နိပွန်းက ဘီရုမာတွေ အကြောင်း

“ဂျပန်ရယ်လို့ ဆိုလိုက်ရင် တိုးတက် ထွန်းကားနေတဲ့ စက်မူထိပ်သီး နိုင်ငံတခု အဖြစ် လူတိုင်း ပြေးမြင်သလို ဒီနိုင်ငံမှာက စီးပွားရှာလို့လည်း အလွန်ကောင်းတဲ့ အရပ်ဒေသတခု ဖြစ်နေတာမို့

ဖေါက်ထွက်ချင်တဲ့ အာရှက လူငယ်လူရွယ်တွေဟာ ဂျပန်နဲ့ ပတ်သက်တဲ့ အိပ်မက်တွေကလည်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ကို သဲသဲလှုပ် ဖြစ်နေကြရ တော့တာပဲပေါ့။”

ကြီးပွားချင်တဲ့ လူငယ်တွေ လူလတ်ပိုင်းတွေဟာ အဲဒီ အိပ်မက်တွေရှိရာ ပစ္စဖိတ်သမုဒ္ဒရာထဲက ရှည်မျှောမျှော ကျွန်းနိုင်ငံလေးဆီကို အရောက်လှမ်းဖို့အတွက် နည်းပေါင်းစုံသုံး အရောက်လာဖို့ကို ကြိုးစားကြတော့တာပါဘဲ။ အဲဒီလို အရောက်လှမ်းနည်းတွေ ထဲမှာ ဂျပန်က ကျောင်းတခုခုကို လျှောက်ပြီး ကျောင်းဗီဇာနဲ့ လာကြသူ တွေရှိသလို၊ အလုပ်ထရိန်နင် ဗီဇာ၊ အလည်အပါတ် ဗီဇာ၊ ဂျပန်လူမျိုးနဲ့ လက်ထပ်ဗီဇာ၊ စသဖြင့် အဲဒီလို ဗီဇာမျိုးတွေနဲ့ အရောက်လာကြ သူတွေများကြပါတယ်။ ဘယ်လို ပုံစံမျိုးတွေနဲ့ပဲ လာလာ ဂျပန်ကျွန်း နိုင်ငံလေးကိုရောက်ဖို့ ငွေလမ်းတော့ အရင် ခင်းကြရတာ ချည်းပါဘဲ။

သွားကြမယ်ဟေ့  … ဂျပန်!

ဂျပန်ကို လာမယ့် လူတယောက်ဟာ အများအားဖြင့် အရင်ရောက်နှင့်တဲ့ ဒီက လူတွေနဲ့ အချိတ်အဆက်ယူပြီး လာကြ သူတွေရှိသလို၊ ပွဲစား အဆက်အသွယ်နဲ့ လာကြသူတွေလည်း ရှိပါတယ်၊ ဘယ်လိုပုံစံနဲ့ဘဲ လာလာ အနည်းဆုံး မြန်မာငွေ သိန်းတရာ သုံးဆယ်နဲ့ အထက်တော့ ကုန်ကြရပြီး အိမ်မက်တွေကို အကောင်အထည်ပေါ်ဖို့ စွန့်စားကြရတာမို့ ဒီရောက်ပြီးရင် မဖြစ် ဖြစ်တဲ့နည်းနဲ့ ကုပ်တွယ်ကပ်ပြီး နေကြ ရတော့တာပါဘဲ၊ ကုန်ထားတဲ့ ငွေတွေအတွက်က တကယ် အလုပ်မရွေးဘဲ ကြိုးစားမယ်ဆိုရင် တနှစ်အတွင်း ကုန်တဲ့ငွေကတော့ ပြန်ရှာလို့ ရနိုင်တာမို့လည်း ဒီလောက် ပမာဏများတဲ့ ငွေကြေးတွေကို ရင်းနှီးကြတာကလည်း သဘာဝကျတယ်လို့ ထင်ပါတယ်။

ဂျပန်ကို ရောက်ဖို့

အကြမ်းဖျဉ်းအားဖြင့် အခက်အခဲတွေကို ကျော်ဖြတ်ရမယ်၊ အဓိက က သံရုံးဗီဇာနဲ့ ကိုယ့်ကို အာမခံတဲ့ စပွန်စာလို့ ခေါ်တဲ့ လူရဲ့အာမခံမှုက ခိုင်မာမှု ရှိမှသာ ဗီဇာရရှိရေးအတွက် အဆင်ပြေမှာဖြစ်သလို၊ ဂျပန်ကိုရောက်လို့ လေဆိပ်မှာ မြန်မာပတ်စပို့စ် နီနီရဲရဲ တွေဟာလည်း အတားအဆီးတခု အဖြစ်အခက်အခဲ တွေ့နိုင်ပါသေးတယ်၊ မြန်မာစာအုပ်ကို လူဝင်မှုကြီးကြပ်ရေးက တွေ့ပြီဆိုတာနဲ့ ခေတ္တစောင့်ခိုင်းပြီး မှန်လုံခန်းတခုကို ခေါ်သွားပြီး ဘာကြောင့် လာတာလည်း၊ ဘယ်လောက်နေမှာလည်း၊ ဆွေမျိုးရှိလား၊ နောက်ဆုံး စပွန်စာရဲ့ ထောက်ခံမူနဲ့ လိပ်စာတွေကို ကြည့်ပြီးမှ စပွန်စာထံ ဖုန်းဆက်မေး ခိုင်မာမှ လေဆိပ်က ထွက်ခွာခွင့် ပြုပါတော့တယ်။ အခုနှစ် နောက်ပိုင်းတွေမှာဆို ဂျပန်ကို၀င်ဖို့ မြန်မာမှ မဟုတ်ဘဲ အာရှနိုင်ငံသားတွေ အတွက် တော်တော်လေးကို တင်းကျပ်မူတွေ ရှိလာတာမို့ ပြည်တော်ဝင်ခွင့် မရဘဲ ပြန်ကန်ခံရသူတွေ (လေဆိပ်ကနေ ဋ္ဌာနေပြန်ပို့ခြင်း) အများကြီး ရှိလာပါတယ်၊ မြန်မာတွေကတော့ လက်ရှိအခြေအနေမှာ “သူ တင်းရင် ကိုယ် တင်းစနစ်” လို့ ဆိုရမလားပဲ ဂယ်ပေါက်ရှာပြီး ပြည်တော် ၀င်ခွင့်ရရေး အတွက် အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို လူတိုင်းလို သုံးနေကြပါရောလား? ဘာလည်းဆိုတော့ ၀င်ခွင့်မပေးရင် နောက်ဆုံး လေဆိပ်မှာတင် ဒုက္ခသည် Asylum ခံယူ လျှောက်လိုက်တော့တာပါဘဲ၊ ဒီနည်းက ပွဲစားတွေက ဂျပန်ကိုလာမယ် ဆိုကတည်းက ကြိုသင်ပြပေးထားတာမို့ လုပ်ထုံးလုပ်နည်းတွေကို ဂျပန်ကိုလာမယ့် သူတွေက ကြိုတင်သိရှိ နားလည်ထားကြပါတယ်။

 

အခု နောက်ပိုင်းဆို ဒုက္ခသည်လျှောက်တဲ့ ဖောင်(Form)တွေတောင် မြန်မာပြည်မှာ ၀ယ်ယူ ရရှိနိုင်ပြီး အသင့် ရေးဖြည့်ပြီး ဒီရောက်တော့ တခါတည်း လက်တန်း ဒုက္ခသည် လျှောက်ကြတော့တာပါဘဲ။ ဒီနည်းက ဂျပန်ကို အလည်ဗီဇာနဲ့ လာကြသူတွေ အများဆုံးလုပ်တဲ့နည်း ဖြစ်ပါတယ်။ အဲဒီလို လျှောက်လိုက်ပြီ ဆိုတာနဲ့ ကိုယ့်လျှောက်လွှာကို လက်ခြံပီး ဖမ်းဆီးတာကို ခံရပါမယ်၊ အရင်က လေဆိပ်မှာ ရဖြူဂျီလျှောက်ရင် ၁ နှစ်နီးပါးကြာအောင် ထိန်းသိမ်းခံရပေမယ့် ပြောင်းလဲပြီး ပျော့ပြောင်းလာတဲ့ ဂျပန် လ.၀.က ၏ ဒုက္ခသည် လျှောက်ထားမှု ဆိုင်ရာ ဥပဒေများကြောင့် လ.၀.က အကျဉ်းထောင်မှာ ၂လ ကနေ ၆ လအထိပဲ ထိန်းသိမ်း ချုပ်နှောင်ခြင်းခံရတဲ့ အထိဘဲ လျှော့ပေါ့လာပါတယ်။

ကျောင်းတက်ကြမယ်

ကျောင်းသားနဲ့ ဂျပန်ကျောင်းဗီဇာနဲ့ လျှောက်ပြီး လာကြသူတွေဟာ ဂျပန် စကားပြောသင်တန်းကျောင်းကို တက်ကြရပြီး ၂နှစ် သတ်မှတ်ထားပါတယ်။ ကျောင်းပြီးလို့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုလို့ မိမိတက်လိုတဲ့ ကျောင်းကိုရွေးချယ် ဖြေဆိုပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ရင် တက္ကသိုလ်ဝင်ခွင့် အတွက် ဂျပန်ယန်း ရသိန်းအထက် ကနေ ယန်းသောင်း၃၀၀လောက် ကြားထဲမှာရှိနေပြီး၊ မိမိတက်မယ့် တက္ကသိုလ်ကျောင်း ကောင်းမကောင်း အပေါ်မူတည်ပြီး ပေးဆောင်ရမယ့် စားရိတ်စကကလည်း ကွာခြားသွားပါတယ်၊ တချို့ကျောင်းတွေက ပညာရေးစီမံချက်နဲ့ ကျောင်းသားတွေကို စကောလားရှစ်နဲ့ ခေါ်ယူပေမယ့် တကယ်တမ်း ကျောင်းတက်မယ့် ကျောင်းသားတွေဟာ စကောလားရှစ် မရကြဘဲ ကျောင်းနဲ့ မြန်မာပြည်က ပွဲစားက ဖြတ်စားလဒ်စား လုပ်ထားပြီး ပွဲစားကို ပိုက်ဆံပေးခဲ့ ရသူတွေလည်း အများအပြားပါ။

ယခင်က ကျောင်းဗီဇာနဲ့လာ ဒီရောက်တော့ ကျောင်းမတက်ဘဲ ၀ုိက်လာသူတွေ ( ဝ,လာသူတွေ / အိုဗာစတေးအဖြစ် နေထိုင်သူတွေ) များလာတာမို့ နောက်ပိုင်း ကျောင်းတက်မယ့် ကျောင်းသားတွေဟာ မြန်မာပြည်က အိမ်ဂရံ တွေဘာတွေကို အပေါင်ပေးထားရပြီး သတ်မှတ်ထားတဲ့ ကျောင်းတက်ရမယ့် ၂နှစ်အတွင်း ကျောင်းဆက်မတက်ဘဲ ထွက်ပြေးခဲ့ရင် အိမ်ဂရံကိုသိမ်းမယ်လို့ ချုပ်ကိုင်လာမူတွေ တော်တော်များလာတာမို့ ကျောင်းတက်ပြီး ၀ုိက်တဲ့သူတွေ လျှော့နည်းလာပါတယ်။ ဒီမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသား အများစုရဲ့ ဘဝဟာ အများစုအားဖြင့် အနေဆင်းရဲဘဝ အချိန်ဆင်းရဲတဲ့ ဘဝတွေများပြီး၊ ကျောင်းတက်ကာ တဖက်က ရပ်တည်ရေးအတွက် ကျောင်းသားတွေအတွက် အစိုးရက ကျောင်းသားတွေ အတွက်သတ်မှတ်ထားတဲ့ နာရီ အလုပ်ကိုလုပ်ပြီး ကြိုးစားနေကြရသူတွေ ဖြစ်ပြီး၊ သူတို့အတွက် အချိန်ပိုဆိုတာ မရှိသလောက်ပါဘဲ၊ တက္ကသိုလ်ကျောင်းပြီးလို့ ကုမ္မဏီတွေမှာ ၀င်ရောက်ဖို့ အခွငိ့အရေးတွေ ယခင်က တော်တော်လေး ကောင်းလှပေမယ့် စီးပွားရေး ကျဆင်းနေမူကြောင့် ဂျပန်လူမျိုးတွေပါ အလုပ်ရှားပါးနေတာမို့ ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်မရသူတွေလည်း ဒုနဲ့ဒေးဖြစ်နေပြီး သတ်မှတ်ထားတဲ့ ဗီဇာမကုန်ခင် ဘွဲ့လွန်တက်နေသူတွေလည်း ကျောင်းတက်ကြနေရင်း စိတ်ဖိစီးမှုတွေ အလုပ်အကိုင်ရှားပါးမှုတွေ တွက်ချက်မိပြီး ဋ္ဌာနေတိုင်းပြည်ကို အပြီးပြန်ကြသူတွေလည်း ရှိနေကြပါရောလား။

 

Work Permit နဲ့ နေကြမယ်

အလုပ်ဗီဇာများနဲ့ နေထိုင်ရာဝယ် Working Visa လို့ခေါ်တဲ့ အလုပ်ဗီဇာနဲ့ နေထိုင်နေကြသူများ မှာတော့ အမှန်အကန် အလုပ်ကုမ္မဏီတွေက ဗီဇာရယူပြီး လုပ်ရသလို၊ အင်ဗီဇာ (ဗီဇာ အတု) နဲ့ လာရောက် သူတွေကတော့ မြန်မာပြည်က ပွဲစားနဲ့ ဒီက အင်ကုမ္မဏီ တွေနဲ့ပေါင်း လူခေါ်ရိုက်စားလုပ်မှုတွေက တော်တော်များလှသလို ပြဿနာတွေကလည်း တော်တော်လေး ရှုတ်ထွေးလှပါတယ်၊ အလုပ်ဗီဇာ ရရှိထားသူတွေဟာ ဗီဇာ သက်တမ်းတနှစ် ကနေ သုံးနှစ်အထိ ရရှိကြတတ်ပါတယ်၊ သက်တမ်း တခါတိုးရင် ပွဲစားလုပ်သူကို တခါ ပိုက်ဆံ ပေးရပါသေးတယ်၊ အရင်ကတည်းက ဒီဗီဇာဟာ တော်တော်လေး ခေတ်စားခဲ့ပြီး Working Visa ကိုင်ထားသူတွေက ရင်ကော့ ခေါင်းမော့လုပ်နိုင်ပေမယ့် ယနေ့ အချိန်မှာတော့ အခြေအနေ မကောင်းလှပါဘူး၊ သွားသတိ၊ စားသတိ၊ အလုပ်လုပ်လည်း သတိလေးနဲ့ လုပ်မှ တော်ယုံကျမှာပါ၊ ယနေ့ ဂျပန်ဟာ အိုဗာစတေး ပပျောက်ရေး( ရက်လွန်နေထိုင်သူ ) အတွက် တင်းကျပ်တဲ့ စီမံကိန်းတွေနဲ့ ဂျပန်နိုင်ငံရဲ့ နေရာ ၁၂,၃၉၁ နေရာမှာ စစ်ဆင်ရေးတွေ လုပ်နေမူကြောင့် Working Visa အင် – ကိုင်ထားသူတွေ အများစုဟာ အိမ်မှာ၊ လမ်းမှာ ရဲနဲ့ လ.၀.က ကစစ်ဆေးလည်း မမှုပါဘူး၊ ဒါပေမယ့် သူတို့လုပ်နေတဲ့ လုပ်ငန်းခွင် စက်ရုံနဲ့ စားသောက်ဆိုင်တွေကို ၀င်ရောက် စစ်ဆေးရင်တော့ အထုပ်ပြင်ပြီး ပြည်တော် ပြန်ရမှာဖြစ်သလို Black list စာရင်းဝင်သွားပြီမို့  ၅နှစ် ဂျပန်ပြည်ဝင်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

ဒီလပိုင်းလေး အတွင်းမှာတင် တိုကျိုက Working Visa အတုနဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေသူတွေ တော်တော်များများကို ၀င်ရောက် ဖမ်းဆီးခံရတဲ့ သတင်းတွေ မကြာခဏ ကြားနေရသလို ပွဲစား ကိုကို၊ မမတွေ နဲ့ ငွေအပေးအယူ မတည့်လို့၊ ကိုယ့် အချင်းချင်းမတည့်လို့၊ စားသောက်သူ ဂျပန်ဧည့်သည်ကို ပြေလည်စွာ မဆက်ဆံမူတွေကြောင့် အဖမ်းခံနေရတာတွေ ရှိနေကြပါတယ်။

တလောက ဖြစ်သွားတဲ့ ဖမ်းဆီးမှုဆိုရင် ညဖက် စားသောက်ဆိုင်တခုမှာ ဧည့်သည် မှာတဲ့ ခေါက်ဆွဲကြော်ပွဲထဲ စီးကရက်တို ပါလာလို့ ဧည့်သည်က ဆိုင်ခေါင်း လုပ်သူကိုပြောပြီး ဆိုင်ခေါင်းလုပ်သူက ဖိုထဲကို ဆူပါတယ်၊ အဲဒီဆိုင်မှာ ကလည်း ဆိုင်ခေါင်း နဲ့ ဖိုခေါင်း ကလွဲလို့ နိုင်ငံခြားသားချည်းဘဲ ဖြစ်နေသလို မြန်မာ စားပွဲထိုးအမျိုးသမီး က Working Visa အတုနဲ့ရယ်၊ နောက်တယောက်က ဗီဇာ ရက်ကျော်နေထိုင်နေတဲ့ အိုဗာစတေး အမျိုးသားတဦးပါ၊ နောက်တနေ့ နံနက် အားလုံး အလုပ်ဝင်တဲ့ အချိန်မှာဘဲ ရဲက ဆိုင်ဝင်ပြီး ဖမ်းလို့ ဖိုထဲမှာ နိုင်ငံရေးဗီဇာ နဲ့ နေသူကလွဲလို့ အကုန်ပါသွား ပါရောလား! Working visa အင်နဲ့ အမျိုးသမီးဟာ ဂျပန်မှာ အင်,ဗီဇာနဲ့ နေတာကြာပြီမို့ မကြာမှီမှာ Permanent Resident လျှောက်ဖို့ အားလုံး ပြင်ဆင်ထားသူ ဆိုတော့ များစွာ နစ်နာရပါတယ်။

အလုပ်သင်တို့ရဲ့  မလှမပ ဘဝတွေဟာ Working Visa အမျိုးအစားထဲမှာ ပါတဲ့ Training Visa (အလုပ်သင်ဗီဇာ)နဲ့ လာသူတွေ အကြောင်းလည်း ပြောပြပါရစေဦး၊ Training Visa (အလုပ်သင်ဗီဇာ) တွေနဲ့ ဂျပန်က နိုင်ငံခြားသား တွေကိုခေါ် ယူမှုကို ကျယ်ကျယ်ပြန့်ပြန့် စတင်ခဲ့တာ ၁၉၉၃ ခုနှစ်ကတည်း ကပါ၊ “ ဖွံဖြိုးဆဲ နိုင်ငံတွေကို အကူအညီပေးရေး အစီအစဉ် ” ခေါင်းစဉ်နဲ့ အာရှနိုင်ငံတွေက အလုပ်သမားတွေကို ဈေးအပေါဆုံးနဲ့ ခေါ်ယူပြီး ခိုင်းနိုင်ဖို့ အတွက် ဗီဇာတွေကို လွယ်ကူစွာ ထုတ်ပေးခဲ့ကြတာမို့၊ မြန်မာအပါအဝင် အာရှနိုင်ငံသားတွေ အိမ်မက်တွေ ကိုယ်စီအပြည့် ထုပ်ပိုးလို့ ၀င်ရောက် လာကြပါရောလား။ တကယ်တမ်း သူတို့ ထင်ထားတဲ့ အိမ်မက်တွေထဲက လှပတဲ့ဂျပန်ဟာ ဒီရောက်မှာ ငရဲပန်းကို ရွှေပန်းထင်၊ တံလျှပ်ကို ရေထင်ပြီး ကူးမိခဲ့ကြတယ်ဆိုတာ သိခဲ့ ရလေတော့တယ်။ အလုပ်သင် နိုင်ငံခြားသားတွေ ” မြန်မာတွေကတော့ T ဗီဇာ ” လို့ခေါ်သူတွေဟာ ၃နှစ် သက်တမ်းဗီဇာ ရရှိထားပြီး ပထမနှစ်မှာ ပညာသင်အဖြစ် အောက်ခြေသိမ်းတွေလုပ်၊ ဒုတိယ နှစ်နှစ်မှာ နည်းပညာ ကျွမ်းကျင်မူသင်တန်းလို့ အမည်ပေးပြီး မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ကြရပါတယ်၊ လစာက ဂျပန်ယန်း တသိန်း၊ ခုနှစ်သောင်းလောက် သာရရှိကြပြီး လုပ်ရတဲ့ အလုပ်တွေက သူများတွေ D ၃လုံးလို့ ခေါ်ပြီး ဂျပန်မှာ K သုံးလုံးလို့ နာမည်ကြီးနေတဲ့ Kitsui (အလုပ်ဝန် များပြားခြင်း) Kitanai (ညစ်ပတ် ပေရေခြင်း) Kiken (အန္တရာယ် များပြားခြင်း) ဆိုတဲ့ အလုပ်တွေကို လုပ်ကိုင်ရပြီး နောက်ဆုံး ဒဏ်မခံနိုင်လို့ ထွက်ပြေးကြရတဲ့ အဆင့်အထိကို ရောက်ကုန်တော့တာပါဘဲ။

ဂျပန် အစိုးရထုတ်ပြန်တဲ့ သတင်းတွေအရ အလုပ်သမား တသောင်း၊ နှစ်ထောင်၊ ခုနှစ်ရာ (၁၂,၇၀၀) ကျော်ပျောက်ဆုံး နေတယ်လို့ သိရှိရပြီး အဲဒီ ပျောက်ဆုံးနေသူတွေဟာ တချို့ ဂျပန်ရဲ့ တခြားနေရာတွေမှာ ခိုအောင်းပြီး အလုပ်လုပ်နေသူတွေ ရှိသလို နေရင်းနိုင်ငံကို ပြန်သွားကြသူတွေလည်း ရှိပါတယ်။ မြန်မာ လူမျိုးအများစုကတော့ တိုကျိုက ပြည်ပနိုင်ငံရေး ဇါတ်ခုံပေါ်တက်လို့ R ဗီဇာ (ဒုက္ခသည်) လျှောက်ကြပြီး တက်ကြွလှုပ်ရှားသူတွေ အဖြစ်  ဟန်ရေးပြ နေထိုင်ခွင့် တောင်းကြပါတယ်။

 

ဂျပန်တွေ နဲ့ လက်ထပ်ကြမယ်

ဂျပန် လူမျိုးတွေနဲ့ လက်ထပ်ကြတယ် ဆိုတဲ့နေရာမှာ နိုင်ငံခြားသား ယောကျာင်္းလေး၊ မိန်းကလေးတွေက ဂျပန်လူမျိုးတွေနဲ့ လက်ထပ်ကြတာပါ။ အဲဒီလို လက်ထပ်တဲ့နေရာမှာ အများအားဖြင့် ကတော့ ဒီမှာ ရှိနေတဲ့လူတွေက မိမိတို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဂျပန်အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကြိုက်ကြ ယူကြသူ တွေရှိသလို နိုင်ငံရပ်ခြားကို အလည်သွားရင်း ကြိုက်ရာက တကယ် ယူကြသူတွေလည်း ရှိပါတယ်။ အသိထဲမှာတောင် မိတ်ဆွေတယောက်က ထိုင်းမှာ အလုပ်လုပ်ရင်း ဂျပန်အမျိုးသမီးက ထိုင်းကိုလာလည်ရာ ကနေ တွေ့ပြီး မိတ်ဆွေဖြစ်ပြီး ချစ်ကြိုက်ကာ မြန်မာပြည်အထိ သွားရောက် လက်ထပ်ယူခဲ့ပြီး အတည်တကျ ပေါင်းသင်း လက်ထပ်ယူခဲ့တာ တွေ့ရလို့ ပီတိ ထောပနာ ဖြစ်မိပါသေးရဲ့။

အဲ….ဒါပေမယ့် ဂျပန်မှာ နေထိုင်ခွင့်ရရေး အတွက် လက်ထပ် မင်္ဂလာအတု လုပ်တာတွေလည်း ဒုနဲ့ဒေး ရှိနေပါရောလား? ဒါတင်မက ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး မြန်မာပြည်က အမျိုးသမီးတွေ ဂျပန်နဲ့လက်ထပ်တဲ့ အင်,လက်ထပ်တာတွေလည်း များလှပေါ့၊ ဒီမှာနေပြီး အင် နဲ့ လက်ထပ်တာတွေကတော့ အိုဗာစတေး၊ ဒါမှ မဟုတ်တခြား ဗီဇာတွေနဲ့ နေထိုင်ပြီးမှ ဒီမှာ နေထိုင်ခွင့် ဆက်ရရှိရေးအတွက် ဂျပန်အမျိူးသမီး အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်ကြတာပါ၊ အဲဒီလို လက်ထပ်ပြီဆိုရင် ဒီက မြို့နယ်ရုံးမှာ လက်မှတ်ထိုးပြန် ထိုးရတယ်၊ ပြည်ထဲရေးဋ္ဌာန လက်အောက်ရှိ သက်ဆိုင်ရာ မြို့နယ်ရုံးက ခေါ်ယူစစ်ဆေးပြီး အတည်ပြုမှ လက်ထပ်မှု တရားဝင်အတည် ဖြစ်ပါတယ်၊ အဲဒီ အတည်ပြုစာရွက်နဲ့ ဂျပန် လူဝင်မူကြီးကြပ်ရေးဌာနမှာ ဗီဇာသွားလျှောက်ပြီး လူဝင်မှုကြီးကြပ်ရေးက ခေါ်ယူ စစ်ဆေးမူတွေ စုံစမ်းစစ်ဆေးမှုတွေကို လုပ်တာတွေကိုလည်း ခံယူရပါတယ်၊ ဗီဇာ မကျခင်မှာ လက်ထပ်ထားသ ဂျပန်နဲ့ အတူနေမှသာ သဘာဝကျတာမို့ အတူနေရပါတယ်၊ လ.၀.က က အတူနေ မနေ ဖုန်းဆက်ပြီး အချိန်မရွေး မေးတတ်တာမို့ ဖုန်းဆက်လာတဲ့ အချိန်မျိုးမှာ အနားမှာ လက်ထပ်ထားတဲ့ ဂျပန်မရှိရင် သင်္ကာမကင်း ဖြစ်တာခံရတာမို့ ဗီဇာ အတွက်လည်း နှောင့်နှေးကြံ့ကြာမှုတွေ ဖြစ်လာနိုင်သလို၊ ငြင်းပယ်ခံရတာတွေလည်း ရှိလာနိုင်ပါတယ်။ အခုနောက်ပိုင်း ပိုမို တင်းကြပ်မှုတွေကြောင့် အိမ်အထိ လာရောက် စစ်ဆေးမူတွေပါ ရှိလာတော့ မချစ်သော်လည်း အောင့်ကာနမ်း အတူနေကြ ရပါတယ်။

မြန်မာတွေအတွက် အဓိကထား ရေးမှာမို့ ရွှေတွေ အဖြစ်အပျက်တွေကိုပဲ ဇောင်းပေးမှာပါ၊ မြန်မာယောကျာင်္း တယောက်က ဂျပန်အမျိုးသမီးနဲ့ အင်,လက်ထပ်ပြီး အတူနေရတာ ပြဿနာ မရှိနိုင်ပေမယ့် မြန်မာ အမျိုးသမီးတွေက အတူနေဖို့ နည်းနည်း ပြဿနာ ရှိနိုင်ပါတယ်၊ မကြာသေးမှီက ဂျပန် တယောက်နဲ့ အင်,လက်ထပ်ဗီဇာ ရသွားသူ တယောက်ဆို လ.၀.က က အိမ်ဝင်စစ်တဲ့အခါ အိပ်ယာက နှစ်ခုဖြစ်နေတာမို့ လ.၀.က က သကာင်္မကင်းဖြစ်လို့ စစ်ဆေးတာ ခံရပေမယ့် အလျှောက်ကောင်းလို့ အထောင်းသက်သာ ဗီဇာ ရသွားသလို၊ မြန်မာအမျိုးသမီးက ဂျပန်နဲ့ အင်,လက်ထပ်ပြီး အတူနေပေမယ့် သူ့ ယောကျာင်္းမြန်မာ အမျိုးသားနဲ့က တခန်း၊ ဂျပန်ဘိုးတော်ကို တခန်းပေးနေလို့ ဖုန်းဆက်မေးတိုင်း ဘိုးတော်ပါ ရှိနေတော့ အဆင်ကိုပြေလို့ အင်, အပျိုရွှေမမ ဗီဇာ ရသွားပါရော၊ လူတိုင်း သူတို့လိုပဲ အရာခပ်သိမ်း အဆင်မပြေနိုင်မှာ မဟုတ်ပါဖူး … မဟုတ်ပါလား? ။

မြန်မာပြည်ကနေ ပွဲစားနဲ့ လက်ထပ်သူတွေ ကတော့ မြန်မာပြည်မှာ လက်ထပ်ဖို့ ဂျပန်က အခေါက်ခေါက် အခါခါ သွားပြီးမှ လက်ထပ်ပွဲပုံ ဓာတ်ပုံတွေ စာချုပ်တွေနဲ့ ဗီဇာလျှောက်မှ ရပါတယ်။ တချို့ကလည်း ပိုက်ဆံယူပြီး အေးဆေးဖြစ်ပေမယ့် တချို့ကလည်း နေရင်း နေရင်း အင်, မဟုတ်ချင်တော့ဘဲ သာယာပြီး ဂျပန်ဘိုးတော်တွေနဲ့ တကယ် အတည်ယူမိသွားတဲ့ သူတွေလဲ ရှိသားလား? အဲဒီအခါကျမှ ဆုပ်လည်းဆူး စားလည်းရူး ပဒိုင်းသီး စားမိတဲ့ ဘဝ ရောက်တော့တာပါဘဲ၊ လွန်ခဲ့တဲ့ လ အနည်းငယ်လေးက ပြည်ပက မြန်မာတွေကြားမှာ ရေပန်းစား နံမည်ကြီးသွားတဲ့ မြန်မာရုပ်ရှင် သရုပ်ဆောင်တဦး အကြောင်းပါ ကြုံလို့ ဖောက်သည်ချ လိုက်ပါအုံးမယ် ယူတတ်ရင်တော့ သင်ခန်းစာပေါ့။

 

ဇါတ်လမ်းက ဒီလို…. ဂျပန်နိုင်ငံသား ခံယူထားတဲ့ ကိုးရီးယားလူမျိုး ဥပဒေအကြံပေး လူပွဲစားက မြန်မာပြည်က လူတွေကို ဂျပန်ကို အကြီးအကျယ် ရိုက်သွင်းတဲ့ နေရာမှာ တော်တော် နာမည်ကြီးပါတယ်၊ အဲဒီလူက ဒီက ဂျပန် ဘိုးတော်နှစ်ယောက်ကို ပိုက်ဆံရမယ် မြန်မာပြည်က လူကိုခေါ်ဖို့ စပွန်စာ ပေးရုံဘဲပြောလို့ သုံယောက်သား ဗမာပြည် သွားကြတာပေါ့၊ ဟိုရောက်တော့ ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးရဲ့ အကို၀မ်းကွဲနဲ့ သူ့ရဲ့သားကို ဂျပန်ဝင်ခွင့်ရဖို့ တယောက်က တာဝန်ယူ ရပါတယ်၊ အဲနောက် တယောက်ကိုတော့ အဲဒီ အကိုလုပ်သူက သရုပ်ဆောင် အမျိုးသမီးနဲ့ ပေးတွေ့တော့ ဘိုးတော်က တော်တော်ကြိုက်ပြီး ကြွေကာ သဘောတော် ခွေ့တော်မူ သတဲ့။

ဟို အမျိုးသမီးကလည်း ဂျပန်ကို ဘယ်လို လာရ လာရ ပြီးရော၊ ဒီ ဘူတားကြီး ဂျပန်ကို ရိုက်ကွင်းတွေ ဘာတွေအထိ လည်လည်ခေါ်သွား ဆိုတော့ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို ဂျပန်ကလည်း အထင်ကြီးအောင်ပြော တယောက်နဲ့ တယောက် အထင်တွေကြီးပြီး အတည်ယူဖို့ အထိဖြစ်ကာ ဒီရောက် လာပါလေရော၊ ဒီရောက်တော့ ဂျပန်ဘိုးတော်က အဲဒီ အမျိုးသမီး ထင်ထားသလို သူဋ္ဌေးလဲ မဟုတ်၊ လခစား ၀န်ထမ်းလည်း မဟုတ်၊ ပိုက်ဆံလည်း မရှိ၊ ကလေးတယောက် အဖေ အိမ်ထောင်ကွဲဆိုတာသိရတော့ တလကျော်ကျော်လောက် အတူနေပြီး ထွက်ပြေးရတဲ့ အဆင့်တွေဖြစ်ပြီး နိုင်ငံရေး အသိုင်းအဝန်းထဲက ဆလိမ် ဆရာကြီးတယောက်ရဲ့ ကိုယ်ဖိရင်ဖိ စောင့်ရှောက်မူကို ခံယူပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရတဲ့ အခြေအနေထိ ဖြစ်သွားရသလို၊ ဂျပန်ဘိုးတော်က သက်ဆိုင်ရာတွေကို ဗီဇာ မရရှိရေးအတွက် တိုင်ကြားမူတွေကိုလည်း အဆက်မပြတ်လုပ်နေတာမို့ ရင်လေးစရာ အဖြစ်တွေနဲ့ ဘိုးသိုးဘတ်သပ်ကြီး ကြံုနေရသတဲ့။

အင်, လက်ထပ်မယ့် မြန်မာမလေးတွေ သတိလေးထား ဆင်ခြင်ကြစေသလို၊ အင်,လက်ထပ်မှုကို လုပ်တဲ့ ဂျပန်ဆိုတာ ပိုက်ဆံရှိပြီး ဂုဏ်သိက္ခာနဲ့ နေတဲ့ ဂျပန်တွေက မလုပ်သလို၊ ကိုယ့်အန္တရာယ်လေးတွေကိုလည်း ကြိုမြင် ကြစေချင်ပါတယ်။ ဗူးလေးရာ ဖရုံဆင့်ပြီး အဲဒီ သရုပ်ဆောင်အမျိုးသမီးရဲ့ အကိုဆိုသူက ဂျပန်မှာ ၈နှစ်လောက် နေသွားဖူးတာ ဆိုတော့ ဂျပန်လေဆိပ်အဝင်မှာ ပေါ်သွားတာမို့ ပြည်ဝင်ခွင့် မပေးတဲ့အတွက် သားရော အဖေရောပါ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတာ လေးလည်းကြားသိ ရပါတယ်။

alt 

ဂျပန် လေဆိပ်များတွင် Fingers Print (ခေါ်) လက်ဗွေ နှိပ်ယူ မှတ်သားထားစဉ် 

ဂျပန်နိုင်ငံဟာ စီးပွားရေး ရှာဖွေကောင်းတဲ့ နိုင်ငံတခုဖြစ်တာမို့ နိုင်ငံခြားသားတွေ ၁၉၉၀ခုနှစ်မှ စ၍ အလုံးအရင်းနဲ့ လှိမ့်ဝင်လာခဲ့ရာ နိုင်ငံခြားသားများ လာရောက်နေထိုင်မှု တဟုန်ထိုး တိုးတက်လာခဲ့ရတယ်၊ ၂၀၀၄ခုနှစ် ၁လပိုင်းမှ စပြီး အိုဗာစတေး (ရက်လွန်) နေထိုင်သူ ၂၁၉,၄၁၈ဦး ရှိခဲ့ရာမှ ၅နှစ်စီမံကိန်းဖြင့် တရားမဝင် နိုင်ငံခြားသားများကို နှိမ်နင်းခဲ့ရာ ၁၁၃,၀၀၀ အထိ ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးဌာနမှ ဖေဖော်ဝါရီလ အတွင်းတရား ၀င်ထုတ်ပြန် ကြော်ငြာခဲ့တယ်လို့ သိရှိရပါတယ်။ ဂျပန်အစိုးရမှ နိုင်ငံခြားသားများကို နှိမ်နင်းရာမှာ ရဲဌာန အကူအညီနဲ့ ဒေါက်တိုင်သုံးခု စီမံကိန်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်မယ် ဆိုပြီး၊ ဒီ ဒေါက်တိုင်သုံးခု စီမံကိန်းဟာ ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ တရားမဝင်သော နည်းလမ်းများဖြင့် မလာနိုင်အောင် { မလာနိုင်အောင် (Kosasenai)၊ မဝင်နိုင်အောင် (Hairasenai)၊ တရားမဝင် နေထိုင်ခြင်းမရှိနိုင်အောင် (Isasenai)၊ စနစ်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ }

(၁) မလာနိုင်အောင် (Kosasenai) အတွက် တရားမဝင် နည်းလမ်းများဖြင့် မလာနိုင်အောင် ဗီဇာကို တင်းကျပ်စွာ စစ်ဆေးမူပြုပြီး တောင်-ကိုရီးယားနိုင်ငံ အင်ချောင်းလေဆိပ်နှင့် ထိုမ်ဝမ်နိုင်ငံရှိ တာအိုယမ်း လေဆိပ်များမှ ၀င်လာမည့် သူများကို ကြပ်မတ်စစ်ဆေးမူများ လုပ်နေခြင်း။

(၂) မဝင်နိုင်အောင် (Hairasenai) အတွက်ကို ဂျပန်သို့ လာမည့်သူများကို APIS: Advance Passenger Information System ဖြင့် ကိုယ်ရေးအချက်အလက်များ သေချာစွာစစ်ဆေးပြီး နာမည်ပျက် ရှိ၊ မရှိစစ်ဆေးခြင်း။

(၃) တရားမဝင် နေထိုင်ခြင်းမရှိနိုင်အောင် (Isasenai) ဂျပန်နိုင်ငံအတွင်း ဂျပန်နိုင်ငံရဲ့ နေရာ ၁၂,၃၉၁ နေရာမှာ စစ်ဆင်ရေးတွေ လုပ်ပြီး ဖမ်းဆီးမူတွေ လုပ်နေတဲ့အပြင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးဖို့ အိုဆာကာနဲ့ နာဂိုယာမြို့ များမှာ လ.၀.က ထိန်းသိမ်းရေး အကျဉ်းစခမ်း အဆောက်အဦးသစ်များ ဆောက်လုပ် ထားရှိသလို၊ ၂၀၀၇ခုနှစ် နို၀င်ဘာလမှ စတင်ကျင့်သုံးခဲ့တဲ့ ကွန်ပြုတာစနစ်ဖြင့် လက်ဗွေယူမူကို ကျင့်သုံးခဲ့တာကြောင့် အိုဗာစတေးနှင့် အကြောင်း အမျိုးမျိုးကြောင့် ဂျပန်နိုင်ငံအတွင်း နေထိုင်ခဲ့ဖူးသည့် ပြည်နှင် ဒဏ်ခံထားရသူများ ဂျပန်သို့ ပုံစံအမျိုးမျိုးဖြင့် ပြန်လည် ၀င်ရောက်လာနိုင်မူကို် တားဆီးနိုင်ခြဲ့့ပီး ယနေ့အချိန်ထိ ၈၆၄ဦး လက်ဗွေကြောင့် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ် ခံခဲ့ကြရတယ်လို့ သတင်း အထောက်အထားတွေ အရ သိရှိရပါတယ်။

 

အောက်တိုဘာ ၂၄ရက်နေ့က ဂျပန်တရားရေး ၀န်ကြီးဌာန ထုတ်ပြန်တဲ့ သတင်းတွေအရ နိုင်ငံခြားသား မှတ်ပုံတင်ပြုလုပ်ပြီး နေထိုင်နေကြသူပေါင်း ၂၁၅၂၉၇၃ ရှိပြီး အာရှနိုင်ငံသား ၁၆၀၂၉၈၄ ဦး၊ ဥရောပနိုင်ငံများမှ ၆၀၇၂၃ ဦး ၊ အာဖရိကနိုင်ငံများမှ ၁၁၄၆၅ ဦး၊ မြောက်အမေရိကားတိုက် နိုင်ငံများမှ ၃၉၃၈၄၂ ဦး၊ ဩစတြေးလျတိုက် နိုင်ငံများမှ ၁၅၁၉၁ ဦးနှင့် နိုင်ငံမဲ့အဖြစ် နေထိုင်နေသူ ၁၅၇၃ ဦးတို့ ဖြစ်ပြီး မြန်မာနိုင်ငံသား များထဲမှ ၆၆၀၅ ဦး ၊နိုင်ငံခြားသား ကဒ်လုပ်ထားသော်လည်း ဗီဇာ မရရှိသေးသူ ၁၂၇ ဦး စုစုပေါင်း မြန်မာလူမျိုး ၆၇၃၅ ဦး နေထိုင်လျှက်ရှိတယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

နိုင်ငံခြားသားဦးရေ အများဆုံးမှာ ကိုရီးယား၊ တရုတ်နှင့် ဖိလင်ပင်း တို့မှာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှ ဂျပန်သို့ လာလိုလျှင် လက်ရှိ ပွဲစားပေါက်ဈေးမှာ ၁၃၀သိန်းခန့် ပေါက်လျှက်ရှိပြီး ယနေ့ လုပ်ငန်းခွင်များမှာ ဗီဇာ မရှိလျှင် အလုပ်အကိုင် အခက်အခဲများ ရှိနိုင်ပြီး ၊ သူ့လူမျိုး သူ့ဘာသာစကား မတတ်လျှင်လည်း ဗီဇာ ရှိနေသူပင် ဖြစ်စေကာမူ အလုပ်ရှာရန် ခက်ခဲမှုများ ရှိနိုင်ပါတယ်။

၂၀၀၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ အထိ မှတ်တမ်းများအရ ကိုရီးယားနိုင်ငံသား ၂၄၁၉၈၊ တရုတ်နိုင်ငံသား ၁၈၃၈၅၊ ဖိလစ်ပိုင်နိုင်ငံသား၁၇၂၈၇၊ ထိုင်းနိုင်ငံသား ၆၀၂၃၊ ထိုင်ဝမ်နိုင်ငံသား ၄၉၅၀၊ ပီရူးနိုင်ငံသား ၃၃၉၆၊ အင်ဒိုနီးရှား နိုင်ငံသား ၃၁၂၆၊ မလေးရှားနိုင်ငံသား ၂၉၈၆၊သီရိလကာင်္ နိုင်ငံသား ၂၇၉၆နှင့် ဗီယက်နမ်နိုင်ငံသား ၂၅၂၇ဦးတို့ နိုင်ငံအလိုက် တရားမဝင် နေထိုင်လျှက်ရှိပြီး မြန်မာ လူမျိုးတွေကတော့ လူဦးရေ နည်းပါးသေးတာကြောင့် အိုဗာစတေး ရက်လွန်နေထိုင်သူတွေ ရှိနေသေးသော်လည်း စာရင်း ထုတ်ပြန်ထားခြင်း မပြုပေ၊ တရားမဝင် နိုင်ငံခြားသားများ ပပျောက်ရေးအတွက် ယခု နှစ်ကုန်ပိုင်းအထိ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ တရားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပြီး အိုဗာစတေး နှင့် အင်,ဗီဇာ သမားတွေ အတွက် အခြေအနေ မကောင်းလှပါ၊ ပြည်ဝင်ခွင့် ဗီဇာများ တင်းကျပ်ထားမူကြောင့် ပြည်ပမှ ၀င်ရောက်လာသူ နိုင်ငံခြားသားဦးရေ သိသိသာသာ လျှော့နည်းသွားသော်လည်း ဂျပန်သို့ ၀င်ရောက်လာတဲ့ ရွှေမြန်မာ အရေအတွက်က သိသိသာသာ တိုးပွားလာပြီး အောက်တိုဘာလ အတွင်းရောက်ရှိလာတဲ့ မြန်မာဦးရေဟာ ရ၀ ယောက်ခန့်လို့ ခန့်မှန်း သုံးသပ်နိုင်ပြီး ၀င်ရောက်လာသူ တော်တော်များများဟာ နိုင်ငံရေးခိုလှုံခွင့် ဗီဇာတွေကို လျှောက်ထားကြပါတယ်တဲ့ …..ဗျာ။

alt 

ဂျပန်နိုင်ငံမှ ပေးသော ဗီဇာအမျိုးအစားများ

ဂျပန်ရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေမူတွေကြောင့် အလုပ်လက်မဲ့ နိုင်ငံခြားသား လေးထောင် သုံးရာကျော်ရှိနေတဲ့ အတွက် ဂျပန်ရောက်လာတဲ့ ပူပူနွေးနွေး ရွှေမြန်မာများအတွက် အလုပ်အကိုင် ရှာဖွေမူတွေ ခက်ခဲနေပြီး ဒီရောက်မှ ခေါက်ဆွဲပြုတ် တဘူးကို မနက်,ည ပေါင်းစား နေရသူတွေလည်း တွေ့မြင်လာရပါပြီ၊ တကယ်တော့ ဂျပန်မှာ နိုင်ငံခြားသားတွေကို ဗီဇာ အမျိုးအစားပေါင်း ၁၀၀ ကျော် ထုတ်ပေးထားတယ် ဆိုတဲ့ ချဲ့ကားပြီး ပြောဆိုနေကြပေမယ့် အဓိက တကယ့် အမျိုးအစားက ရ မျိုးပဲ ရှိပါတယ်၊ ဂျပန်က အင်, လက်ထပ်မှုတွေနဲ့ ဗီဇာ ရထားသူတွေဟာ အလိမ်ပေါ်သွားခဲ့ရင် အချိန်မရွေး ဖမ်းဆီးခံရနိုင်ပြီး ရထားတဲ့ ဗီဇာပါ ပြန်အသိမ်းခံရသူတွေ၊ အခြားသော အခြားသော နည်းလမ်းပေါင်းစုံနဲ့ ဗီဇာရသူတွေ အများအပြား ရှိလာနေကြတာမို့

ဂျပန်က ဗီဇာနဲ့ ပတ်သက်ရင် အရမ်း အရမ်းကို ခက်ခဲမှုတွေ ရှိနေသေးတယ် ဆိုတဲ့အကြောင်းများ………..

ကမာနီလာ

LEAVE A REPLY

Please enter your comment!
Please enter your name here