အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခဲ့

alt

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်နေ ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင် အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ် ဟာ ဒီကနေ့ ခရီးစဉ် အဆုံးသတ် ပြီးပြန်လည် ထွက်ခွာသွားပြီလို့ ရန်ကုန် မှာရှိတဲ့ အမေရိကန် သံရုံးက အတည်ပြု ပြောဆို ခဲ့ပါတယ်။

မနေ့ ( အင်္ဂါနေ့ က ) မှာတုန်း ကတော့ စတီဖင် ဘလိတ်ခ် (Stephen Blake) ဟာ စစ် အစိုးရ ရုံးစိုက်ရာ နေပြည်တော် ကို သွားရောက်ပြီး စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံခဲ့ပြီး၊ ဒီလို တွေ့ဆုံမှု နဲ့ ပတ်သက်လို့ စစ် အစိုးရပိုင် သတင်းစာ နဲ့ ရုပ်သံ အစီအစဉ် တွေမှာတော့ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး နဲ့ အကျိုးတူ ကိစ္စတွေ ကို ဆွေးနွေးတယ် လို့သာ ဖော်ပြခဲ့တာကို တွေ့ခဲ့ ရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ရဲ့ ဒေသဆိုင်ရာ အရာရှိ စတီဖင် ဘလိတ်ခ် (Stephen Blake) ဟာ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေ ကို အကဲခတ် ဖို့အပြင် အတိုက်အခံ နိုင်ငံရေး ပါတီဝင်တွေ၊ စစ် အစိုးရ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင် အာရှရေးရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ စတီဖင် ဘလိတ်ခ် (Stephen Blake) ဟာ ဒီကနေ့ ဆိုရင်လည်း ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုကော်မတီဝင်တွေနဲ့ ဌာနချုပ်မှာ တွေ့ဆုံ ခဲ့တယ်လို့လဲ သိရှိရပါတယ်။ တနာရီကြာ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးဖြစ်ခဲ့ ကြတယ်လို့ အန်အယ်လ်ဒီ က ပြောဆိုခဲ့ပါသေးတယ်။ အခုလိုလာရောက်ခဲ့တဲ့ အမေရိကန် အရာရှိ ရဲ့ ခရီးစဉ် ဟာ မကြာသေးခင် အာရှတိုက်ကို ခရီးထွက်လာယင်း မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်ပြောင်း သုံးသပ် စဉ်းစားနေတယ်လို့ ပြောဆိုလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရ နဲ့ရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ နဲ့ပါ တွေ့ဆုံခဲ့မှု တခုလည်းဖြစ်ပါတယ်။

အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ကတော့ နိုင်ငံရေး အခြေအနေရ NLD က ဘာတွေလုပ်နေတယ်။ ဘာတွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့က ပြောတယ်။ သူတို့ဘက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တဲ့ ကိစ္စတွေကို ရှင်းပြတယ်။ နောက်ထပ် နည်းလမ်းသစ်တွေကို ရှာတုန်း ဘယ်တော့ ဖြစ်မယ်ဆိုတာ တိတိကျကျတော့ မပြောနိုင်ဘူး။ ကျွန်တော်တို့ဘက်က CEC ရ ယောက်၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦး သန်းထွန်းဦး၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ နောက် ပြန်ကြားရေး အနေနဲ့ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဒေါက်တာ သန်းငြိမ်းတို့ ပါဝင်တယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနအရာရှိရဲ့ ခရီးစဉ်က အာစီယံ နိုင်ငံတွေဖြစ်တဲ့ လာအိုတို့ ၊ ဗီယက်နမ် သူတို့ နဲ့ သက်ဆိုင်တဲ့ ကိစ္စမို့ သူ့လာချင်တာ ကြာပြီပေါ့။ အခု အခွင့်အရေးရတုန်း လာရောက်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ ပတ်သတ်တဲ့ နိုင်ငံရေး ရပ်တည်ချက်တွေမျိုးကို ဆွေးနွေးဖြစ်ခဲ့ကြပြီး၊ NLD ရဲ့ ရပ်တည်ချက်က ရွေးကောက်ပွဲ ကိစ္စကို အာဂျင်ဒါ ထဲမှာ မထည့်ရသေးဘူး။ NLD အဓိက ထားနေတာက NLD ရဲ့ တောင်းဆိုထားတဲ့ အခြေခံဥပဒေ ကို ပြန်လည် သုံးသပ်ဖို့ကိုပဲ အဓိက ထားတယ်။ ဒါဟာ သိပ်အရေးကြီးတယ်။ ဒါကိုပဲ လောလောဆယ် ဦးစားပေး စဉ်းစားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာတွေ ဘာမှ မရှိရင်တော့ ကျွန်တော်တို့ အတွက် စဉ်းစား ဆုံးဖြတ်ရတာ အခက်အခဲတွေ ရှိမယ်။ သို့သော် ဆုံးဖြတ်ရမှာပဲလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အနေနဲ့ ဆောင်ရွက်ဖို့ အကြံပြုချက်တွေ ရှိရင်လဲ အကြံပြုချက်တွေ လိုချင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ရဲ့ ဒေသဆိုင်ရာ အရာရှိ စတီဖင် ဘလိတ်ခ် (Stephen Blake) ကပြောဆို ဆွေးနွေးသွားသေးကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောဆိုခဲ့ပြီး၊ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် နိုင်ငံကြီးတွေအနေ နဲ့ အခုလိုတွေ့ဆုံ အမြင်ဖလှယ်ရ ကြားရတာကို အမြဲတမ်း ကြိုဆိုတယ်။ ပို်ပြီးတော့လည်း နိုင်ငံရေး အခြေအနေကို သုံးသပ်လို့ ရတယ်လို့ VOA ကိုပြောဆို ခဲ့ကြောင်း သိရှိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here