ချစ်ခြင်း ငယ်ပြိုင်

“မြေကမ္ဘာတွင် သူသူငါငါ မကင်းနိုင်လေသော ၊ လူ့ကမ္ဘာ လူ့ရွာကို တည်ဆောက်ထားလေသော “ အချစ် ” ဟူသော ဝေါဟာရနှင့် စကားချီး လိုက်သဖြင့် ထိတ်ကနဲ ရင်ဖို ကြပေလိမ့်မည်  ဆန္ဒ မစောကြပါလေနှင့်။ ခေတ္တ ငံ့လင့် စေလိုပါသည်။

ကျွန်ုပ်ဆို လတ္တံသော အချစ်အကြောင်းကား အပြာ စာမျက်နှာကဲ့သို့ ညစ်ညမ်းသော တဏှာပေမ အချစ်နှင့် လားလားမျှ မဆိုင်ချေ။ ထို့အတူ အချစ်အဖိုးနှင့် အဖွား အဖေနှင့် အမေ၊ ကျွနု်ပ်တို့ နှင့် မော်ဒယ်များ အကြား တောင်တောင်အီအီ အချစ်တို့ ကိုလည်း ဆိုလိုမည် မဟုတ်ချေ။ ကျွန်ုပ် ယခုညွှန်းဆိုမည့် အချစ်ကား သကျ သာကီနွယ်ဟု “

ဆိုအပ်သော မြန်မာပြည်သားတို့၏ တိုင်းချစ်ပြည်ချစ်၊ နိုင်ငံကို ချစ်သော အချစ်ကိုသာ ဆိုလိုလေ သတည်း။

ဆန္ဒ မစောကြပါလေနှင့်။ ခေတ္တ ငံ့လင့် စေလိုပါသည်။ ကျွန်ုပ်ဆို လတ္တံသော အချစ်အကြောင်းကား အပြာစာမျက်နှာကဲ့သို့ ညစ်ညမ်းသော တဏှာပေမ အချစ်နှင့် လားလားမျှ မဆိုင်ချေ။ ထို့အတူ အချစ်အဖိုးနှင့် အဖွား အဖေနှင့် အမေ၊ ကျွနု်ပ်တို့ နှင့် မော်ဒယ်များ အကြား တောင်တောင်အီအီ အချစ်တို့ ကိုလည်း ဆိုလိုမည် မဟုတ်ချေ။ ကျွန်ုပ် ယခုညွှန်းဆိုမည့် အချစ်ကား သကျ သာကီနွယ်ဟု ဆိုအပ်သော မြန်မာပြည်သားတို့၏ တိုင်းချစ်ပြည်ချစ်၊ နိုင်ငံကိုချစ်သော အချစ်ကိုသာ ဆိုလိုလေ သတည်း။ ………………………

ဤတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၊ ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးဝင်းတင် တို့ကဲ့သို့သော သမိုင်း မော်ကွန်းတင်အပ်သော တိုင်းပြည်ချစ်သူများ၏ အချစ်ကိုကား အဦးအစ မူလကပင် ဝိဝါဒ ကွဲပြားရန် မရှိ၍ အထူးတလည် စောကြောရန် လိုမည်မထင်ချေ။ မှန်ပေ၏။ သူတို့ကား “ ဂန္တဝင်ချစ်သူ ” များပေတည်း။

ထို့ပြင် တဝ ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နီလာသိန်း၊ စုစုနွေး၊ ကိုထင်ကျော်(ကုန်ဈေးနှုန်း)၊ ….. ၊ …..၊ …….၊ တို့ကဲ့သို့သော ဘဝကို ရင်းလျက်၊ ထောင်နံရံကို် ရင်မြေ ကတုတ်လုပ် ၊ နောက်မဆုတ်တမ်း တိုက်ပွဲဝင် နေသူများ၏ အချစ်ကိုလည်း အများ လက်ခံသိရှိပြီး ဖြစ်သည့် အလျောက် ထပ်မံခွဲခြမ်း စိတ်ဖြာရန် လိုမည် မဟုတ်ချေ။ ထိုသူတို့၏ ရေမရောသည့် နိုင်ငံချစ်သူ စစ်စစ်များကိုမူ “အချစ်စစ်စစ်များ” ဟု အထင်ကရ အမှတ်သညာ ပြုလိုသည်။ …………………….

ထိုတမူလည်း ဆိုဖာဆုံလည်၊ ပလ္လင်ငယ်ထက်၌ စံတော်မူလျှက် ၊ လူတကာ သေပေ့စေ၊ ငတေမာလျှင် ပြီးစတမ်း ၊ သဗ္ဗညုတ ဉာဏ်ရှင် ဘုရားပင်သော်မှ မဆန်နိုင်လေသော သံဃာအားကို လက်ရုံးလူမိုက် ကြံ့ဖွံ့တသိုက်၏ စွမ်းပကားဖြင့် အောင်တော်မူပေ ထသော မြန်မာစစ်မင်းများ၏ တိုင်းပြည် ချစ်နည်းနိဿရည်း သည်လည်း နောက်လာ နောက်သားတို့ အတုခိုး မမှားစေခြင်းငှာ ဖော်ပြရေးသားရန် မသင့်ပြန်ချေ။ သံခိပ်အားဖြင့် မှတ်ရန်မှာ“ ဗာလနံ အချစ် ” ဟူလို။ ………………………..

ယခု ကျွနု်ပ် ဝိဂြိုဟ်ပြု ညွှန်းဆိုချင်သည်ကား အထက်ဖော်ပြပါ အာဇာနည်တို့၏ အချစ်မျိုးကို အားကျ အတုယူနည်း မှီလေသလော၊ ကိုယ်တိုင်ပင် ဖန်တီးလေသလော၊ ဝေခွဲခြင်းငှာ မစွမ်းသာသည့် အမေနှင့် ရွာကိုခွဲကာ တရပ်တကျေး နယ်အဝေးသို့ ရောက်နေသည့် ကျွန်ုပ်အနေဖြင့် မျက်မြင်ဒိဌ ကြံုနေရသည့် အဝေးရောက် ပုန်စားသူတို့၏ အချစ်များအကြောင်း ပင်တည်း ။ ချစ်ခြင်းပြိုင်ကြလေ သလော။ ……………….

ချစ်သူများသည့် နည်းတူ၊ ချစ်ပုံချစ်နည်း ချစ်နိဿရည်းတို့သည်လည်း များလှပါဘိ၊ အချို့ကား ပရိုပိုဆယ် အလို့ငှာ ချစ်ရ ၊ အချို့ကား ကိုယ့်ကိုကိုယ် မျိုးစိတ်ပုဂ္ဂိုလ် စာရင်းသွင်းလျှက် ၊ စိတ် အဆာပြေအောင် ချစ်ရ၏။ အချို့ကား ဒိုနာ( Donors ) စိတ်မငြိုငြင် စေရန် ချစ်ရ၏။ ချစ်မျိုး စုံလင်လှပေစွ ။ …………………

အဦးအစ ဖော်ပြလိုသည်ကား မဲဆောက် စစ်ဌာနချုပ်မှ အတိုက်အခံတဦး၏ ချစ်ခြင်းတည်း။ အနှီးပုဂ္ဂိုလ်သည် ပြည်တွင်းမှာ ပေါက်ကွဲသမျှ ဗျောက်အိုး၊ ရေထမ်းပုံး ၊ ကားတာယာ ၊ စက်ဘီး တာယာ ၊ ဆပ်ပြာဗူဗောင်း ၊ အားလုံးသော ပေါက်ကွဲမှုမှန်သမျှ တယောက်တည်း ဒိုင်ခံ ကန်ထရိုက်ဆွဲကာ “ ငါလုပ်တာ ” ချည်းဟု ဆိုတတ်လေသောကြောင့် ကျွနု်ပ်က ဗိုလ်ချုပ်ဟု ချစ်စနိုး အမည်ပေးထား၏။ ကျွန်ုပ်နှင့် ဗိုလ်ချုပ် အွန်လိုင်းတွင် ဆုံလေတိုင်း ၊ “ကျုပ်က အာဇာနည်ဗျ၊ ဒါဟာ အမှန်တရား ပဲ ” ဟု အတည်ပေါက်ကြီး ဆိုတတ်လေရာ ကျွနု်ပ်မှာ ငိုရခက်၊ ရီရခက် ဖြစ်လျှက် နောင်သော် ဒီမိုကရေစီ ခေတ်လွန် ကာလ၌၊ အများပြည်သူ အလေးပြုနိုင်ရေး အတွက် ရုပ်တု ထုရန် အလို့ငှာ လေးဘက် လေးတန်မှ ရိုက်ကူးအပ်သော ဓာတ်ပုံများကို ပို့ပေးထားပါရန် မေတ္တာရပ်ခံ လိုက်ရလေသည်။ ယင်း အတိုက်အခံ ဗိုလ်ချုပ်၏ အချစ်ကို “ရမ်ဘို အချစ်” ဟု အမည် ပေးရသော် သင့်နိုးထင်မိ၏။ …………………………

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား “ ညာလက်ရော ဘယ်လက်ဖြင့်ပါ စောင်မကြည့်ရှုပါအံ့ ” ဟူ၍ အဖွဲ့အမည်တပ် ကြွေးကြော်လေသော အဖွဲ့ကား မည်သည့် လုပ်ငန်းဆောင်တာများကို လုပ်လေသည် မသိ။ မည်သို့ ကူညီစောင့်ရှောက်သည် မသိရချေ။ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် အထင်ကရ ဖြစ်ခဲ့လေသော ကိုထင်ကျော် ဘယ်ထောင် ရောက်နေသည်ဟူသည့် အမေးပုစ္ဆာကိုပင် အတိအကျ အကြောင်း မပြန်နိုင်ချေ။ “ အဲဒီ အသင်းက ဘယ်အကျဉ်းသား တွေကို၊ ဘယ်လိုကူညီနေတာလဲ ဗျ ”  ဟူသော ပြည်တွင်းမှ လူငယ်တဦး၏ ခပ်ငေါ့ငေါ့ အမေးကို မည်သို့မျှ ပြန်လည် မဖြေဆိုနိုင်သည်နှင့် ကျွန်ုပ်မှာ ပဲလှော်ကြား ဆားညှပ် တော့မည်ဖြစ် ရကား ဟိုလိုဒီလိုလို အရူးကွက် နင်း လိုက်ရဘူးလေသည်။ ထိုအဖွဲ့ကို ဦးစီး ကြိုးကိုင်သူတို့ နိုင်ငံအပေါ် ထားရှိသော အချစ်ကား “နရသိန်အချစ်” ဟု ဆို ထိုက်ပေမည်။ ………………………..

အပတ်စဉ် အလှည့်ကျ အမေရိက တိုက်ကြီးမှ လွှင့်ထုတ်အပ်သော ရေဒီယိုမှ နေ၍ ၊ မောင်နှင့်အောင်များ တင်ဆက်သော“ အများ ” အမည်ရှိ အစီအစဉ်တခုတွင် .. “လွယ်တာကို လွယ်လွယ်နဲ့ ခက် သွားအောင် ခပ်ခက်ခက် လုပ်သင့်သည်” “ယုံကြည်တာကို မယုံကြည်ခြင်း ဟာ ၊ မယုံတဝက် ယုံတဝက် ဖြစ်၍ ချင့်ယုံရန်လိုသည် ” စသော လွန်စွာ ဆန်းပြားလှသည့် ဘာသာဗေဒ တမျိုးကို ကြားရလေရာ၊ ကျွနု်ပ်မှာ “ငါသည် မြန်မာစာ၊ မြန်မာစကားကိုပင် နားလည်တတ်ကျွမ်းခြင်း မရှိတော့ ယောင်တကား” ဟု အားငယ်ခြင်း ကြီးစွာ ဖြစ််မိပြန်လေသည်။ အကြောင်းမူကား နားထောင်လေ ပိုရှုပ်လေ ဖြစ်၍ ငါသည် အများ မဟုတ်လေတကား ဟု တွေးတောမိခြင်း ကြောင့်တည်း ။ ထိုသူတို့၏ ချစ်ခြင်းကို အမည်နာမ ညွှန်းဆိုရလျှင် “ ဗဟုအချစ် ” မည်ထိုက်ပေသည်။ ……………………..

ဆက်၍ ဆိုရဦးအံ့။ လေလှိုင်းကြားတွင် အရေးမှန်သမျှ ကျွမ်းကျင်လှပေသော ကျမ်းတတ် ပုဂ္ဂိုလ်တချို့ ကလည်း “ ဒါကတော့ နှစ်ပိုင်းရှိတာ ပေါ့နော်၊ တပိုင်းက ပထမ ပေါ့နော်၊ နောက်တပိုင်းက ဒုတိယ ပေါ့နော် ၊ အစရှိသဖြင့် ပေါ့နော်ခြင်း ထပ်နေသည့် “ ပေါ့နော် အချစ် ” ကိုလည်း နားကြား ပြင်းကပ်စွာ ကြားရပြန်ချေသည်။ ……………………..

အခြား တနည်းကား စစ်မင်းဗိုလ်ချုပ် ဖုတ်ထဲတွင်လဲ၍ ဒူးပြဲခြင်း၊ ကောက်ညှင်းစား၍ ဝမ်းချုပ်ခြင်း၊ ဦးချိန်တီကြောင့် တပ်ချုပ် လေလည်ခြင်းမှ အစ ၊ ကြပ်ပြေး အိမ်တော်တွင် မသာရထား ဆိုက်နေပြီ၊ တပ်ချုပ်ကြီး၏ ရက်လည်အသုဘ အလွန်တရာစည်ကား အစရှိသဖြင့် မဟုတ်တမ်းတရား လေဖမ်း ဝါးတန်းချည်လေသည့် သတင်းမျိုးစုံကို ဝီရိုက်၊ ဝီမိုက် ရဲဘော်ဟောင်းကြီးသည်လည်း ရှိလေသေးချေ၏။ သူ့အချစ်ကား “ ရမ်းတုတ် အချစ် ” ဆိုနိုင်လေမည်။ …………………………

နောက်တမူလည်း သတိ၊ ညာညှိ၊ သက်သာ၊ အေးစေ၊ နေမြဲ ဟူသော အခြေခံစစ်ပညာပင် သင်ယူခဲ့ခြင်း ရှိဟန်မတူသော စစ်ရေး ဧတဒဂ် တဦးကလည်း .. ဒါက ဒီလိုရှိပါတယ် … တပ်ချုပ်ကြီးဆိုတော့ သူက အကြီးဆုံးပေါ့။ တိုက်ပွဲဖြစ်တဲ့အခါ တဒိုင်းဒိုင်းပစ်ကြတာပေါ့ ဟူ၍ တည်တည်ကြီး လှိမ့်ဖြီးတတ်သော “ လေသေနတ် အချစ် ” သည်လည်း ရှိလေသေး၏။ ……………………….

ထို့အတူ အနှစ် နှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်သော ကိုးမီး ဖဲဝိုင်းတွင် ကိုယ့်ဖဲ ကိုယ်ချိုး၊ ကိုယ့်အိမ် ကိုးကျ၊ ကိုယ့်မဲ ကိုယ်ထွင် ၊ ကလိန်စေ့ ငြမ်းဆင်လေသော ကမ္ဘာတည်သရွေ့ ဝန်ကြီးချုပ် အဖြစ်မှ တပြားသားမှ မလျော့သည့် “ ကော်ဇောအချစ် ” ဖြင့် ချစ်သူတို့သည်လည်း တမှောင့် ။ ……………………..

သို့တပြီးကား တိုက်ပွဲဝင် ရဲဘော်ဟောင်း မောင်ငြိမ်း၏ အဆိုအရ အေဘီစီဒီ အက္ခရာမျိုးစုံ အမည်တပ်လျက် ကွန်မြူနစ်အလံကို အမြင့်ဆုံး လွှင့်ထူကာ ဘိလပ်သူဂါ၀န် အောက်ခေါင်းဝင်လျှက် .. Arr.. yeah… Ohhh… I’m really love my country ဟု ဆိုတတ်သော “ဘိလပ်အချစ်” ဟူသည် ရှိသေးပေရာ ချန်လှပ်ထား၍ မရ စကောင်းဟု မှတ်ရ ပြန်၏။ ………………………

ဤအချစ် အနှီးအချစ်တို့ အကြောင်းကား သမုဒ္ဒရာရေ မှင်ဖျော် ၊ ရေးသော်မှတည့် ဆုံးအံ့ မထင်ချေ။ ဘလော့ဂ်တကာ စီဘောက် တကာတွင် မောင်နှင့်နှမ သားနှင့်အမိ ဖတ်ရှု၍ပင် မသင့်လျော်သော ယုတ်ရင်း ကြမ်းတမ်း ရိုင်းစိုင်းလှစွာ ရေးတတ်ကြသော “ဖရုဿဝါစာအချစ်” ၊ ၂၀၁၀ တွင်ရရာ နေရာဝင်ထိုင်မည့် “ဖျာအချစ်” ၊ ရေဒီယို အစီအစဉ်တွင် ပဓာန၊ နာယက၊ ကမကထပြုရင်း၊ အလစ်အငိုက် ဂိုး ဝင်ဝင်သွင်း တတ်သည့် “ချွန်တွန်းအချစ်” ၊ ကွန်မြူနစ်ကြီးကို စတင် မွေးဖွားရာ နိုင်ငံကြီးတွင် ၊ ဘုမသိဘမသိ ရောက်နေကြလျှက် ၊ အမိန့်ဟူသမျှ နာခံနေကြရသည့်၊ ကိုယ်စီးသည့်မြင်း အထီးမှန်း အမမှန်း မသိရှာကြလေသော ၊ကျားကျားမီးယပ် “ကိုဗော့စကီး အချစ်” … အစရှိသည်ဖြင့် များမြှောင်လှရကား စာလေးမည် ဖြစ်လေ၍ ဆက်လက်မဖော်ပြ လိုတော့ပြီ။ …………………………..

မည်သို့ဆိုစေ ချစ်ခြင်း အတွက်ကား မည်သူကိုမျှ အပြစ်ဆိုရန် အကြောင်းမရှိချေ။ မည်သို့ပင် ချစ်ကြသည် ဖြစ်စေ ချစ်နည်းမှန်ဘို့တော့ လိုပေမည်။ အဝေးရောက်တို့ အချစ်သည် အချစ်စစ် အချစ်မှန်ပေလော။ ပုံတိုပတ်စတို့ဖြင့် ငယ်ဘဝကို ဖြတ်သန်းခဲ့လေသော ကျွနု်ပ်မှာ ဖတ်ခဲ့ဖူးသော ပူရမ်ကျမ်း တခုကို သတိရမိလေပြန်၏။ အဆိုပါ ပူရမ်ကျမ်း သုတ္တံတခုတွင် ဆာဒူးတပါး၏ ကျောင်းသင်္ခန်းသည် ပြည့်တန် ဆာအိမ်အနီး ရှိခဲ့သည် ဆိုလေ၏။ ဆာဒူးကား သူ၏ မူလ ကမ္မဌာန်းကို မပြုမူပဲ ပြည့်တန်ဆာအိမ် လူဝင် လူထွက်စာရင်းကို ကျောက်ခဲတို့ဖြင့် တာလီ မှတ်သည် ဟူ၏။ သေလွန်သော် ပြည့်တန်ဆာမှာ နတ်ပြည်ရောက်၍ ဆာဒူးမှာ ငရဲသို့ ဒိုင်ဗင် ထိုးသလို ကျသွားကြောင်း ဖတ်ဘူးလေရာ ၊ မြန်မာပြည် ချစ်သူများ ချစ်ခြင်း ပြိုင်နေသူများ အားလုံး၏ အချစ်သည် အဆိုပါ သုတ္တံမှ ဆာဒူး၏ “တာလီအချစ်” ကဲ့သို့ ဖြစ်နေသည်ကို အလန့် တကြား တွေ့ရှိရလေသည်။ …………………….

ဆိုရေးရှိ၍ ဆိုရပါလျှင် မြေကြီးလက်အပ်၊ မုချဆတ်ဆတ် မှတ်ထိုက်သော အချက်ကား “ဂန္တဝင်အချစ်” ၊ “အချစ်စစ်စစ်” တို့မှ လွဲ၍ အခြား အခြားသော ချစ်ခြင်းတို့ကား သံသယပွား ဖွယ်ရာ အတိပေတည်း။ ဤပုံဤနည်း ချစ်ခရီး ဆက်ကြလျှင်ကား၊ အချစ်ခံ မြန်မာပြည်ကြီးသည် အထက် ဘဝဂ် နှင့် ဝေးသည်ထက် ဝေးလျှက် ၊ ဒုံရင်းက ဒုံရင်း၊ အောက်ဖက် အဝီစိတွင်သာ သံသရာရှည်သမျှ ကာလပတ်လုံး အဖန်ဖန်အလီလီ ကျင်လည်ပေရော့ မည်ကို အပူပင်ကြီး ပူမိလေသောကြောင့် လက်ဆော့ ခြေဆော့ ၊ ကီးဘုတ်နှင့် ဆော့ကာ၊ ဤ … ကလော်စာ စာစုကို ရေးမိပြန် လေတော့သည်။ ……………………..

နိဂုံးအားဖြင့်မူ အထက် စာပိုဒ်တို့ကို ဖတ်ရှုမိသည့် စာရှုသူများအနက် ၊ အချို့ အချို့ အနေဖြင့် အနူဆားပက်၊ အနာပေါ် ဒုတ်ကျ ဖြစ်ကြမည်ကိုလည်း ကြိုတင်သိပြီး ဖြစ်သည့် အလျှောက် “ မင်းဒင် သည် သစ္စာ ဖောက်ဒလျှို ဒလန်စစ်စစ် ဖြစ်ပေသည် ” ဟူ၍ မီဒီယာကို မီဒီယာနှင့် ပြန်ရှင်း ၊ စာရင်း အသွင်းခံရမည်ကို သိသိကြီးနှင့် ဇွတ်တိုးမိုက်မဲစွာ ဤစာကို ရေးလေသော ကျွနု်သည်၊ တန်ပြန် လှည့်လာမည့် မြှားဦးတို့ကို တန့်စေခြင်းငှာ၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည် ဟူသော ဆိုရိုးနှင့်အညီ……..

အာဖျံကွီး ချစ်သူများ ” စာရင်းတွင် မိမိကိုယ်မိမိ ကြိုတင် ထည့်သွင်း ထားပါကြောင်းလည်း ၊ တပြည်တည်းသား၊ ဝေးရပ်နေ များဆွေသဟာ သိသာစေရန် အလို့ငှာ မောင်းခတ် အသိပေး လက်တို့အပ်ပေ သတည်း ။

မင်းဒင်

LEAVE A REPLY

Please enter your comment!
Please enter your name here