တောင် ကိုရီးယားနိုင်ငံမှ မြန်မာ့ လူ့အခွင့်ရေးနေ့

alt

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆိတ်သုဉ်းမှုကို မျက်ဝါးထင်ထင် ဖော်ပြခဲ့သော ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည့်  

မတ်လ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၂၁)နှစ်မြောက် လူ့အခွင့် အရေးနေ့ ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံရောက် မျိုးချစ် မြန်မာနိုင်ငံသားများ စုရုံး၍ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာ န.အ.ဖ စစ်အာဏာရှင်တို့၏ အဓမ္မ အခွန်ရုံးရှေ့တွင် ဆန္ဒပြပွဲ နှင့် သတင်း စာရှင်းလင်းပွဲကို ယနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်ဟု လူထုအသံမှ သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား ဌာနခွဲမှ ဦးဆောင်၍ ကိုရီးယားနိုင်ငံရှိ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားရေး လှုပ်ရှားမှု မြှင့်တင်ရေး ကော်မတီ (ကိုရီးယား)မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မျိုးချစ် မြန်မာနိုင်ငံသားများနှင့် အတူ မြန်မာ့အရေးကို စိတ်ပါဝင်စား ထောက်ခံ အားပေးကြသည့် ကိုရီးယား နိုင်ငံမှ အစိုးရ အဖွဲ့အစည်းမဟုတ်သော NGO အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကိုရီးယား တတ်သိပညာရှင်များ၊ တက္ကသိုလ် ကျောင်းသားများ အပါအဝင် စုစုပေါင်းအင်အား (၄ဝ)ခန့် စုရုံး၍ ဆန္ဒပြခဲ့ကြသည်ဟု သိရှိရသည်။

လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲ၏ အဖွင့်အမှာစကားကို ကော်မတီ၏ ကိုယ်စား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား ဌာနခွဲ၏ ဥက္ကဌ ဦးအောင်မြင့်ဆွေက ပြောကြား ပြီးနောက် ဒု-ဥက္ကဌ ဦးမောင်မောင်လွင်က ကော်မတီ၏ ထုတ်ပြန်ချက်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးနေ့ ထုတ်ပြန် ကြေငြာချက်များကို ဖတ်ကြားခဲ့သလို တတ်ရောက်လာကြသည့် ကိုရီးယားနှင့် မြန်မာ အဖွဲ့အစည်း အသီးသီးမှ ရင်ဖွင့် ခံစားချက်စကားများကို ပြောကြားခဲ့ ပြီးနောက် ကိုရီးယား မီဒီယာသမားများမှ မေးမြန်းလာသည့် မေးခွန်းများကို သက်ဆိုင်ရာ အလိုက် အဖွဲ့အစည်းများမှမှ ပြန်လည် ဖြေကြားခဲ့ပါသည်။

ထိုဆန္ဒပြပွဲတွင် အခမ်းအနားမှူး အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား ဌာနခွဲ၏ နိုင်ငံခြား ဆက်ဆံရေးမှူး ဦးကျော်စွာလင်းမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို မွန်းတည့် ၁၂နာရီ တိတိအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ထို့နောက် ဆန္ဒပြပွဲသို့ ပူးပေါင်း ရောက်ရှိလာကြသည့် အင်အားစုများသည် မြန်မာနိုင်ငံရေး အကျဉ်းသား များလွတ်မြောက်ရေး အတွက် ကမ္ဘာလုံး ဆိုင်ရာလူထု လက်မှတ် စုဆောင်း ကောက်ခံခြင်းလှုပ်ရှားမှုကို ကိုရီးယားနိုင်ငံ အတွင်းတွင် စတင်ရန်အတွက် ဆိုးလ်မြို့ အလယ်ရှိ လူစည်ကားရာ ဒေသတခုဖြစ်သော မြောင်ဒုန်းဈေး လမ်းမဆီသို့ ဆက်လက်ထွက်ခွာခဲ့ ကြပြီး နေ့လယ် ၂နာရီမှ ညနေ ၄နာရီအထိ ကိုရီးယား ပြည်သူပြည်သားများနှင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသည့် နိုင်ငံခြားသား ဧည့်သည်များ၏ လက်မှတ်များကို စုဆောင်း ကောက်ခံခဲ့ကြသည်။

မြန်မာ့ နိုင်ငံရေး အကျဉ်းသားများ၏ ရုပ်ပုံကားချပ်များ၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွင်း အနေအထားများကိုလည်း ခင်းကျင်း ပြသထားပြီး ကိုရီးယား၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များကို အများပြည်သူများသို့ ဝေငှခဲ့ပြီး လက်မှတ် စုစုပေါင်း(၃ဝဝ)ခန့်ကို စုဆောင်းရရှိခဲ့ပြီး ရရှိလာမည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ သို့ပေးပို့သွားမည် ဖြစ်သည်။

ကိုရီးယား နိုင်ငံတဝှန်းလုံး သို့ ဖြန့်ကာ အရှိန် အဟုန်တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး အင်တာနက် မှ တဆင့် လက်မှတ်များကို ကောက်ခံ စုဆောင်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းနေ့ မြန်မာ့ နိုင်ငံရေးလှုပ်ရှားသူများကို တိဘက်နွယ်ဖွား နီပေါလ် လူမျိုးတဦးမှ လက်ဘက်ရည်ဖြင့် တိုက်ကျွေး ဧည့်ခံ အားပေးခဲ့သည်ဟု ကိုရန်နိုင်ထွန်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ ကိုရီးယားမှ လူထုအသံသို့ ဖြေဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here