မြို့ပြအပူမီး ဖိစီးနေတဲ့မြို့

“အရုဏ်ကျင်းလို့ အလင်းဆောင်လာတာနဲ့ အဆင့် ထိုးကျသွားတဲ့ ဒီမြို့မှာ ပုရွက်အုံ ဒုတ်နဲ့ ထိုးလိုက်သလို ရှုပ်ထွေးလွန်းတဲ့ လူတွေက ဟိုဟိုဒီဒီ ကူးချည်သန်းချည် နဲ့ပေါ့၊ လွှတ် ……

ပူပြင်းလှတဲ့ ဒီရာသီ နေရောင် စူးစူးရဲရဲ အောက်က ကားလမ်း နံဘေးတွေမှာ ပွစိထနေတဲ့ စီးကရက်ဘူးခွံ ၊ ဆေးလိပ်တိုတွေ၊ ပလပ်စတစ် အိတ်ခွံတွေ၊ ငုံးဥခွံ နဲ့ စက္ကူစတွေ အမှိုက်အပေါင်းတို့ ခညောင်းကာ ဗြုတ်ထတယ်လို့ ပြောရလောက်အောင် စီးပွားရေးမြို့တော်ရဲ့  လူဦးရေနဲ့ အညီ ပွထ နေတော့တယ်။”

အမြင်အာရုံမှာ ရှုတ်ယှက်ခတ်နေအောင် ဆွဲထားတဲ့ စိတ္တဇပန်းချီ ကားတချပ်လို မြို့တော်ဟောင်းရဲ့ ရင်ဘတ်ပေါ်က အမှိုက်တွေဟာ မြန်မာပြည်သားတို့ရဲ့ စည်းကမ်းကို ညွှန်ပြ နေသယောင်ယောင် လူတွေတင် စည်းကမ်းမဲ့ တာလား? ဆိုတော့လဲ မဟုတ်ချေသေး။ ဘတ်စ် ကားမောင်းသူတွေရော ထို့နည်း၎င်း၊ လမ်းဘေးက ဈေးသည်တွေကပါ အလိုတူ အလိုပါ စည်းပျက်ကမ်းပျက် ဖေါဖေါသီသီ ဖြစ်ထွန်းနေတဲ့ ရပ်ဝန်း။

ကားကြီး ကားလတ် အစုံစုံ ဘတ်စ်တွေ အောက်ဆိုဒ်ကားတွေ ဘီအမ်ဟီးနိုးတွေ စစ်ကျန်ဗိုက်ပူ ချက်ဗလက် ကားတွေ မောင်းဝင်သူ နဲ့ ပြန်ထွက်သူ နရီ စည်းသားကို ကျလို့၊ ဒီကားတွေဟာ မင်းမဲ့ တိုင်းပြည်လို ဖြစ်သလို ၀င်ထွက် ကိုယ့်ဥပဒေနဲ့ကိုယ် စည်းမဲ့စွာနဲ့ မြင်သူ အသည်း ယားစေလောက်အောင် ပွတ်ကာသီကာ သည်းထိတ်ရင်ဖို အလုအယက် လူတင် မောင်းထွက် တွန်းချ ဆွဲခေါ်၊ ခုန်ဆင်း ခုန်တက်၊ နောက်တွယ် တွန်းတင်၊ ကျန်သူ မောင်းချ၊ ဆောင့်ရပ် အော်ညည်း၊ တက်မပြီးသေး မောင်းထွက် ယိမ်းယိုင် ကသုတ်ကရက် ခုန်ချ မှောက်လဲ ခေတ်ပေါ် ဟစ်ဟော့ တေးသွားတပုဒ်လို ခုန်စွခုန်စွ နိုင်ကာ စီးပွားရေးမြို့တော်ရဲ့ နေ့တွေကို ထွေးပွေ့ ထားရသတဲ့ ။

ငရဲပွက်သလို ဒရိုင်ဘာက လူရဖို့ ဟွန်းဖိတီး … ဟွန်းမတီးရ ဆိုတဲ့ နေရာမှာတော့ မီးကြီးဖွင့်ထိုးလို့၊ စပါယ်ယာလေးက အသက်ငယ်ငယ် အမူရာကတော့ မိုက်တိုင်စန် အလား၊ သားတွဲအမေ၊ ပါးရေတွဲ အဘိုးအို မသန်မစွမ်းလူနာ ဘာဆို ဘာမှမသိ အော်ဟစ်ဆွဲတင် နေပြီး။ စကားတိုင်းက အဆဲပါနေတော့တယ်၊ ကွမ်းသွေးနီနီကို ပစ်ကနဲ ပျက်ကနဲထွေးထုတ် လိုက်သေး၊ သူ့ဂုတ်နားက ကားမှန်ပေါ်က စတစ်ကာမှာတော့ စာလုံးနီကြီးနဲ့ ကွမ်းသွေးမထွေးရတဲ့။ ေဩာ် ဥပဒေဆိုတာ စာအုပ်ပေါ်မှာပဲ တည်နေသလို ပါ့ ….တရားကျ တရားရလောက် ပါပေ့။

စည်းဖေါက်တဲ့ လူ .. သူတင်လား ? မဟုတ်ပြန်သေး၊ ကားတစီး မှတ်တိုင်အရပ် ထွက်ပြူလာတဲ့ ဦးခေါင်းတွေ အား….လားလား မနည်းဘူးဟေ့.. လမ်းမ အပြင် ခေါင်းတွေပြူထွက် ကွမ်းတံတွေးတွေကို ဖွီကနဲငုံ ထွေး၊ ဗြစ်ကနဲစင် အထွက် ကားနံဘေး ဘယ်သူဖြတ်နေ သူတို့ မသိ ကြည့်လဲမကြည့် ။ ကွမ်းသွေး နီညစ်ညစ် ကားဘေးလူ စင်သွားလည်း အားနာစရာမလို ဘာလို့ဆို ခဏနေ ကားထွက်တော့ မှာကိုး။ ဒို့ဗမာတွေမှာ ဟီရိဩတ္တပ အရှက်အကြောက် ကိုယ်ချင်းစာတရား ရှိမှ ရှိသေးရဲ့လား? ဘောင်ဘင်ခတ်တဲ့ အတွေးနဲ့ တွေးနေမိသေးတယ်။

အဲဒီ မြင်ကွင်းတွေကို ရုတ်ပြီး၊ ထဲထဲဝင်ဝင် သိချင်လို့ ကားပေါ်တိုးဝင် ကြည့်တာနဲ့ ကျားကျား မမ ကိုယ်နံ့ ညှီန့ံ လက်ပတ်ချွေးနံ့များ ရပြီးဆို ထိုးအန်မိ မလောက်ပဲ၊ မျက်ဝန်းတွေက အိပ်ရေးမဝတဲ့ နီစူးစူးတွေ၊ မောဟ နဲ့ အာဃာတတွေ ဒေါသနဲ့ ဆာလောင်သမျှတွေ။ အခဲမကျေ အရာရာပေါ်၊ သိမှိုင်းမြင်ကွယ်၊ တွေးပိတ် အာရုံမှား၊ ထွေပြားနေသလို သွားတော့ မထင်တတ်လိုက်ကြနဲ့ ကြောက်သလိုနဲ့ လက်ဇက်ရဲ၊ သနားခြင်းကင်း ရက်စက်ခြင်းနဲ့၊ ကိုယ်ချင်းစာတရားမဲ့၊ အတ္တတွက် ဘာမဆို လုပ်မယ့်ပုံတွေ။ အို….ငါဘာတွေ တွေးနေတာလဲ ငါမြင်နေတဲ့ မြင်ကွင်းက တကယ်လား? ဒါတွေက နိစ္စဓူဝ ရန်ကုန်ပုံရိပ်တွေလား ? ဘုရား…ဘုရားးးးး! ကြည်နူးတဲ့ ရိပ်မမြင်၊ သွင်ပြင်တွေက ကြမ်းကြမ်း၊ ဖနှောင့်တို မျက်ပြူးနဲ့ ဘီလူးလို လူတွေလား။ ချို့တဲ့ချက် လူမှုအသိ၊ ယဉ်ကျေးမှုဆိုတာ နားမလည်။ သန့်ရှင်းမှုဆိုတာ ဘာတဲ့တုန်း။ တွေ့ရာဝယ်စား ခရီးသည်တွေကြား ကားထဲ ဆေးလိပ်သောက်၊ အီးပေါက် လေလည်။ စကားကျယ် အော်ပြော၊ ခေါ်တောကုလား အကြည့်က စားတော့မလို ဘေးက အပျိုကို၊ စားသောက်ပြီး အမှိုက်ခွံပစ်ချ အို့…အို ပြောရက်စရာမရှိဖူး၊ ညစ်ပတ် စုတ်ပြတ်သတ်နေတဲ့ ဘတ်စ်ကားနဲ့တော့ အတိုင် အဖေါက်ကိုညီ ခေါက်ရိုးများကို ကျိုးလို့။

နိုင်ငံကြီးသား ဆိုတာ ချို(ဂျို) နဲ့လား?။ ငါတို့များ နားမလည်။ ပွစိ ထနေတာကိုက ဗမာ့ရန်ကုန် ပီသ နေတယ်ပေါ့။ အရောင်စုံနေအောင် ဗရုတ်ဗယက် မြင်ကွင်းတွေဟာ စာရေးသူ မကြာမကြာ ဖြတ်သွားလေ့ ရှိတဲ့ မယားငယ်ယူလို့ မယားကြီး ခမျာမှာ သောကတွေနဲ့ ဗြုတ်စဗျင်းတောင်း နိုင်နေတဲ့ မြို့တော်ဟောင်းက တခုသောရပ်ကွက် သင်္ကန်းကျွန်း၊ စံပြဈေးနားက မြင်ကွင်းတွေပါဘဲ။

ဟော … တွေးရင်းထင်ရင်း ရန်ကုန်က ခဏခဏ ပေါက်ကွဲတတ်တဲ့ ထုံးစံလို ခရီးသည်တွေထဲက တယောက် တောက်တွေ ထ ခေါက်ပြီး ဖေါက်ခွဲလိုက်တယ်၊ ဒီ …သောက်ကား မထွက်သေးဘူးလား? ..ပေါ့။ လူတွေလည်း နွားဖြစ်နေပြီး အုတ်စီသလို စီအုန်းမှာလား။ ပူလှတဲ့ ငရဲလို။ အတွင်းကို မင်းလာနေကြည့်စမ်း။ သေမတတ်ခံရတာ မင်းမို့ ကိုယ်ချင်းမစာ၊ ဟေ့စပါယ်ရာ ။ ထွက်တော့ …လကွာ။ အဘိုးအို အသံ စာစာနဲ့ ခန္တီပါရမီ လျော့သွားလို့ သူ့ဒေါသတွေကို ဖေါက်ခွဲနေတာ ဘတ်(စ်)ကား ဆရာတွေကလည်း ဘယ်သူမှ မညှာ ၊ ကြီးငယ်မဟူ ဘယ်သူမှ မငဲ့ညာပဲ သူတို့ ဆန္ဒလူမပြည့်မချင်း စောင့်ခေါ်နေတော့တာပါပဲ၊ ရှုပ်ထွေးပွက်ညံတဲ့ အော်ခေါ်သံတွေကြား ကိုယ်သွားမယ့် မှတ်တိုင်တွေ ပါရဲ့လား။ ဟား … ဟား …. ပူလှချည်ရဲ့ ။

ဟော … ထွက်ပါပြီ တအိအိနဲ့ လူတွေပြည့်လာရော ခုံပြည့်တော့ အလယ်မှာ မတ်တပ်ရပ်လဲ ပြည့်လို့ပဲပေါ့ ဒီလူတွေ မပြည့်တာ ဝမ်းစာပဲ ဖြစ်မယ် ကန့်လန့် အမှန်တွေးလိုက် သေးတယ်၊ ဆက်ကြည့်လိုက်တော့ တယောက်နဲ့ တယောက် ခါးထိ ရင်ထိ ဖင်ထိ ကျပ်ညပ် အားနာစရာများ ဖြစ်နေကြရ၊ မတ်တပ်ရပ်တော့ ယိုင်ယိုင်၊ ဒယိမ်းဒယိုင် တချက်တချက် လေအဝှေ့မှာ သားသည်အမေဆီက လသားကလေး သေးစော်နံနံ အနံ့က ထောင်းကနဲ့ စူးရဲရဲအော်ငိုလို့၊ မတ်မတ်ရပ် မနိုင်မီ ဆောင့်ထွက် ဆောင့်ရပ် ဟပ်ကနဲ အော်မယ်ကြံတော့ မရှုမလှ ကယ်သူမရှိ လူတွေပေါ် ပြိုကျပါလေရော ဒါပေသိ ဘာမှမပြောကြပေမဲ့ အကြောင်းမရွေးတဲ့ မျက်စောင်းများက လင်းကနဲလက်ကနဲပေါ့။

ရွှေဂုံတိုင်အရောက် သူတို့အခေါ် ကားဖိုက်တယ်ဆိုပြီး တအား ကျော်တက်လို့ ကားစီးသူတွေ ကြောက်အားပို တန်းကိုကိုင်ဆုပ် လိုက်ကြပြီး ဘုရား…ဘုရား…တလို့မပြီခင်၊ သံဃာ့ ဆေးရုံကွေ့လည်း ကွေ့ချရော တဟင်းဟင်းနဲ့ လူတွေ အားလုံး မြည်တမ်းကြကုန်ရော၊ အရှိန်လျော့လို့ မှတ်တိုင်အောင်မေ့တယ်၊ ဟော .. တွေ့ပါပြီ။ မော်တော်ပီကယ် ဦးထုပ်ဖြူနဲ့ ရေခဲဆိုင် မှတ်တိုင်နားပေါ့၊ ကားကိုအတား စစ်ပြီ … ဆရာ ! လိုင်စင်ပေးပါတဲ့ ခရီးသည်တွေထဲ အသိပါမလား အကြည့်နဲ့ ဒီ ဘဲဥက ဝေ့ပြီး ကြည့်လိုက်သေး၊ နောက်တော့ သူ့ပါးစပ်က ဟာ …. ဒီ…ဘီအမ်မ် အောက်ဆိုဒ်ကျောင်းကား လို့ အပြော စပါယ်ယာလေးက ငွေ၂ချပ် ကပ်ပြီးပေးလိုက်တာ တွေ့လိုက်ရတယ်၊ ဒါဟာ…. ငါတို့ လူမျိုးတွေရဲ့ ဓလေ့အဖြစ်ကို ရောက်တော့ မလား? ဘုရားသခင် …ကယ်တော်မူကြပါ!

ဒီလိုနဲ့ ခြေခင်းလက်ခင်းသာလို့ လမ်းလျှောက်ထွက်သလိုမျိုး သက်သက်သာသာ ဆက်ကာ ထွက်လာတဲ့ကားက ငါ့အကြည့်မှာ ထူးမခြားနားသေး၊ ငါသေချာကြည့်လိုက်တော့ ဒရိုက်ဘာ၊ စပါယ်ယာ၊ ခရီးသည်၊ မော်တော်ပီကယ် အားလုံးတူနေတာ ကတော့ နီသွေးတံတွေး တပြွတ်ပြွှတ် ထွေးနေတဲ့ ကွမ်းတံတွေး၊ ဒါပေမယ့် ငါတို့က သေမတတ်ကြပ် ညစ်ပတ်ကားထဲက မွဲမွဲတေတေ ခရီးသည်တွေ။ သူတို့က ငါတို့ မညစ်အောင် ငါတို့ မကြပ်အောင် ငါတို့မကြောက် ကြောက်အောင်၊ ငါတို့ အော်ခွင့် မသာရအောင်၊ စည်းနဲ့ ကမ်းနဲ့ ကလနားနဲ့ ချုပ်ထားကြပြီး စည်းကမ်းဖေါက်သူတွေက ငါတို့ကို ပဲ့ပြင်ရမယ့် တာဝန်ရှိသူတွေ ဆိုပါလား? ကားဆရာရေ… မောင်း … ခြင်္သေ့အနီ နှစ်ကောင် (ငါးရာတန်နှစ်ရွက်) ခုန်ဆင်းသွားပြီ ဟေ့..လို့ … အသံကြားမှ ငါဆင်းမဲ့မှတ်တိုင် မကျော်အောင် အလန့်တကြား ဘုရား…အား..အား..အ…အ…ဘုရား…ဘုရား ပါတယ်ပြောတော့ ထစ်နေတဲ့ စကားကြောင့် လူတွေက ဝိုင်းရီနေကြသေးတယ်။

ေဩာ် …. သူတို့အပူငွေ့ ဟပ်ပြီး သောကမီး ဖိစီးပုံများ ပြောပါတယ် ဒီမြို့ကြီးမှာလေ ထုသားပေသားကို ကျလို့။

ရွှေဘန်း ( ရန်ကုန်သစ်)

LEAVE A REPLY

Please enter your comment!
Please enter your name here