မိုက်ကယ် ဂျက်ဆင် လိုက်(ဖ်)ရှိုး ဖျော်ဖြေပွဲ လန်ဒန်တွင် ကျင်းပမည်

Pop ဂီတဘုရင်ကြီး အဖြစ် တင်စားခံခဲ့ရသည့် မိုက်ကယ် ဂျက်ဆင်သည် ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တွင် ကြီးကျယ် ခမ်းနားသည့် ဖျော်ဖြေပွဲ တခု ကျင်းပ သွားမည်ဟု သိရသည်။

ဇူလိုင်လ အတွင်း O2 အားကစား ကွင်းကြီးတွင် ဂျက်ဆင်၏ ဖျော်ဖြေမှုကို (၁၀)ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ၈၊ ၁၀၊ ၁၂၊ ၁၄၊ ၁၆၊ ၁၈၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက်နေ့များတွင် ကျင်းပသွားမည်ဟု ပွဲစီစဉ်သူ ရန်ဒီဖိလစ်က ပြောကြားခဲ့သည်။

၎င်းကပင် မိမိတို့အနေနှင့် သမိုင်းတွင်အောင် အမြတ်အစွန်းရမည့် ဖျော်ဖြေပွဲကြီး တခုအား ကြီးကြပ်ခွင့် ရခြင်းဟု ယုံကြည်ကြောင်း ပြောဆိုသွားသည်။ ယခုပွဲသည် မိုက်ကယ်ဂျက်ဆင်၏ နာမည် ကျော်ကြားမှုများ ပြန်လည် ရရှိလာရေးအတွက် အရေးအပါဆုံး ခြေလှမ်းတရပ် ဖြစ်လာမည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ မူလက ဂျက်ဆင်၏ ဖျော်ဖြေပွဲကို အမေရိကန်တွင် ကျင်းပသွားရန် စီစဉ်ခဲ့သော်လည်း အသက်(၅၀) အရွယ် ဂရမ်မီ ဆုများရှင်ကြီးက ၎င်း၏ပရိသတ်မှာ ဥရောပဒေသတွင် ပိုမိုများပြားသည်ဟု ယုံကြည်သဖြင့် လန်ဒန်ကို ရွေးချယ်ခဲ့ခြင်းဟု သိရသည်။

ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည်ဟု သတင်းထွက်နေသော ဂျက်ဆင် အနေနှင့် ဖျော်ဖြေပွဲအား အမှန်တကယ် အင်တိုက်အားတိုက် ပါ၀င်နိုင်မည်ကို ပရိသတ်များက သံသယ ရှိနေသော်လည်း ဂျက်ဆင်နှင့် နီးစပ်သော အသိုင်းအဝိုင်းက ၎င်း၏ ကျန်းမာရေးသည် ထူးထူးခြားခြား ကောင်းမွန်နေကြောင်း ပြောဆိုလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here