တရုတ်ကား ကုမ္ပဏီအား ရန်ပုံငွေ ထောက်ပံ့ရေး နော်ဝေ အစိုးရ လျှော့

alt

နော်ဝေ အစိုးရ အနေ နှင့် တရုတ် ကုမ္ပဏီ ဒေါင်ဖန် မော်တော်အား ရန်ပုံငွေ ထောက်ပံ့ နေမှုအား ဖြတ်တောက် လျှော့ချကြောင်း မတ်လ(၁၃)ရက်နေ့က ကြေငြာ ခဲ့သည်။

အဆိုပါ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုသည် မြန်မာ စစ်တပ်အတွက် စစ်ထရပ်ကားများ ရောင်းချပေးနေသည့် ကုမ္ပဏီ လည်းဖြစ်သည်။ နော်ဝေး ဘဏ္ဍာရေးဝန်ကြီး ကရစ်စတင်ဟဲဗောဆင်း က နံမည်ပျက် နှင့် ကျော်စောနေသော မြန်မာ စစ်အစိုးရ အား ထောက်ပံ့နေသည့် ကုမ္ပဏီ တစ်ခုအား ငွေကြေးအားဖြင့် ကူညီသွားရန် မစဉ်းစား လိုကြောင်း ပြောဆိုခဲ့သည်။

ဒေါင်ဖန်မော်တော်သည် (၂၀၀၈) ခုနှစ် (၆)လတာ ကာလအတွင်း မြန်မာ စစ် အစိုးရအတွက် ထရပ်ကား အစင်း (၉၀၀) ရောင်းချပေးခဲ့ပြီး ထိုကားများအားလုံးကို စစ်ဘက် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်း နော်ဝေးအစိုးရက စစ်ဆေးတွေ့ရှိခဲ့သည်။ ယခုအခါ ကုမ္ပဏီအား ရပ်ဆိုင်းလိုက်သည့် ရန်ပုံငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၄.၅) သန်းမျှ ရှိကြောင်း သိရသည်။

နော်ဝေးအစိုးရသည် ၎င်းအဖွဲ့ဝင်အဖြစ် ပါ၀င်နေပြီး မြန်မာ စစ် အစိုးရကို အရေးယူ ဆန့်ကျင်နေသည့် ဥရောပယူနီယံ၏ တောင်းဆိုမှုကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here