ဒရော့ဘာ အား လူမျိုးရေး ခွဲခြားမှုအပေါ် အလေးအနက် စစ်ဆေးမည်ဟု UEFA ကဆို

alt

ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာအား လူမျိုးရေး ခွဲခြား စော်ကားမှုများ ပြုလုပ်ခဲ့သည် ဆိုသော စွပ်စွဲချက်များ အပေါ် အလေးအနက်ထား ကိုင်တွယ် စစ်ဆေး သွားမည်ဟု ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA က ကြေငြာလိုက်သည်။

အသက် (၃၁)နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ရှေ့တန်း ကစားသမားသည် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ၊ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များ အတွင်း အီတလီမြေတွင် ဂျူဗင်တပ် နှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် “မျောက်” ဟု အော်ဟစ် လှောင်ပြောင်ခြင်း ခံခဲ့ရသည်။

ချဲလ်ဆီး အသင်း တာဝန်ရှိသူ များက (၂)ဂိုးစီ သရေကျခဲ့သည့် ထိုပွဲ အတွင်းက ဖြစ်ရပ်အပေါ် အရေးယူပေးရန် UEFA သို့ တိုင်ကြား ထားပြီးနောက် ယခုအခါတွင် အာဏာပိုင်များက စီစစ်မှုများ ပြုလုပ်ရန် စတင် စီစဉ်နေပြီ ဖြစ်သည်။

ချဲလ်ဆီး အသင်း တာဝန်ရှိသူ တဦးက ၎င်းတို့ အသင်းအနေနှင့် လူမျိုးရေး ခွဲခြားမှုများကို ဆန့်ကျင်ရန် ယတိပြတ် ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့သည်။

အီတလီ ဘောလုံးလောကရှိ ကလပ်အသင်း ပရိသတ်များသည် ပြိုင်ဘက် အသင်းများမှ လူမည်း ကစားသမားများကို လူမျိုးရေး ခွဲခြား လှောင်ပြောင်မှုကြောင့် ပြဿနာ ဖြစ်ပွားရသည့် အစဉ်အလာများ ရှိခဲ့ပြီး UEFA က အီတလီနိုင်ငံ၊ တူရင် အားကစား ကွင်းကြီးတွင် ကစားသွားသည့် ထိုပွဲကို ကိုင်တွယ်သူ စပိန် ဒိုင်လူကြီး အယ်ဘာတို ယူဒီနို ၏ အစီရင်ခံစာကို စောင့်ဆိုင်းနေကြောင်း ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here