မန်ချက်စတာ စီးတီးတွင် ရော်ဘင်ဟို ဆက်ရှိနေမည်ဟု ဆို

alt

ရော်ဘင်ဟို သည် အသင်းတွင် ဆက်လက် ရှိနေမည်ဟု မန်ချက်စတာ စီးတီး နည်းပြကြီး မတ်ဟုချ်က ထုတ်ပြန် ပြောကြား လိုက်သည်။

အသက်(၂၅)နှစ်ရှိ ဘရာဇီး လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးသည် မတ်လ(၂၂) ရက်နေ့က ဆန်းဒါးလန်းနှင့် ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပင်နယ်တီ လွဲချော်ခဲ့ရသည်။

ပြီးခဲ့သော စက်တင်ဘာလက ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၂.၅)သန်းဖြင့် စပိန် လာလီဂါ ချန်ပီယံ ရီးရဲလ် မက်ဒရစ်မှ ပြောင်းရွှေ့လာသည့် ရော်ဘင်ဟိုသည် ယခု ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် အသင်းမှ ပြန်လည် ထွက်ခွာမည်ဟု သတင်းပြေးလျှက် ရှိနေသည်။

၎င်းကို ချဲလ်ဆီး အသင်းကလည်း စိတ်ဝင်စားနေသည့်တိုင် မတ်ဟုချ်က ၎င်း၏ ကစားသမားသည် အသင်းတွင်သာ ဆက်ရှိနေမည်ဟု အတည်ပြုခဲ့သည်။ ၎င်းတွင် ရော်ဘင်ဟိုအား ရေရှည် အသုံးချသွားရန် အစီအစဉ်များ ချမှတ်ထားပြီး ဖြစ်ကြောင်း မတ်ဟုချ်က ပြောကြားခဲ့သည်။

ကောလဟာလ သတင်းများအရ မန်ချက်စတာ စီးတီးနှင့် (၄)နှစ်စာချုပ် ချုပ်ဆိုထားသော ရော်ဘင်ဟို နှင့် နည်းပြကြီး မတ်ဟုချ်တို့ ကြားတွင် ဆက်ဆံရေး အခြေအနေ ဆိုးရွားနေကြောင်းလည်း သိရှိရသည်။

သို့သော်လည်း မတ်ဟုချ်က ရော်ဘင်ဟို ကဲ့သို့ ကစားသမားကောင်း တဦးအား အသင်းမှ ရောင်းထုတ်သွားရန် အစီအစဉ် လုံးဝမရှိဟု ယတိပြတ် ငြင်းဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here