ဗိုလ်ချုပ်သန်းရွှေ ဘယ်လမ်းလိုက်မလဲ

alt

အခုတလော နအဖရဲ့ နိုင်ငံတကာဆက်ဆံရေး ခြေလှမ်းတွေ သွက်နေပါတယ်။ နအဖဟာ အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဆက်ဆံရေးတွေကို ကောက်ခါငင်ခါ လုပ်လာလို့ပါဘဲ။ နအဖ ခြေလှမ်းတွေမှာ သူကိုယ်တိုင်က အပြောင်းအလဲဖြစ်လိုတဲ့ သဘောတွေ ရှိနေပါတယ်။ ပုံမှန်သွားနေတဲ့ လမ်းပြမြေပုံကို ဦးတည် နေတာ ဖြစ်ပေမယ့်

ခြေလှမ်း လှမ်းပုံတွေမှာ ထူးခြားနေတယ်လို့ သုံးသပ်ရပါတယ်။ အဓိကအချက်ကတော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC- International Criminal Court) က ဆူဒန် စစ်အာဏာရှင် ဘာရှီးယား (Bashir)ကို ဖမ်းဝရမ်း ထုတ်လိုက်တာနဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။ ဆူဒန်ကို ICC က စတင်အရေးယူပြီဆိုရင် နောက်အလှည့် သူတို့များ ဖြစ်လေမလားလို့ ကမာ္ဘ့အဆိုးဝါးဆုံး အာဏာရှင်တွေက တွေးလာကြတော့မှာပါ။ မြန်မာနိုင်ငံက ဗိုလ်ချုပ်သန်းရွှေလည်း ဒီကိစ္စကိုမတွေးပဲ နေနိုင်မှာတော့ မဟုတ်ပါဘူး။

ဆူဒန်သမတ ဘာရှီးယားဟာ ၂ဝဝ၃ ခုနှစ်ကတည်းကစပြီး တောင်ပိုင်း ဒါဖား (Darfur) ဒေသက အစိုးရဆန့်ကျင်သူတွေကို ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေး မယူမီအထိ ရက်ရက်စက်စက် တိုက်ခိုက်နေခဲ့ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးမှာ အရပ်သားတွေအပေါ် စနစ်တကျ စီစဉ်ထားတဲ့ အတိုင်း မုဒိမ်းမှု၊ လူသတ်မှုနဲ့ အခြားရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ နိုင်ငံအစိုးရ ကိုယ်တိုင်က ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်နေတာတောင် လုံခြံုရေးကောင်စီက ဘာမှ မတားဆီးနိုင်ပဲ ဖြစ်နေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆူဒန်ကို အရေးမယူ နိုင်အောင် ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ တရုတ်က ဟန့်တားပိတ်ဆို့နေလို့ ဖြစ်ပါတယ်။ ဒါဟာ ယဉ်ကျေးလာတဲ့ ခေတ်သစ် ကမာ္ဘ့သမိုင်းမှာ အတော့်ကိုဆိုးဝါးတဲ့ အဖြစ်ပါဘဲ။ နောက်ဆုံးမှာတော့ ဘာရှီယားကို နိုင်ငံတကာ တရားရုံးကနေ အရေးယူရတဲ့ပုံစံ ဖြစ်သွားပါတယ်။

ဆူဒန်နိုင်ငံဟာ ICC မှာ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ သွားရောက် အစစ်ဆေးခံစရာ မလိုဘူးလို့ ဘာရှီးယားက ခုခံ ပြောဆိုပါတယ်။ ဒီအခါမှာ ICC က ဘာရှီးယားကို ဖမ်းဝရမ်း ထုတ်လိုက်ပါတော့တယ်။ ဆူဒန်သမ္မတ ဘာရှီးယားကို တွေ့ရင်ဖမ်းပေးကြဖို့ ICC က နိုင်ငံတကာ တိုင်းပြည်များကို တိုက်တွန်းထားပါတယ်။

မြန်မာ၊ ဇင်ဘာဘွေ၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံတွေမှာလည်း အစိုးရကိုယ်တိုင်က စနစ်တကျ စီစဉ်ပြီး လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) တွေ အမြောက်အမြား ရှိနေခဲ့ပါတယ်။ သက်သေတွေလည်း ရှိလာနေခဲ့ပါပြီ။ ဆူဒန်ခေါင်းဆောင် ဘာရှီယားကို ICC က နိုင်ငံတကာ တရားရုံးတင်ရသလို ကျန်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေကိုလည်း ICC က ခုံရုံးတင်ရဖို့ ရှိနေပါပြီ။ ဒါမှသာ အစိုးရတွေက အာဏာအလွဲသုံးစားလုပ်ပြီး သူတို့နိုင်ငံသားတွေကို စနစ်တကျ နှိပ်စက်တဲ့ ရာဇဝတ်မှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် ကမာ္ဘ့အဆိုးဝါးဆုံး အာဏာရှင်စာရင်းကို ၂၃-၃-၂ဝဝ၉ နေ့မှာ ဝါရှင်တန်ပို့စ် အပတ်စဉ်မဂ္ဂဇင်း (Washington Post weekend magazine Parade) က ထုတ်ပြန်လိုက်ပါတယ်။

 

ခေါင်းဆောင်

နိုင်ငံ

၂ဝဝ၉ ခုနှစ် အဆင့်

၂ဝဝ၈ ခုနှစ် အဆင့်

မူဂါဘေး

ဇင်ဘာဘွေ

ဘာရှီးယား

ဆူဒန်

ကင်ဂျုံအီးလ်

မြောက်ကိုးရီးယား

သန်းရွှေ

မြန်မာ

အဗ္ဗဒူလာ

ဆော်ဒီအာရေဗျ

ဟူဂျင်တောင်း

တရုတ်

 

ICC က ဖမ်းဝရမ်းထုတ်ထားတာကို ဘာရှီးယားက အံတုပြီး တပါတ်ထဲမှာ အဲရီထရီးယား (Eritrea)နဲ့ အီဂျစ်ကို သွားပြလိုက်ပါတယ်။ ICC အဖွဲ့ဝင်အဖြစ် လက်မှတ်မထိုးတဲ့ နိုင်ငံ တွေကို တိုက်ရိုက်သွားလို့ ရပေမယ့် ICC အဖွဲ့ဝင် နိုင်ငံတွေကို ဖြတ်သွားရင်တော့ အဖမ်းခံ ရမှာ ဖြစ်ပါတယ်။ တကမာ္ဘလုံးမှာ ICC အဖွဲ့ဝင်နိုင်ငံပေါင်း (၁ဝ၈)နိုင်ငံ ရှိနေပြီး နောက်ထပ် နိုင်ငံပေါင်း (၄ဝ)ကလည်း လက်မှတ်ထိုးပြီးပေမယ့် အတည်ပြုဖို့ စောင့်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ တနည်းအားဖြင့်ဆိုရင် ဆူဒန်စစ်အာဏာရှင်အတွက် အနည်းဆုံး နယ်ကျဉ်း သွားရပါပြီ။

မြန်မာစစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေလည်း ဘာရှီးယားလို ICC ဖမ်းဝရမ်း ထုတ်ခံရရင် ဘယ်လိုဖြစ်သွားမလဲလို့ တွေးကြည့်နိုင်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂ (EU)နဲ့ အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာထက်ပိုဆိုးပါတယ်။ တွေးကြည့်လို့ ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက (၃)ချက်ကို အလွယ်တကူတွေးလို့ ရနိုင်ပါ တယ်။

ပထမအချက်က အဖမ်းခံ၊ ခုံရုံးတင် အပြစ်ပေးခံရမယ့်ကိစ္စပါ။ ဒါက အရှင်းဆုံးဖြစ်ပါတယ်။ နိုင်ငံပြင်ပကို ထွက်ဖို့ မလွယ်တော့သလို နိုင်ငံတွင်းမှာလည်း အတိုက်အခံတွေအတွက် နိုင်ငံရေးချိန်ခွင်လျှာ အားသာစေမယ့်အချက် ဖြစ်ပါတယ်။

သေချာပေါက်ဖြစ်လာနိုင်မယ့် ဒုတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံထားရသူတဦးအနေနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ သမတ (ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်လိုမျိုး အဆင့်မြင့်ရာထူးကို ထမ်းဆောင်ဖို့ အတော်ခဲယဉ်းသွားမယ့် ကိစ္စပါ။ နိုင်ငံတကာကလည်း ဝိုင်းဝန်းရှံု့ချမယ့်အပြင် ပြည်တွင်းမှာလည်း လူထုက သူ့ကို အပြစ်ဖို့ လှောင်ပြောင် ဟားတိုက်နေကြတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း ပြဿနာတွေ ရှုပ်ထွေး လာနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ဖမ်းဝရမ်းထုတ်ခံရတာကို အကြောင်းပြုပြီး သူ့ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုသူတွေ ရှိလာနိုင်ပါတယ်။ သူ့လိုမျိုး ရာထူး၊ အာဏာ၊ အခွင့်အရေး၊ စည်းစိမ် ခံစားချင်သူတွေကလည်း ထိုင်ခုံလုလာကြဖို့ ရှိနိုင်ပါတယ်။ ဒီကိစ္စလောက်နဲ့တင် ဗိုလ်ချုပ်သန်းရွှေ တယောက် ဘယ်လောက်တုန်လှုပ် ခြောက်ခြားနေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။

တတိယအချက်ကတော့ ICC ဖမ်းဝရမ်း ထုတ်ခံရသူ၊ နိုင်ငံတကာ ဝရမ်းပြေး စတဲ့ အမည်းစက်ကြီးက မြန်မာနိုင်ငံ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခံရတော့မှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေး သိမ်မွေ့တဲ့ ဓလေ့စရိုက်နဲ့ ဗုဒ္ဓဘာသာပါ နာမည်ပျက်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။ ပုဂ္ဂိုလ်ရေးရာ၊ တပ်မတော်ရေးရာ၊ နိုင်ငံတကာဆက်ဆံမှု အနေအထား အစရှိတာတွေ အကုန်လုံးလိုက်ပြီး နာမည်ပျက်နိုင်တာကိုလည်း ယထာဘူတ ကျကျ ဆက်တွေးလို့ ရနိုင်ပါသေးတယ်။

ICC ဖမ်းဝရမ်း ထုတ်ခံရတာကို အာဆီယံနဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့ကလည်း အကာအကွယ် မပေးနိုင် ပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း မတတ်နိုင်ပါဘူး။ လုံခြံုရေးကောင်စီရဲ့ ဗီတို ပိုင်ရှင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဗိုလ်ချုပ်သန်းရွှေရဲ့ ပုဂ္ဂိုလ်ရေးရာအတွက် ICC နဲ့ ဆန့်ကျင်ပြီး နောက်ထပ် တကြိမ် ခုခံကာကွယ်ပေးဖို့ကလည်း အတော့်ကို စဉ်းစားရမယ့် ကိစ္စပါ။

“မြန်မာ့အရေးဟာ နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ရမယ့်ကိစ္စ (International issue) ဖြစ်နေပြီ”လို့ တရုတ်က အခုကတည်းကတောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာနေပါတယ်။ ဒီလိုပြောတာ ပထမဦးဆုံး အကြိမ်ပါ။ မြန်မာပြည်ထဲမှာ ဘယ်လောက်ဘဲ ဆိုးဆိုးဝါးဝါးဖြစ်နေနေ၊ “ဒါဟာ မြန်မာ့ပြည်တွင်းရေးကိစ္စပါ”လို့ အမြဲတမ်း ဘက်လိုက် ကာကွယ်ပေးနေခဲ့တဲ့ တရုတ်ပေါ်လစီက အခုဆိုရင် ပြောင်းလဲစပြုလာတဲ့သဘောလို့ သုံးသပ်စရာ ဖြစ်ရပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြေလည်အောင်ရေး ကိစ္စတွေကို ပိုပြီး ရဲရဲတင်းတင်းလုပ်ဖို့၊ အခွင့်ကောင်းကို လက်လွှတ်မခံဖို့ နအဖဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်ကို တရားဝင်ဖိတ်ခေါ်ပြီး လူသိရှင်ကြား တိုက်တွန်းသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကို နအဖက ပြန်လည်ဆက်သွယ်ရာမှာ စင်ကာပူက အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ကြားဝင် လမ်းခင်းပေးနေခဲ့ပါတယ်။

ဒီကြားထဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့အဖွဲ့ကလည်း အိမ်ဖြူတော်ကိုသွားရောက်ပြီး သမတသစ် အိုဘားမားကို သွားရောက်တွေ့ဆုံတဲ့ အခါမှာ မြန်မာ့အရေးကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်း ကလည်း ဧပြီလ(၁၈)ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

စင်ကာပူ မရောက်ခင် ဗိုလ်ချုပ်သိန်းစိန်ဟာ အင်ဒိုနီးရှားသမတ ဆူစီလို (Susilo Bambang Yudhoyono) နဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဟီလာရီ ကလင်တန်နဲ့ အင်ဒိုနီးရှားသမတတို့ မြန်မာ နိုင်ငံအကြောင်း ဆွေးနွေးတဲ့ကိစ္စ၊ ကလင်တန်က နအဖအပေါ် ချမှတ်ပိတ်ဆို့ထားတဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်တဲ့ (Sanctions)နဲ့ ချဉ်းကပ်နေတာဟာ မထိရောက်သလို အာဆီယံက မြန်မာအပေါ် ချဉ်းကပ်တာလည်း မထိရောက်ဘူးလို့ ဝေဖန် ပြောဆိုပြီး အမေရိကန်အနေနဲ့ နအဖအပေါ်ထားရှိတဲ့ ပေါ်လစီကို ပြန်လည် သုံးသပ်မယ်ဆိုတဲ့ကိစ္စ၊ အမေရိကန်သမတသစ် အိုဘားမားက အင်ဒိုနီးရှား သမတကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောတဲ့ကိစ္စ၊ ဒါတွေ အားလုံးကို ပေါင်းစုလိုက်တဲ့အခါမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Stephen Blake က နအဖရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံတဲ့ကိစ္စတွေ ဖြစ်ပေါ်လာရပါတယ်။ အမေရိကန်နဲ့နအဖ အဆင့်မြင့်တွေ့ဆုံပွဲဟာ ၁၉ရရ ခုနှစ် ကစပြီး ပြတ်တောက်နေခဲ့ရာကနေ အခုမှ ပထမဦးဆုံး ပြန်ဆက်ဆံလာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကလည်း မြန်မာနိုင်ငံကို ရောက်လာပြီး နအဖနဲ့ ဆွေးနွေး ပါတယ်။ ဒီနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နအဖ ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမယ်လို့ ပြောလာပါတယ်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်ကလည်း နအဖကို လာတွေ့နေပါတယ်။

နအဖနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ ဘယ်လိုဘဲ ဖြစ်နေစေဦးတော့၊ နအဖဟာ သူကြီးကြပ်စီစဉ်နေတဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရိုးသားဖြောင့်မတ်တဲ့ အပြုအမူတွေကို အခုထိ မပြသရသေးပါဘူး။ ဒါတွေဟာ အမှန်တကယ် ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကိစ္စအပေါ် သံသယ ဖြစ်စရာပါဘဲ။

ဘာကြောင့်လဲဆိုတော့ နအဖကိုယ်တိုင် တဘက်သပ် စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုသွားတဲ့ အခြေခံဥပဒေမှာကိုက မရိုးမသား လှည့်စား တာတွေ၊ အနိုင်ကျင့်ထားတာတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒီ ၂ဝဝဂ ခုနှစ် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာ မဟုတ်ဘူးလို့ တော်လှန်ရေးနေ့မိန့်ခွန်းမှာ ဗိုလ်ချုပ်သန်းရွှေက ပြောသွားပါတယ်။

နောက်ထပ် မရိုးသားတဲ့အချက်တွေထဲမှာ အထင်ရှားဆုံးအချက်ကတော့ နအဖက ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိပဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ခွင့်မပြုဘူးဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းသာဖြစ်ပြီး နိုင်ငံအစိုးရနဲ့ မပတ်သက်ရပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ရဘူးလို့ နအဖက ပြောနေရင် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မှုမရှိဘဲ စစ်အာဏာရှင်တွေရဲ့ဩဇာခံပြီး လိုက်လုပ်ပေးနေတဲ့အဖွဲ့ဲလို့ သတ်မှတ်လိုက်သလို ဖြစ်သွား ပါမယ်။ ဒီမိုကရေစီအသွင်ပြောင်းလဲဖို့ ရွေးကောက်ပွဲဖြစ်မလာပဲ စစ်အစိုးရကို သက်တမ်းရှည်စေမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ သက်သေပြသလို ဖြစ်နေပါမယ်။ အဲဒီအခါမှာ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ နိုင်ငံတကာတိုင်းပြည်နဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုဘဲ ခေါ်ထားပစေ၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲလို့ ဘယ်လိုမှ မသတ်မှတ်နိုင် တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသမား ၂ဝဝဝ ကျော်ကို ပြန်မလွှတ် ပေးသေးတဲ့ကိစ္စကလည်း နအဖရဲ့ မရိုးသားမှုကို နိုင်ငံတကာသိ ဖော်ထုတ်သလို ဖြစ်နေပါသေးတယ်။ သူတို့ကို ချွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာက အမြဲတမ်း ဝိုင်းဝန်းတောင်းဆိုနေကြတဲ့အပြင် အမြဲမပြတ် စောင့်ကြည့်နေ ကြတာကြောင့် မရိုးမသား လှည့်စားလုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပါဘဲ။

တကယ်လို့သာ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ ဒီမိုကရေစီအပေါ်မှာ၊ ရွေးကောက်ပွဲအပေါ်မှာ၊ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ အပေါ်မှာ၊ နိုင်ငံရေးသမားတွေအပေါ်မှာ ရိုးသားဖြောင့်မတ်မယ် ဆိုလို့ရှိရင် သူ့ကို အတော်အတန် လက်ခံလာကြဖို့ ရှိနိုင်ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရိုးမသား ဆက်လုပ်နေဦးမယ်ဆိုရင်တော့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC)က တရားစွဲလာရတော့မှာ ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ ဒီမိုကရေစီချစ်မြတ်နိုးတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေအတွက် တန်ဖိုးရှိတဲ့ နိုင်ငံရေး လက်နက်ကောင်းတခု ရရှိလာတော့မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၈-၃-၂ဝဝ၉

alt

LEAVE A REPLY

Please enter your comment!
Please enter your name here