၊ BBC ၊ CNA ၊ DVB တို့အပါအဝင်)၊ အင်တာနက်၊ သတင်းစာ၊ ရေဒီယို (မြန်မာ့ အသံ၊ RFA၊ BBC ၊ VOA) တို့ထက် လေး၊ ငါးဆ သာလွန်ခဲ့ကြောင်း ပါရှိသည်။

လူပေါင်း ၁၆၀၀ ကျော်ကို ကောက်ယူခဲ့သော စစ်တမ်းအရ လူ ၁၆၀၀ တွင် ၁၃၈၅ ဦး၊ ၈၆ ဒသမ ၅ ရာခိုင်နှုန်းက ဂျာနယ် မဂ္ဂဇင်းများ ကို သတင်းအတွက် ဖတ်ရှုကြောင်း ဖြေပေးခဲ့ကြပြီး ရုပ်သံမီဒီယာက ဒုတိယ၊ အင်တာနက် သတင်းက တတိယနေရာ၌ ရှိနေခဲ့သည်။ သတင်းစာ နှင့် ပြည်တွင်း၊ ပြည်ပရေဒီယိုတို့မှာ အဆင့်လေး၊ ငါးတို့၌ အတူတကွ ရှိနေခဲ့ကြသည်။

ကောက်ယူရရှိမှု၌ မြို့ကြီးများမှ သတင်း စိတ်ဝင်စားသူ ၆၀ ရာခိုင်နှုန်းခန့် ပါ၀င်ပြီး နယ်မြို့များနှင့် ကျေးရွာများမှ ၄၀ ရာခိုင်နှုန်း ပါ၀င်သည်။ အသက်အရွယ် မှာ အငယ်ဆုံး ၁၆ နှစ်မှ ၈၀ ကြား၌ရှိပြီး ပညာအရည် အချင်းမှာမူ အခြေခံပညာ မူလတန်းအဆင့်မှ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဆေးပညာပါရဂူဘွဲ့ အထိ လူတန်းစားအမျိုးမျိုး ပါ၀င်ကာ အမျိုးသား ရ၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါ၀င်၍ ဖြေဆိုသူများသည် အမည်ကို ထည့်သွင်း ဖြေဆိုရန်မလိုဘဲ လွတ်လပ်စွာ ဖြေကြားခဲ့ ကြောင်း ရေးသား ထားခဲ့သည်။

ပရိသတ်များက ပထမဦးစားပေး အနေဖြင့် ရွေးချယ် ဖြေဆိုခဲ့သော မီဒီယာတွင်လည်း ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းများက ၅၀ ရာခိုင်နှုန်း၊ တီဗီသတင်း (ပြည်တွင်း၊ ပြည်ပ) များက ၁၃ ဒသမ ၂၅ ရာခိုင်နှုန်း၊ အင်တာနက် ကြည့်ရှုသူက ၁၂ ဒသမ ၁၈ ရာခိုင်နှုန်း၊ သတင်းစာ ဖတ်ရှုသူက ၁၀ ဒသမ ၀၆ ရာခိုင်နှုန်း၊ ရေဒီယို (ပြည်တွင်း၊ ပြည်ပ)နားထောင်သူက ၉ ဒသမ ၈၅ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။ ယခု စစ်တမ်းသည် မြို့ကြီးများကို အခြေခံ၍ ကောက်ယူထားခြင်း ဖြစ်ပြီး ကျေးလက်ဒေသအချို့မှ ကောက်ယူရရှိမှု နည်းပါးခဲ့သည်ဟု ၎င်းတို့ ၏ လစ်ဟာမှုကို ဝန်ခံပြောဆိုလိုက်သည်။

ဖြေဆိုသူများ၏ ဦးစားပေး ဖြေဆိုမှုနှင့် ဂျာနယ်များ၏ ပျံ့နှံ့မှုပမာဏ အရ အများပြည်သူတို့ ပုဂ္ဂလိကဂျာနယ် များကိုအားထား ဖတ်ရှုနေကြသည်မှာ မှန်ကန်ကြောင်း ဖေါ်ပြထားပြီး၊ ပြည်ပတွင် စာပေ သားသတ်ကွင်းဟု ထင်ရှားသော ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနနှင့် သတင်း မီဒီယာလောက တို့အကြား သဟဇာတဖြစ်မှု ရှိလာခြင်းကလည်း အရေးပါကြောင်း ဖေါ့၍ ရေးသားထားသည်။

၁၉၈၈ ခုနှစ် ၀န်းကျင်ခန့်က ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေခွင့်ပြုခဲ့သည်မှာ ဂျာနယ်၄၁ စောင်၊ မဂ္ဂဇင်း၁၃၈ အုပ်သာ ရှိခဲ့သော်လည်း ၂၀၀၂ ခုနှစ်တွင် ဂျာနယ်မဂ္ဂဇင်းထုတ်ဝေ ခွင့် ၂၈၃ စောင်၊ ၄၄၃၁ အုပ် အထိရှိလာ ခဲ့ကြောင်း ဖေါ်ပြကာ နောက်ပိုင်း၂၀၀၅ မှ ၂၀၀၈ ခုနှစ်အထိ ကာလများတွင် ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေခွင့် ၃၉၉ စောင်၊ ၆၄၉၇ အုပ် အထိရှိလာသည်ဟု ရေးသားထားသည်။ နောက်ပိုင်းတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ အမှန်တကယ် ထုတ်ဝေ သူများကိုသာ ထုတ်ဝေခွင့်ပြုခဲ့ပြီး အမှန်တကယ် ရပ်တည်နိုင်ခြင်း မရှိသော၊ ထုတ်ဝေခြင်း မရှိသည်များကို စိစစ်ဖျက်သိမ်း ခြင်းများပြုလုပ်ခဲ့သည်ဟု မှတ်ချက်ပြုထားသည်။

ဂျာနယ်များ ထုတ်ဝေမှု ပုံသဏ္ဍန်အချို့ ယခင် နှင့် ကွဲပြားခဲ့သည်မှာလည်း အချက်တချက် အဖြစ် ပါ၀င်ခဲ့ကြောင်း ယခင်က ထုတ်ဝေခွင့် ရရှိသူ အချို့မှာ ယခုကာလကဲ့သို့ ကိုယ်တိုင် အမှန်တကယ် ထုတ်ဝေလုပ်ကိုင်သူများ မဟုတ်ဘဲ ရရှိပြီး ထုတ်ဝေခွင့်ကို တဆင့်ပြန်လည် ငှားရမ်းခြင်းများသာ များပြားခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခင်ကဲ့သို့ မဟုတ်ဘဲ အမှန်တကယ် လုပ်ကိုင်သူများ လက်ထဲတွင် ထုတ်ဝေခွင့်များ ရရှိလာသည်ကိုလည်း မီဒီယာလောက အတွင်း၌ မီဒီယာအုပ်စုကြီးများ တည်ထောင်ထုတ်ဝေ လာကြခြင်း က သက်သေပြလျှက် ရှိကြပြီး၊ ယနေ့ ကာလတွင် တနှစ်အတွင်း ဂျာနယ်မဂ္ဂဇင်း စုစုပေါင်းထုတ်ဝေမည့် စာအုပ် ၆၀၀၀ ကျော်ရှိပြီး နေ့စဉ်ထွက်ရှိနေသော အပတ်စဉ်ထုတ် ဂျာနယ်အမျိုးအစား မှာ၁၈၉မျိုး အထိ ရှိနေသည်ကိုတွေ့ရသည် အထောက်အထားများဖြင့် ဖေါ်ပြလိုက်သည်။

‘ပုဂ္ဂလိကစာနယ်ဇင်း (အထူးသဖြင့် ဂျာနယ်တွေ) ရဲ့ ရောင်းအားတက် လာတယ်ဆိုတာသေချာပါတယ်။ ဈေးကွက် ကိန်းဂဏန်းရ ထုတ်ပြန်ရခက်ခဲ ပေမယ့် ကျွန်တော်တို့ ဂျာနယ်တွေရဲ့ ဈေးကွက် အခြေအနေအရ ဂျာနယ်တွေရဲ့ စုစုပေါင်းစောင်ရေဟာ သုံးနှစ်အတွင်း နှစ်ဆခွဲလောက် တက်လာတယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ကျွန်တော် တို့ Eleven Media Group က ထုတ်ဝေတဲ့ အားကစားဂျာနယ်ဟာ ဂျာနယ်ဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းသာ ရှိပေမယ့် အခု ၂၀၀၉ မှာဈေးကွက်ရဲ့ ခုနစ်ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ သတင်းဂျာနယ်တွေ စောင်ရေ တက်လာတာကြောင့် အပြောင်းအလဲ မရှိဘဲ ဂျာနယ်ဈေးကွက်ဟာ သုံးနှစ် အတွင်း နှစ်ဆခွဲ၊ သုံးဆလောက် တက်လာတယ်လို့ ခန့်မှန်းပါတယ်’ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်ဟု အသေးစိတ် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

( သတင်း Source -ဝိ့ကလီး အီလဲဗင်း ဂျာနယ်)

LEAVE A REPLY

Please enter your comment!
Please enter your name here