တက်ကြွလှုပ်ရှားသူ

"တက်ကြွ လှုပ်ရှားသူဆိုတာ ဘယ်သူလဲ ….?

တက်ကြွ လှုပ်ရှားသူကို အင်္ဂလိပ်လို Activist လို့ခေါ်ပါတယ်။ မြန်မာဝေါဟာရကို ဘယ်သူက စတင် ဘာသာပြန်လိုက် သလဲ မသိပါဘူး။ ဒါပေမယ့် အလွန်ထိမိတဲ့ စကားလုံးပါ။

အဓိပ္ပာယ် တိကျပါတယ်။ လူအများကို နှိုးဆော်ပေးနိုင်စွမ်း ရှိပါတယ်။ အားတက်သရော ပါဝင် ပူးပေါင်းလိုစိတ် ဖြစ်ပေါ်စေပါတယ်။ ဒီစကားလုံး မြင်တာနဲ့ တာဝန်ရှိသူတွေ မတရား လုပ်နေပြီ၊ တာဝန်တွေ ပျက်ကွက်နေပြီ ဆိုတာ သိကြပါတယ်။ တာဝန်ရှိသူတွေကို ခြောက်ခြား တုန်လှုပ်စေတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။"

လူအများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ တာဝန်ရှိသူတွေကို ကန့်ကွက်ဆန့်ကျင်တာ၊ သဘောမတူကြောင်း ပြသတာ၊ တောင်းဆိုတာနဲ့ လူအများကို ပညာပေးတာ၊ ကူညီတာတွေဟာ တက်ကြွလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဒါမျိုးတွေ လှုပ်နေသူကို တက်ကြွလှုပ်ရှားသူလို့ ခေါ်ပါတယ်။

တက်ကြွလှုပ်ရှားရတဲ့ အကြောင်းရင်းနဲ့ ရည်မှန်းချက်ကို တာဝန်ရှိသူတွေအပါအဝင် လူအများသိအောင် လုပ်ရတာ ဖြစ်လို့ တက်ကြွလှုပ်ရှားသူတွေဟာ များသောအားဖြင့် တဦးချင်းဖြစ်စေ၊ အများဖြစ်စေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါ တယ်။ တာဝန်ရှိသူထံကို စာပို့ပြီးတော့လည်း လှုပ်ရှားကြပါတယ်။ တကယ်လို့ လူအများ ပါဝင်တယ်ဆိုရင် ဆန့်ကျင် ကန့်ကွက်တာ (ဒါမှမဟုတ်) သဘောတူထောက်ခံတာကို လက်မှတ်တွေရေးထိုးပြီး ပေးပို့ပါတယ်။ အင်တာနက် ခေတ်ကို ရောက်လာတဲ့အခါမှာ အင်တာနက်ကနေ စာပို့ကြပါတယ်။ တဦးချင်းလုပ်တာတွေရှိသလို လူအများက လက်မှတ်ရေးထိုးပြီး ပါဝင်တဲ့လှုပ်ရှားကြတာလည်း ရှိပါတယ်။

တက်ကြွလှုပ်ရှားသူတွေမှာ အမျိုးသား-အမျိုးသမီး ခွဲခြားမထားကြပါဘူး။ ဆင်းရဲ-ချမ်းသာ ခွဲခြားတာလည်း မရှိပါဘူး။ ပြီးတော့ စာတတ််-မတတ် သတ်မှတ်ချက် မရှိပါဘူး။ အသက်အရွယ်၊ ဘာသာတရား၊ မျိုးရိုးကန့်သတ်ချက်လည်း မထား ပါဘူး။ ဘယ်သူမဆို စိတ်ပါရင် ပါဝင်လှုပ်ရှားနိုင်ကြပါတယ်။ ဥပမာ- အမျိုးသမီးတွေ အခွင့်အရေး ပိုရဖို့ တောင်းဆိုတဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေကိုယ်တိုင်ကပါ ဦးဆောင်လှုပ်ရှားပေးကြပါတယ်။ ၂ဝဝ၇နဲ့ ၂ဝဝ၈ ခုနှစ်တွေတုန်းက မြန်မာနိုင်ငံနဲ့ တိဗက်ဒေသမှာ အရှိန်အဟုန် ပြင်းထန်တဲ့ တက်ကြွလှုပ်ရှားမှုတွေ ရှိခဲ့ ပြီး ဗုဒ္ဓဘာသာ သံဃာတော်တွေက အဓိကဦးဆောင် ပါဝင် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လှုပ်ရှားမှုဟာ “ရွှေဝါရောင်တော်လှန်ရေး” ဆိုပြီး ကမာ္ဘကျော်သွားခဲ့ပါတယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ပြည်သူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ဦးစားပေးထားတာဖြစ်လို့ ကိုယ်တိုင်ဆုံးဖြတ်ချက် ချပြီးမှဘဲ ဝင်ရောက် လှုပ်ရှားကြပါတယ်။ အာဏာရှင် စနစ်အောက်က ပြည်သူတွေမှာတော့ စိတ်ပါနေတာတောင်မှ ပါဝင်လှုပ်ရှားနိုင်တဲ့ အခြေအနေမရှိဘဲ ဝင်မပါနိုင်ကြပါဘူး။ အာဏာပိုင်တွေအပေါ် စားဝတ်နေရေးအရ မှီခိုနေရ တာတွေ၊ ကြောက်ရွံ့နေရတာတွေက အဓိက အတားအဆီးတွေ ဖြစ်နေပါတယ်။ ဒီလိုကိစ္စမျိုးတွေရှိနေရင် တက်ကြွ လှုပ်ရှားသူတွေက အရင်ဆုံး စုပေါင်းဖြေရှင်းပြီး အင်အားကို တည်ဆောက်ကြပါတယ်။ လှုပ်ရှားမှုမှာ ပါဝင်မယ့်သူတွေ အချင်းချင်း စားဝတ်နေရေး အခက်အခဲတွေကို ယိုင်းပင်းကူညီကြပါတယ်။ ကြောက်ရွံ့စိတ်တွေ ပျောက်သွားအောင် အားပေးကြပါတယ်။

များသောအားဖြင့်မှာတော့ နစ်နာဆုံးရှုံးမှု၊ နိုင်ငံရေးအရည်အချင်း၊ လှုပ်ရှားဖူးတဲ့ အတွေ့အကြံု၊ အသိုင်းအဝိုင်းအင်အား၊ ရှေ့ရေးကို မျှော်မြင်တွေးဆနိုင်တဲ့အပေါ် အခြေခံပြီး ဦးဆောင်လှုပ်ရှားသူတွေ ထွက်ပေါ်လာပါတယ်။ လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်၊ အဖွဲ့အစည်း၊ မဟာဗျူဟာ၊ အစီအစဉ် စတဲ့ စနစ်တကျ ပြင်ဆင်မှုတွေ ရှိကြပါတယ်။ သူတို့ကို ထောက်ခံ အားပေးသူတွေ များလာတဲ့အခါမှာ လှုပ်ရှားမှုဟာ ပိုမိုကျယ်ပြန့်ပြီး အရှိန်ကောင်းလာပါတယ်။

အစိုးရကို ကန့်ကွက်ဆန့်ကျင် ဆန္ဒပြ တောင်းဆို

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရရဲ့ ပေါ်လစီနဲ့ ဥပဒေတွေ (ဒါမှမဟုတ်) အစိုးရ လုပ်ရပ်တွေကို လက်မခံနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ဟာ ဆန့်ကျင ကန့်ကွက်ကြပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေကို အထိခိုက်ခံပြီး အများအတွက် ပိုမို ကောင်းမွန်စေချင်တဲ့ စေတနာနဲ့ လုပ်ကြတာဖြစ်ပါတယ်။ ဥပမာ- အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ကိစ္စတွေ၊ အစိုးရတာဝန်ကို ယူထားသူတွေက အာဏာ အလွဲသုံးစား လုပ်နေတဲ့ကိစ္စတွေကို ဆန့်ကျင် ကန့်ကွက်ကြတာမျိုး ဖြစ်ပါတယ်။ တိုင်းပြည်အရေး၊ လူထုအရေးအတွက် လူထုလိုလားချက်နဲ့ မကိုက်ညီတာတွေကို အစိုးရက လုပ်ဆောင် နေသမျှ ကာလပတ်လုံး အခွင့်သာရင် သာသလို တက်ကြွ လှုပ်ရှားသူတွေက ဆန့်ကျင် ကန့်ကွက်နေကြမြဲ ဖြစ်ပါတယ်။ ပြုပြင်ပေးဖို့ တောင်းဆိုမြဲ ဖြစ်ပါတယ်။

ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေး အပြည့်အဝ ရှိပါတယ်။ ပြည်သူတွေမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့်တွေ ရှိနေကြလို့ အစိုးရကို လွတ်လွတ်လပ်လပ် ဆန့်ကျင် ကန့်ကွက်ခွင့် ရှိနေပါတယ်။ အစိုးရ ပေါ်လစီတွေကို သဘောမတူပဲ ဆန့်ကျင်ပိုင်ခွင့် ရှိပါတယ်။ တောင်းဆိုပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတွေမှာ တက်ကြွ လှုပ်ရှားသူတွေဟာ လူထုကြားထဲကနေ အမြဲတစေ ထွက်ပေါ် လာနေတတ်ပါတယ်။

လူတွေတင်ဘဲ မဟုတ်သေးပါဘူး။ အသင်းအဖွဲ့ (Institution) တွေကလည်း အစိုးရကို ဆန့်ကျင်ကန့်ကွက် တောင်းဆို ကြတဲ့အခါ တက်ကြွလှုပ်ရှားမှုကို လုပ်တတ်ကြပါတယ်။ ဥပမာ- အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂလို့ ပြောရင် တက်ကြွ လှုပ်ရှားသူတွေဘဲလို့ မျက်စိထဲ ချက်ချင်း ပြေးမြင်မိကြပါတယ်။ ဒါဟာ မြန်မာတွေအဖို့ တက်ကြွလှုပ်ရှားမှုနဲ့ မစိမ်းတဲ့သဘောပါ။ သမဂ္ဂတွေ သာမကပါဘူး။ အစိုးရနဲ့မဆိုင်တဲ့ အသင်းအဖွဲ့ (NGO- Non-governmental Organization) မှန်သမျှ လိုအပ်ရင် လိုအပ်သလို တက်ကြွ လှုပ်ရှားသူတွေအဖြစ် အသွင်ပြောင်းနိုင်ကြပါတယ်။ အစိုးရနဲ့ ဆိုင်တဲ့ အသင်း အဖွဲ့တွေမှာတောင် တခါတလေမှာ ရှိတတ်ပါတယ်။

ဥပမာ-တပ်တွင်း ပုန်ကန်မှု (Mutiny) ဖြစ်ပါတယ်။ နိုင်ငံတချို့ရဲ့ စစ်တပ်တွေမှာ စစ်သားတွေကို လုံလောက်တဲ့ လစာငွေ မပေးတဲ့အပြင် ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေ ရှိတတ်ကြပါတယ်။ အတိုင်းထက်အလွန် ဖြစ်သွားရင် ဘယ်စစ်သားမှ သီးမခံတတ်ပါဘူး။ ဒီအခါမှာ သူတို့ရပိုင်ခွင့်အတွက် ဆန့်ကျင်ကန့်ကွက်-တောင်းဆိုဖို့ တက်ကြွလှုပ်ရှားလာတတ် ပါတယ်။ ဒါကို တပ်တွင်း ပုန်ကန်မှုလို့ခေါ်တာပါ။ စစ်တပ်က အာဏာသိမ်းတဲ့ အမျိုးအစား (Coup d’état or Coup) နဲ့ မတူ ပါဘူး။ စစ်တပ်ထဲမှာ တက်ကြွလှုပ်ရှားတဲ့ တပ်တွင်းပုန်ကန်မှုဟာ အန္တရာယ် အမြဲဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်လာရင် အစိုးရတွေဟာ စစ်တပ်သုံးပြီး တိုက်ရိုက် ဖြေရှင်းတတ်လို့ ဖြစ်ပါတယ်။ စစ်သားတွေသာမက အရပ်ဘက်ပြည်သူတွေလည်း သေကြေ ဒဏ်ရာရတတ်ပါတယ်။

ဒီမိုကရေစီ မဟုတ်တဲ့ အာဏာရှင်နိုင်ငံတွေ၊ ဒီမိုကရေစီ မအောင်မြင်နိုင်သေးတဲ့ နိုင်ငံတွေနဲ့ ဘာသာရေးခေါင်းဆောင် တွေက စိုးမိုးအုပ်ချုပ်နေတဲ့ သီအိုကရေစီ (Theocracy) နိုင်ငံတွေမှာလည်း တက်ကြွလှုပ်ရှားသူတွေ ရှိနေကြပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အခွင့်သာမှ လှုပ်ရှားနိုင်တဲ့သဘော ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူထုကဏ္ဍ ကနေ အကြီးအကျယ် တက်ကြွ လှုပ်ရှားတာတွေနဲ့ ပတ်သက်ပြီး အချိန်ကာလ အနီးစပ်ဆုံး နမူနာပြရရင် ၁၉၈၈ ခုနှစ်တုန်းက ရှစ်လေးလုံး လူထုလှုပ်ရှားမှု (၈၈၈၈)နဲ့ ၂ဝဝရ ခုနှစ်တုန်းက ရွှေဝါရောင် တော်လှန်ရေးတို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့ကြလို့ တက်ကြွလှုပ်ရှားမှု သဘောတရားကို အတော်အတန် တီးမိခေါက်မိ သိရှိထားပြီးကြပါပြီ။ အာဏာရှင်စနစ်အောက်မှာ ရုန်းကန်နေရ ပေမယ့်လည်း ဘယ်လိုတက်ကြွလှုပ်ရှားရမလဲ ဆိုတာကို မြန်မာနိုင်ငံသား အများစုကတော့ ချက်ဆို နားခွက်က မီးတောက်နေပြီးကြပါပြီ။ သမိုင်းအဆက်ဆက် လက်ဆင့်ကမ်း အမွေအနှစ်ကောင်း တခုလို့ ဆိုရမှာပါ။

လူထု လက်မခံနိုင်တဲ့ အစိုးရရဲ့ပေါ်လစီနဲ့ ဥပဒေတွေ (ဒါမှမဟုတ်) အစိုးရလုပ်ရပ်တွေအပြင် အစိုးရက လုပ်သင့်ရက်နဲ့ မလုပ်သေးတာတွေ၊ အစိုးရက ဦးဆောင်လုပ်ဖို့ လိုအပ်နေတာတွေကိုလည်း တက်ကြွလှုပ်ရှားသူတွေက ထောက်ပြဖို့ လိုတဲ့အခါမှာ လှုပ်ရှားတတ်ကြပါတယ်။ ဥပမာ- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပြည်ပအရေးတွေမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရက ပျက်ကွက်နေရင်လည်း တက်ကြွ လှုပ်ရှားသူတွေက တိုက်တွန်းနှိုးဆော်ပေးတတ်ပါတယ်။

တက်ကြွ လှုပ်ရှားမှုတွေ ရှိတဲ့ အခြားနေရာတွေ

တက်ကြွလှုပ်ရှားသူတွေဟာ အစိုးရကိုသာဦးတည်ပြီး တက်ကြွလှုပ်ရှားနေကြတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးကော်ပိုရေးရှင်းနဲ့ ကုမ္ပဏီတွေ၊ စက်ရုံ-အလုပ်ရုံတွေ၊ ကျောင်းတွေ၊ မီဒီယာတွေ၊ အသင်းအဖွဲ့ဌာန ကိစ္စတွေ မှာလည်း အများအကျိုးနဲ့မကိုက်ညီရင် တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ဆန့်ကျင် ဆန္ဒပြ တောင်းဆိုတတ်ကြပါ တယ်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေဟာ ထင်ရှားတဲ့ နမူနာတွေ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်တွင်းပုန်ကန်မှု ဆိုတာ အသင်းအဖွဲ့ဌာနအပေါ် ဆန့်ကျင် ကန့်ကွက် တောင်းဆိုတဲ့ နမူနာတခုပါ။

ကန့်ကွက်ဆန့်ကျင် ဆန္ဒပြတောင်းဆိုဖို့အတွက်ဘဲ လှုပ်ရှားကြတာ မဟုတ်ပါဘူး။ လူထုကို ပညာပေးတာ၊ သဘာဝ ဘေးအန္တရာယ်လို ကိစ္စတွေ၊ မိဘမဲ့ကလေးတွေ ထောက်ပံ့ရေး၊ AIDS/HIV ဝေဒနာရှင် စောင့်ရှောက်ကုသရေး၊ ဆင်းရဲ နွမ်းပါးမှု သက်သာလျော့နည်းစေရေး အစရှိတဲ့ အခြားလူမှုရေးအကူအညီ ချို့တဲ့နေတဲ့ကိစ္စတွေမှာလည်း တက်ကြွ လှုပ်ရှားမှုတွေ ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးတာ၊ အဓမ္မလုပ်အားခိုင်းစေတာ၊ ကလေးစစ်သားနဲ့ မြေမြှုပ်မိုင်း အစရှိတဲ့ နိုင်ငံတကာဥပဒေ-တားမြစ်ချက်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အစိုးရကို တိုက်တွန်းဖို့ လှုပ်ရှားတတ်ကြပါတယ်။

နမူနာပြရမယ်ဆိုရင် ၂ဝဝရ မေလ(၂)ရက်တုန်းက မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားတဲ့ နာဂစ် လေမုန်တိုင်း ကြောင့် လူဦးရေ တသိန်းလေးသောင်းနီးပါး သေဆုံး-ပျောက်ဆုံးပြီး နှစ်သန်းခွဲလောက် စားဝတ်နေရေး ဒုက္ခရောက်နေ ခဲ့ရာမှာ ပြည်တွင်းပြည်ပမှာ တက်ကြွလှုပ်ရှားသူတွေ အများအပြား ထွက်ပေါ်လာခဲဲ့ပြီး ငွေအား၊ လူအားနဲ့ အားတက် သရော ကူညီပေးခဲ့ကြပါတယ်။

မြန်မာ့ရာဇဝင်မှာ အခုလို ကပ်ဘေးမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ အစိုးရအနေနဲ့ အချိန်မီ ပြည့်ပြည့်ဝဝ အကူအညီ မပေး နိုင်ခင်မှာ လူထုက တက်တက်ကြွကြွနဲ့ ကူညီပေးခဲ့ကြပါတယ်။ ဒီလို လူမှုရေးကိစ္စမှာ အစိုးရဘက်က အဆိုးဆုံး နာမည် ပျက်သွားတာကတော့ ထင်ရှားကျော်ကြားတဲ့ ဖျော်ဖြေရေးသမား ဇာဂနာ (ကိုသူရ) တို့လို လေဘေးကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အပြစ်ပေး အရေးယူခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အခြား မြန်မာ လှုပ်ရှားတက်ကြွသူတွေလည်း အဖမ်းခံရပါတယ်။ ဒါကိုကြည့်ရင် မြန်မာ နိုင်ငံမှာ ဒုက္ခရောက်နေတဲ့လူထုကို အစိုးရက ကူညီဖို့ နှောင့်နှေးနေတဲ့အပြင် တကယ်တမ်းကူညီတဲ့ အခြားလူတွေ အပေါ် စစ်အစိုးရက ရန်ငြိုးထားနေတာ သိသာထင်ရှားပါတယ်။

လူထုပညာပေးရေးမှာ လူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေကို တက်ကြွလှုပ်ရှားသူတွေက ပညာပေးကြပါတယ်။ လူ့အသိုင်းအဝိုင်းတခုလုံးရဲ့အသက်လို့ တင်စားရမယ့် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လည်း လူထုက ကျေကျေညက်ညက် နားလည်သဘောပေါက်အောင် တက်ကြွလှုပ်ရှားသူတွေက နှိုးဆော်ပညာပေး တတ်ပါတယ်။ အခြေခံဥပဒေကို လူထုက နားလည်သဘောပေါက်မှ ထောက်ခံအတည်ပြုပြီး လိုက်နာကျင့်သုံးနိုင်သလို လူ့အခွင့်အရေးတွေကိုလည်း အပြည့်အဝခံစားရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ အခြားတာဝန်ရှိသူတွေကိုလည်း အာဏာ အလွဲသုံးစားမှုတွေ မရှိအောင်၊ တာဝန်တွေ မပျက်ကွက်ရအောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မတရားတဲ့ကိစ္စတွေကို တားမြစ်နိုင်ဖို့၊ ပပျောက်သွားနိုင်ဖို့ တရားဥပဒေ စိုးမိုးမှု (Rule of law) ဆိုတာ မရှိမဖြစ်၊ မသိ မဖြစ် အရေးကြီးလှပါတယ်။ တဆက်တည်းမှာဘဲ တရားဥပဒေစိုးမိုးမှုမှာ အဓိက ထိန်းကျောင်းပေးရတဲ့ တရားစီရင်ရေး မဏ္ဍိုင်အပြင် ရဲ အစရှိတဲ့ လူထုကြားထဲက လက်နက်ကိုင်တပ်ဖွဲ့တွေ ခြစားပျက်စီးပြီး တာဝန်တွေ လစ်ဟင်းနေတာကို ပြုပြင်တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အမှန်တကယ်မှာတော့ အစိုးရက နိုင်ငံအဆင့်အနေနဲ့ တာဝန်ယူ လုပ်ပေးရတဲ့ ကိစ္စပါ။ အစိုးရဘက်က ပျက်ကွက်ရင် တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင် ပါဝင်လာမှာ မဆန်းလှပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မတရားတာကို လက်မခံနိုင်၊ လစ်လျူရှု မနေနိုင်လို့ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ကျင့်သုံးမယ်ဆိုရင် လူထုထဲမှာ ဒီမိုကရေစီကို နားလည်သဘောပေါက်ထားသူတွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အများဆုံး ရှိနေရပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးနိုင်မှာ ဖြစ်ပြီး မပျောက်မပျက် တန်ဖိုးမလျော့အောင်လည်း ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့အချက်ကို တက်ကြွ လှုပ်ရှားသူတွေက မြော်မြင်တွေးဆနိုင်ကြပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ လူထုပညာပေးရေးတွေ လုပ်ကိုင်ကြပါတယ်။

တက်ကြွ လှုပ်ရှားသူနဲ့ ဝိသမ စီးပွားရေး

ဒီမိုကရေစီနဲ့ဆိုရင် မိတ်ဘက်လိုဖြစ်နေတတ်တာကတော့ ပုဂ္ဂလိကပိုင် စီးပွားရေးကော်ပိုရေးရှင်းတွေနဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ များသောအားဖြင့်မှာတော့ စီးပွားရေးသမားဆိုတာ သူတို့စီးပွားရေး အမြဲတိုးတက်ကောင်းမွန်နေဖို့ဘဲ ကြည့်တတ်ကြပါတယ်။ ချမ်းသာပြီးရင်း ချမ်းသာချင်တဲ့ ကိုယ်ကျိုးစီးပွားတခုတည်းကိုဘဲ ကြည့်တတ်ကြပါတယ်။

ဒီလိုသဘောရှိတဲ့ စီးပွားရေးသမားတွေဟာ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး စီးပွားရှာတတ်ကြပါတယ်။ တခါတလေမှာ သူတို့ရလာမယ့် ရေရှည်အကျိုးစီးပွားကိုတောင် မကြည့်တတ်ကြပါဘူး။ တနပ်စားလုပ်တတ်ပါတယ်။ လူထုဖွံ့ဖြိုး တိုးတက်ရေးတွေကိုလည်း သိပ်မကြည့်တတ်ကြပါဘူး။ လူတွေဝင်ငွေကောင်းမှ များများဝယ်ယူစားသုံးနိုင်မယ်ဆိုတဲ့ သဘောကိုတောင် မမြင်တတ်လောက်အောင် လောဘစိတ် မွှန်ထူနေတတ်ကြပါတယ်။ လူ့အသိုင်းအဝိုင်းနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးထိခိုက်တာကို သူတို့က သိပ်ဂရုမစိုက်လှပါဘူး။ ဒါတွေကို ပြုပြင်ကြပ်မတ်ရမှာက အစိုးရ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်က ပျက်ကွက်နေရင် တက်ကြွလှုပ်ရှားသူတွေက အစိုးရနဲ့တကွ တာဝန် ရှိသူတွေ သိရှိအောင်၊ လူအများကို သိရှိအောင် ကန့်ကွက်ဆန္ဒပြပြီး ပြုပြင်ပေးဖို့ တောင်းဆိုတတ်ပါတယ်။

ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရရော ရွေးကောက်ပွဲနဲ့မဟုတ်ပဲ တရားမဝင်တက်လာတဲ့ အစိုးရတွေထဲမှာပါ အတော် များများဟာ အာဏာရလာတဲ့အခါမှာ အကျင့်စာရိတ္တတွေ ဖောက်ပြန်တတ်ကြပါတယ်။ အာဏာအလွဲသုံးစားတာ (Abuse of power)၊ လာဘ်စားဖောက်ပြန်တာ (Corruption) တွေကင်းတဲ့ အစိုးရ (Clean government) ဆိုတာ ကမာ္ဘပေါ်မှာ အတော် ရှားပါးလှပါတယ်။ များသောအားဖြင့် သူတို့ အာဏာရနေတုန်း ဓနဥစ္စာ ကြွယ်ဝချမ်းသာနိုင်ဖို့ ကြိုးပမ်း တတ်ကြပါတယ်။ ဝိသမ စီးပွားရေးတွေကို တရားဝင် လုပ်နိုင်အောင် ဥပဒေတွေကို သူတို့လိုရာဆွဲပြီး ပြဌာန်းကြပါတယ်။ ဒီအခါမှာ အစိုးရကို အမြဲစောင့်ကြည့်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ အစိုးရကို ကန့်ကွက်ကြပါတော့တယ်။

(ဆက်လက် ဖော်ပြ ပါဦးမည်။)

လွင်အောင်စိုး

LEAVE A REPLY

Please enter your comment!
Please enter your name here