ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေး အတွက် ဂျပန်ကူညီမည်

alt

ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ (JICA) က ရန်ကုန်မြို့တော် အတွင်း အများ ပြည်သူတို့ ခရီးလမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ပူးပေါင်း ကူညီ သွားမည်ဟု သိရသည်။

ဂျပန်နှင့် အာဆီယံ အဖွဲ့ကြား သဘောတူညီမှု ရရှိထားသည့် ကော်ပိုရေးရှင်း စာချုပ်များ အရ ရန်ကုန်မြို့တော် ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ တိုးတက် လာစေရန် JICA က ကူညီမည် ဖြစ်သည်။

JICA သည် ဂျပန်နိုင်ငံ အစိုးရ၏ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခု ဖြစ်ပြီး ၎င်းအေဂျင်စီသည် မြန်မာနိုင်ငံသို့ သုတေသန မှတ်တမ်းပြုစုရန် နှစ်ကြိမ် လာရောက်ဖူးသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကောက်ခံထားသည့် စာရင်းများအရ မြို့တော်အတွင်း ပြေးဆွဲနေသော ယာဉ်လိုင်း (၃၁၀) ရှိပြီး ဘတ်စ် ကားစင်းရေ (၆၃၃၀)ကို အသုံးပြုကာ နေ့စဉ်ပြည်သူ (၃)သန်းကို ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင်း ယာဉ်ကြောပိတ်ဆို့ရေး စီမံကိန်း၏ တစိတ်တဒေသ အဖြစ် ဘေးရန်မကင်းနိုင်သည့် မော်တော်ကား အဟောင်းများကို ယာဉ်လိုင်းများမှ ထုတ်ပယ်ရန် သက်ဆိုင်ရာက အမိန့်ချမှတ်ထားပြီး လက်ရှိအချိန်တွင် မော်တော်ယာဉ် အဟောင်းအရေ အတွက် (၃၇၀) ခန့်ကို ဖယ်ရှားပြီးဖြစ်သည်။

ထိုနေရာတွင် အနည်းဆုံး အဆင့်မြင့် ဘတ်စ်ကားစင်းရေ (၃၀၀)မျှ အစားထိုးသွားမည်ဟု သိရသည်။ ယခု ပရောဂျက်တွင် ဂျပန်နိုင်ငံ အနေနှင့် ပံ့ပိုးဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောများ လွယ်ကူ လျင်မြန်စွာ သွားလာနိုင်ရန် နှင့် ခရီးသွားပြည်သူများ အဆင်ပြေစေရန် ကူညီ ထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here