ဘင်္ဂလားဒေ့ရှ်လုပ်သား (၅၅၀၀၀) တို့၏ ဗီဇာများအား မလေး အစိုးရ ပယ်ချ

alt

မလေးရှား ပြည်ထဲရေး ၀န်ကြီး ဒါတို ဆာရီ ဟာမစ် အယ်ဘား က ဘင်္ဂလားဒေ့ရှ် အလုပ်သမား (၅၅၀၀၀) တို့၏ ပြည်ဝင်ခွင့် ဗီဇာများကို ပယ်ချ လိုက်ကြောင်း မတ်လ (၁၀) ရက်နေ့က ကြေငြာ လိုက်သည်။

သတင်းစာ ရှင်းလင်းပွဲ တခုတွင် ၎င်းအနေ နှင့် အစိုးရ ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ပမှ ၀င်ရောက်လာသည့် လုပ်အား စီးဆင်းမှုကို တွန်းလှန်လိုက်ကြောင်း အတည်ပြု ခဲ့သည်။

နိုင်ငံအတွင်း ၀င်ရောက်လိုသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမား အားလုံး၏ ကြိုးပမ်းမှုကို ၀မ်းနည်းစွာ ငြင်းပယ်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်း အလုပ်အကိုင် ကဏ္ဍအတွက် မလေးရှား နိုင်ငံသားများကို ဦးစွာ နေရာပေးသွားရန် အစိုးရက မူဝါဒ ချမှတ် ထားကြောင်း အယ်ဘား က ရှင်းလင်း ပြောဆိုခဲ့သည်။

ထို့အပြင် ပြည်တွင်းရှိ ဗီဇာ ရရှိထားသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများကို မလေးရှား အစိုးရက နစ်နာကြေး အမ်းကာ ဗီဇာ ရုတ်သိမ်းမည် ဟုလည်း သိရသည်။ အယ်ဘား က ဘင်္ဂလားဒေ့ရှ် အလုပ်သမား (၇၀၀၀၀) ကျော်တို့သည် မလေးရှားနိုင်ငံ အတွင်း ၀င်ရောက်ကာ အလွှာ အသီးသီးတွင် အလုပ်လုပ် နေကြကြောင်း ပြောဆို သွားသည်။

အလုပ် လုပ်ကိုင်ခွင့် ရရှိထားပြီးဖြစ်သော မြန်မာနိုင်ငံသား အချို့သည်လည်း မလေးရှား နိုင်ငံသို့ တိုက်ရိုက် လေကြောင်းဖြစ် ဝင်ရောက်ရန် ကြိုးပမ်း နေသော်လည်း လေယာဉ်ခရီးစဉ်များ မလုံလောက်မှု ကြောင့် မလေးရှား လ.ဝ.က က မလေးရှားနိုင်ငံ အတွင်း ဝင်ရောက်ခွင့်ကို မတ်လ ကုန်ဆုံးသည်အထိ ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း နှင့် ဧပြီလဆန်း မှ စ၍ မည်သည့် နိုင်ငံခြားသား ( ပညာရှင်မဟုတ်သော ) အလုပ်သမားများ ကို ဝင်ရောက်ခွင့် ပေးတော့မည် မဟုတ်ကြောင်း လူထုအသံမှ သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here