ခြံစည်းရိုး ဖြဲဝင်သူများ အကြောင်း

လူငယ်ဆိုတာ “အိပ်မက်တွေ ဝေစည်ရာ အနာဂါတ်တွေ ပိုင်စိုးရာတဲ့” လူကောင်လေးများ ထွားလို့ ကြီးကောင်ဝင်လာရင် စွန့်စား တတ်ချင်ကြတယ်၊ လောကကို ဒူးနဲ့ ပြေးတိုက်ကြည့်ချင်တယ်၊

နောက်…. သူများနဲ့ မတူ ချင်ဖူး ဖေါက်ထွက်ချင်တယ်။

ဘာညာကွိကွ ပုံလာမပြောနဲ့ ကိုယ်ကြံုမှ ယုံချင်သူတွေ အခုပဲကြည့်လေ အထက်တန်း အောင်တယ် ဆိုတာနဲ့ ကျောင်းတက်မယ် လုပ်တော့ လူစည်တဲ့ အချိန်ဈေးထဲက အိမ်သာတံခါးများလို ပိတ်လိုက် ဖွင့်လိုက် လုပ်နေတဲ့ စစ်အစိုးရရဲ့ တက္ကသိုလ် ကျောင်းတွေကြောင့် မထင်ရင် မထင်သလို ပြောတတ်တဲ့ ဉာဉ်ဆိုးရှိတဲ့ ကျနော့ကို အမေကပြောတယ် “နင်ဒီမှာ ကြာကြာနေရင် နွားတံဆိပ် ဆေးပေါ့လိပ် သောက်ရပြီး ဘဝတက္ကသိုလ်ပဲ တက်ရမှာ” တဲ့ ဘယ်သူတွေ ဘယ်ဝါတွေကြောင့် မပြောချင်ဖူး အလုပ်လေးတခုခု လုပ်ချင်တယ် လုပ်စရာအလုပ်က နတ္ထိ၊ ဒါကြောင့် အကိုဖြစ်သူ ရှိရာ မလေးရှားကို အမေက တရန်အေးတယ် ဆိုပြီး အသေခြာ ပြင်ဆင်ကာ လွှတ်လို့ လာခဲ့ရတော့တယ်၊ ဒီကနေပဲ Work Permit လှမ်းလျှောက်တယ် လူခံရှိတော့ အဆင်ပြေတယ်။

ဟိုရောက်တော့ မျက်စိဖွင့်ထားတယ်၊ နားစွင့်ထားတယ်၊ စကားတတ် စာရေးနိုင်လာပြီး ပါမစ်နဲ့ ၃နှစ်လောက်လုပ်ပြီးတော့ အခွင့်အလန်း သာတာနဲ့ ကြော်ညာ ကုမ္မဏီတခုမှာ အလုပ်ရပါတယ်၊ အီးတီ ( Employment Term of Foreign Worker ) ရွှေရောင်ကဒ် ကိုင်တဲ့ အဆင့်နေရာ ရလာပြီး မလေးရင်းဂစ် ၂၀၀၀ ကျော် ၃၀၀၀ နီးပါးရတဲ့ အလုပ်ကလေးတခု ရပါတယ်။ ၃နှစ်အတွင်း ခွင့်နဲ့ ရွာ၂ခေါက်ပြန်ဖြစ်တယ်၊ အဆင်ပြေတယ်လို့ ဆိုရမယ်၊ ငွေကလဲ အထိုက်အလျှောက်စုမိ လူကလဲငယ်သေး လက်ခမောင်းကလဲ ခတ်ပြချင်သေးတော့ ပြောစရာတော့ ဖြစ်မလားပဲ သူများတွေ အဆင်မပြေကြတဲ့ နေရာမှာ ကိုယ်က အဆင်ပြေတော့ ဒီထက်ပိုပြီး အိပ်မက်တွေ ဆက်မက်ချင်သေးလို့ အမြှင့်ကိုလှမ်းဖို့ ကြိုးစားပါတယ်။ မိတ်ဆွေတယောက်က မင်း အီးတီ ဖြစ်နေတာပဲ ဒီမှာမနေနဲ့ အနောက်သွာလို့ အကြံပြုတာနဲ့ တနှစ်လောက်ငွေစုပြီး အဆက်အသွယ်ရှာတော့ ကေအယ်လ် လို့ခေါ်တဲ့ ကွာလာလမ်ပူက နှံ့စပ်တဲ့ ပွဲစားတဦးနဲ့ ချိတ်မိပါတယ်။

အမေရိကား သွားမယ်ပေါ့၊ ဒီတော့ ခင်ဗျားတို့ သိတဲ့အတိုင်း အမေရိကားဆိုတာ အပေါ်လမ်းက သွားရလာရ ခက်တယ် အမှန်တော့ ငွေကုန်ကြေးကျ များလို့လေ၊ ဒီတော့ ခြံုစည်းရိုးဖြဲဝင်မယ် ဆိုပြီး ပွဲစားလိုက်ချိတ်တော့ ချင်းတွေ ဝင်တတ်တဲ့ ကျူးဘား၊ မက္ကဆီကို၊ အပေါက်ထက် မက္ကဆီကို နဲ့ ဂွာတီးမာလာ နားက ကာရစ်ဘီယံ ပင်လယ်ကို မေးတင်ထားတဲ့ ဘလိဇ် ( Belize ) လမ်းကြောင်းကို ရွေးဖြစ်ပါတယ်၊ ဘလိဇ်မှာ ရှိတဲ့ မြန်မာပွဲစား လင်မယား၂ယောက်နဲ့လဲ အဆက်သွယ်ရ ချိတ်မိပါတယ်၊ ဒီတော့ ခရီးစဉ်ဆွဲဖြစ်ပါတယ်။

မက္ကဆီကို နဲ့ ဘလိဇ် ဗီဇာကိစ္စတွေ အတွက် မကျွမ်းကျင်လို့ များတယ် ထင်ရပေမဲ့ ပွဲစားကို အစိမ်း ၂၀၀၀ ပေးပြီးတော့ ဂျလန်း တွန်ရာဇတ်က သံရုံးမှာ လျှောက်ပါတယ်၊ ဘလိဇ် ဗီဇာကိုတော့ ဘလိဇ်မှာရှိတဲ့ ပွဲစား လင်မယားကနေပဲ ဟိုမှာ တောင်းပေးလို့ ရတော့ ( အမှန်တော့ မလေးမှာ ဘလိဇ် ဗီဇာက မလေး၅၀၀ လောက်ပဲကုန်တာပါ ) မက္ကဆီကို သံရုံးမှာ ဘလိဇ်သွားမဲ့ တိုးရစ်ဗီဇာကို မက္ကဆီကို ဖြတ်ပြီး ဘလိဇ်ကိုကားနဲ့ ဝင်မယ် ဆိုတဲ့ Reason ပြပြီး လျှောက်ပါတယ်၊ မက္ကဆီကို အသွား လက်မှတ်သာပါပြီး ဘလိဇ်ကနေ လာရာလမ်း ဋ္ဌာနေပြန်မဲ့ လက်မှတ်ပြပါတယ်၊ ဒါပေမဲ့ မက္ကဆီကိုကနေ ဘလိဇ်ကို ကားနဲ့ ဖြတ်သွားမဲ့ လက်မှတ် မပါတာနဲ့ သံရုံးက ပြန်ဝယ်ခိုင်းပါတယ်၊ ဒီကတည်းက ပွဲစားစီစဉ်မှု လွဲနေတာ သတိတော့ ထားမိပါတယ်၊ ဒီတော့ ဘလိဇ်ပွဲစားကို ကားလက်မှတ်ဝယ် ခိုင်းပြီး သံရုံးထပ်သွားတော့ Reject ထိသွားပါတယ်၊ ဘာလို့လဲဆိုတော့ လေယာဉ်လက်မှတ်နဲ့ ကားလက်မှတ် ရက်စွဲတွေ ကွာနေလို့ပါပဲ၊ အဲဒီမှာပဲ “ဗေထိ” ဆိုတာနဲ့ ပတ်မကြီး တက်နင်းတဲ့ ကျနော် ပွဲစားဖိုး အစိမ်း၂၀၀၀ မက္ကဆီကို ဗီဇာမရပဲ ပလုံ သွားပါတော့တယ်။

ဒီလိုလဲ ဖြစ်သလို နယ်စပ်ကျော်ကြတဲ့ မက္ကဆီကန်တွေ

ဒီလိုနဲ့ တွေဝေ မနေတော့ပဲ နောင်ခါလာ နောင်ခါဈေး ဆိုပြီး ရထားတဲ့ ဗီဇာရှိရာ ဘလိဇ်ကိုပဲ တန်းလာလိုက်ပါတယ်၊ လာတဲ့မြို့က ဘလိဇ်စီးတီးပါ၊ လေယာဉ်လက်မှတ်က အစိမ်း ၂၅၀၀ ကျော်ပါတယ်၊ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် ဆီပန်းကနေ နယ်သာလန် အမ်စတာဒမ်ဆီကို သွားပါတယ်၊ ပြီးမှ တက္ကဆတ် ဟူစတန်ကိုဝင်ပြီး အမေရိကန် အငွေ့အသက်လေးများ ရအောင် လေယာဉ်က တထောက် နားပေးပါတယ်၊ ပြီးတော့ လေယာဉ်စီးချိန် နာရီ၃၀ လောက်ကြာမှ ဘလိဇ်စီးတီးကို ရောက်ပါတယ် ရောက်တာနဲ့ ထုံးစံအတိုင်းပေါ့ စာအုပ်ကြည့်ပြီး နီရဲနေတာဆိုတော့ စားဖို့သောက်ဖို့ ဒေါ်လာ၂၅၀ပေးမှ ဝင်ခွင့်ပြုပါတယ်။ ဗီဇာပါတာတောင် မျက်နှာငယ်ရ ရှာပါတယ်။

ဘလိဇ် ပွဲစား ဆီရောက်ပြီး ၂ပါတ်လောက်ကြာတော့ အမေရိကားပို့ဖို့ ဝါးတားတား လုပ်လာပါတယ်၊ သူတို့လဲ အမေရိကားဝင်ဖို့ လုပ်နေတဲ့ သူတွေဆိုတာ မျက်ဝါးထင်ထင် သိလာရတယ်၊ ဘလိဇ် နိုင်ငံအကြောင်း နည်းနည်းတော့ ပြောချင်တယ် စာအုပ်ပေါ်က အကြောင်းတော့ မဟုတ်ဖူး လက်တွေ့ကြံုခဲ့ရတုန်းက သိခဲ့ရတာတွေပေါ့၊ ကာရီဘီယံ ပင်လယ်ကို မေးတင်ထားတော့ ပင်လယ်ဆိပ်ကမ်း၊ အပန်းဖြေတဲ့ နေရာတွေ အလွန်လှတယ်၊ ရှေးမာယာ ယဉ်ကျေးမှုစွက်ထားတဲ့ ကျောက်တုံးကျောက်စိုင်တွေနဲ့ ထွင်းထုတားတဲ့ ဘုရားကျောင်းတွေ၊ ယစ်ပူဇော်ရာနေရာတွေ၊ မှတ်ကျောက်တိုင်တွေ ရှိနေသေးတော့ တိုးရစ်တွေ အဝင်အထွက် အများအပြား ရှိတယ်၊ စင်္ကာပူလိုပဲ သဘာဝ သယံဇာတ ဘာမှရှိတာ မဟုတ်ဖူး၊ ဗြိတိသျှ ကိုလိုနီ ဖြစ်ဖူးတော့ သူများ အားကိုးရတယ်လို့ ဆိုတယ်။

အမေရိကားဖက်ကို မက္ကဆီကိုမှ တရားဝင် ဖြတ်မဲ့ နိုဂါးလစ်(စ်) အကောက်ခွန်နှင့် လ.ဝ.က ဂိတ်

အဲဒီနိုင်ငံမှာ အဓိကနေကြတာ စပိန်စကားပြောတဲ့ မက္ကဆီကန်တွေနည်းပြီး မာယာဆိုတဲ့ ရှေးကျတဲ့ လက်တင် လူမျိုးတွေရယ်၊ အာဖရိက ကနေ ဗြိတိသျှတို့ခေါ်လာတဲ့ အာဖရိကန်ကျွန် လက်ကျန်တွေပဲ ရှိတာပါ၊ လုတာယက်တာတွေလဲ ရှိတယ်၊ ကုန်စုံဆိုင်တွေဆို တချိန်က ရခိုင်ပြည်မှာ ကုလားတွေ စီးပွားရေးလုပ် သလိုပဲ ဆိုင်ရှေ့မှာ လက်ထိုးပေါက်ပဲ ထားပြီးရောင်းတယ်၊ လိုချင်တာပြော ပိုက်ဆံထည့်ပေး ပစ္စည်းရမယ် ဒီလို … လုမှာစိုးလို့ပါ၊ ထူးခြားတာက နိုင်ငံခြားသားတွေကို လုယက်တာ မရှိဖူး။ နိုင်ငံသားတွေ စီးပွားရေးလုပ်ခွင့် မရှိဖူးလို့ သိရတယ်၊ ကိုလိုနီနယ်ချဲ့တွေရဲ့ အခြေခံဥပဒေ သက်ရောက် နေသေးပုံလဲ ရတယ်။

စားသောက်ဆိုင်ကြည့်လိုက် တရုတ်တွေ၊ အလှကုန်နဲ့ ကုန်စုံဆိုင်တွေက အိန္ဒိယကုလားတွေ ကြီးစိုးနေတာ တွေ့ရတယ်၊ သူ့နိုင်ငံမှာ နေထိုင်ခွင့် အတွက်က လုပ်ငန်းရှင်တယောက်က ထောက်ခံရင် Work Permit ရသလို၊ လေးငါး ခြောက်လလောက်နေတာနဲ့ နိုင်ငံသားခံယူခွင့် ရှိတယ်၊ ဓနသဟာယ နိုင်ငံက စာအုပ်နဲ့လာတဲ့ သူဆို အမေရိကန် ဒေါ်လာ ရာဂဏန်းကြီး လောက်နဲ့ နိုင်ငံသား ဖြစ်တယ်၊ ရွှေတွေ ကြတော့ လေးထောင်လောက်မှ ဖြစ်မယ် ဆိုတယ်၊ ဘာလို့ နိုင်ငံသားလျှောက်လဲ ဆိုတာက သူ့နိုင်ငံသား စာအုပ်နဲ့ ဆိုယင် ခိုင်တယ်လေ၊ ဥရောပလား? Without ဗွီဇာနဲ့ ဥဒဟို ဝင်ထွက်လို့ရတယ်၊ အမေရိကန်လဲ ဗွီဇာလဲ လျှောက်ရလွယ်တယ်၊ ဒါကြောင့်ပါ…. ခဏ မှီတဲ့ သဘောပေါ့။

မာယာ ယဉ်ကျေးမှု ထွန်းကားတဲ့ ဘလိဇ်က မိုးနတ်မင်း ဘုရားကျောင်း

သူ့နိုင်ငံမှာက ဘာမှမထွက်၊ စီးပွားကောင်းတဲ့ အမေရိကားထဲ လက်တင်အမေရိကားက ဆေးပို့တဲ့ လမ်းကြောင်းပေါ် နေရတာဆိုတော့ ရဲတောင် မက္ကဆီကိုက ကာတယ်လ် ဂိုဏ်းကို ကြောက်နေရတယ်၊ ကိုလံဘီယာက မယ်ဒလင်းဂိုဏ်းတို့ပြို ကွဲပြီးနောက် ကာတယ်လ်က တန်ခိုးထွားလာတာကိုး၊ တနေ့ကတောင် မက္ကဆီကိုမှာ ဂိုဏ်းစစ်ပွဲတွေ ဖြစ်နေတာ ရဲက လက်မှိုင်ချနေရတယ်၊ သူတို့က ရဲတွေထက် လက်နက်တွေ ကောင်းလို့ ဆိုပဲ၊ နောက် … ဘလိဇ် အစိုးရက ထိုင်ဝမ်အစိုးရဆီက ငွေချေးထားပြီး အသက်ရှင်နေရတာလို့ အရပ် လက်ထိုးဇါတ်အရ ပြောကြတာပဲ။

ဒါနဲ့ ကံကောင်းချင်တော့ တရက် …. ဘလိဇ်စီးတီးမှာ မြန်မာပြည် မေမြို့ဖက်က ဇာတိဖြစ်တဲ့ အဲဒီ နိုင်ငံသား ဖြစ်နေတဲ့ ကုလားကြီးတယောက် သွားတွေ့ပြီး မိတ်ဆွေဖြစ်ရပါတယ်၊ အဲဒီတော့ ပွဲစားလင်မယား အကြောင်း ကောင်းကောင်း သိရပါတော့တယ်၊ နောက်တော့ … တနေ့ထက် တနေ့ ငြိုငြင်မှုတွေ ပြလာပြီး ဒီမှာနေလို့ မရတော့ဖူး! ကိုယ့်ဟာကို သွားတော့ လို့ ပြောတာနဲ့ မလေးမှာကျန်ခဲ့တဲ့ သူငယ်ချင်းတချို့ကို ဒီပွဲစားနဲ့ မလုပ်တော့ဖို့ လှမ်းတားလိုက်ပြီး၊ ကုလားကြီး အကူအညီနဲ့ အဆက်အသွယ် ရှာရပါတော့တယ်၊ ဘလိဇ်ကနေ အမေရိကား အထိသွားတာ ၂မျိုးရှိပါတယ်၊ အမေရိကန်ဒေါ်လာ ၁သောင်း လောက်ပေးယင် ဘလိဇ်၊ မက္ကဆီကန် အင်မီဂရေးရှင်းတို့ လူပွဲစားနဲ့ ပေါင်းပြီး လေယာဉ်နဲ့ မက္ကဆီကိုနယ်စပ် မွန်တာရေး၊ မွန်တာရေးက တဆင့် အမေရိကား တက္ကဆတ်၊ ဟူစတန်အထိ ပို့ပေးတဲ့ ပွဲစားရှိပါတယ်၊ ငွေသိပ် မတတ်နိုင်တဲ့ သူတွေဆိုတော့ ဘလိဇ်ကနေ မက္ကဆီကို ကူး မက္ကဆီကို နယ်စပ်အထိ ရောက်အောင်ထပ်သွားပြီး၊ အမေရိကားကို ခြံစည်းရိုး ဖြဲဝင်ကြရတာပါ။ တာထွက်ပြီဆိုတာနဲ့ ဘလိဇ်စီးတီးကနေ မြောက်ဖက်ကို အဝေးပြေးလမ်းမ အတိုင်း ထောင်တက်ပြီး မက္ကဆီကို အဝေးပြေးလမ်းမကြီး ၁၈၆ နဲ့ ၃၀၇ တို့ဆုံတဲ့ ဘလိဇ် – မက္ကဆီကိုနယ်စပ်မြို့ ချာတူးမာ ( Chetumal ) ဆီကို ပွဲစားက ပို့ပေးပါတယ်၊ ဒီအချိန်ကျနော့မှာ မက္ကဆီကို ဗီဇာမပါဖူးနော်၊ ပေါချောင်ကောင်း လိုက်တတ်တဲ့ ဗမာတွေ အကျင့်အတိုင်းမို့ ဈေးပေါပေါနဲ့ လမ်းပြ ဋ္ဌားလာပြီး မက္ကဆီကိုထဲရောက် အမေရိကန်နယ်စပ်ရောက်မဲ့ ကားလက်မှတ်ဝယ် ကားဂိတ်မှာမှ ငွေချေမယ်လို့ ပြောထားပေမဲ့ လမ်းပြပွဲစားက နယ်ခြားကျော်ပြီးခါစမှာ ဟိုဖက်ရောက်ရင် ငွေလဲရခက်တယ် ဘာတယ်နဲ့ ရစ်နေတော့ အားနာပြီး ငွေပေးလိုက်တယ်၊ ဒီတင် အဲဒီနယ်ခြားမြို့ အဝင် အဝေးပြေး လမ်းမကြီးပေါ် ပစ်ထား ခဲ့ပါလေရော၊ အဝေးပြေးလမ်းမပေါ် ဟိုငေးဒီငေး လုပ်နေတဲ့ ကျနော့မှာ အဆင်ပြေချင်တော့ ညနေလောက်မှာ တက္ကဆီ ကားတစင်းတွေ့ပြီး ကားသမားက ဘယ်သွားမလဲပေါ့၊ ဒီအချိန်ကြီး ညနက်တော့မယ် လူကြည့်တော့ နိုင်ငံခြားသားမှန်း သိတော့ အဘိုးကြီးက မက္ကဆီကိုဗီဇာ ပါလားမေးပါတယ်၊ မပါဖူးဆိုတော့ ဟာ … မင်း ချာတူးမာမြို့ ထဲကိုဝင်မရဖူး၊ ရှေ့မှာ ရဲဂိတ်ရှိတယ် မင်းဂိတ်ကိုကျော်ဖို့ ၁၀မိုင်လောက် ပတ်လျှောက်ရမှာ အဲတာမှ ကားဂိတ်ရောက်မှာလို့ ဆိုတော့ ကျနော်လဲ မှောင်နေပြီမို့ တက္ကစီသမား အဘိုးကြီးကို ငါ့ကို ဟော်တယ်တခုဆီ ပို့ပေးပါလား? ဆိုတော့ လာလာ … ဟော်တယ်တော့ မရှိဖူး၊ ၂၄နာရီဆိုင် တခုကို ဟိုင်းဝေးလမ်း နောက်ပြန် ဆုတ်ပြီး ခေါ်သွားပါတော့တယ်။

ဟိုရောက်တော့ သဘောကောင်းတဲ့ တက္ကစီသမားအဘိုးကြီးက အဝေးပြေးလမ်းမကြီးတွေ ဘေးက ထရပ်ကားတွေ ညအိပ်တတ်တဲ့ နေရာက သူ့သူငယ်ချင်ဆိုင်မှာ အပ်ထားပေးတော့ ဆိုင်မှာ ညအိပ်ဈေးရောင်း ပေးတဲ့ မက္ကဆီကန် ကောင်လေးက ပစ္စည်းတွေလှောင်တဲ့ ဂိုဒေါင်ထဲ ခေါ်သွားပြီး သူလဲ အဲဒီမှာပဲ ပုခက်နဲ့ အိပ်ကြောင်း ခင်ဗျားလဲ ဒီမှာပဲအိပ်ဆို နေရာ ပေးရှာပါတယ်၊ အမှန်တော့ ဒီမက္ကဆီကို ဖြတ်မဲ့ခရီးကိုလဲ မလေးကနေ ဘလိဇ်အထိ ရောက်အောင်လုပ်ပေးတဲ့ ပွဲစားလင်မယားပဲ စီစဉ်ပေးခဲ့တာ မိုက်တွင်းကြီးပုံများ ပြောပါတယ်၊ အဲဒီဆိုင်မှာ နေချိန်အတွင်း ဖုန်းပြန်ဆက်တော့ ပွဲစားလင်မယား ဖုန်းလုံးဝ မကိုင်တော့ ပါဖူး။

ဘလိဇ်က လုမှာ ကြောက်လို့ သံဗန်းတွေ ကာရံကာ ဈေးရောင်းတဲ့ ကုန်စုံဆိုင်

ဒါနဲ့ နိုင်ငံသားဖြစ်နေတဲ့ ကုလားကြီးကို သတိရလို့ ဆက်သွယ်တော့ သူက မက္ကဆီကိုနဲ့ ဘလိဇ်ကြားက ဖရီးဇုန်မှာ စီးကရက်တွေ ဝယ်ပြီး၊ ဘလိဇ်စီးတီးမှာ ဈေးလာရောင်းရင် ဝယ်အားပေးနေကြ ကုလားကြီး မိတ်ဆွေ မက္ကဆီကန်ဆီ လှမ်းအကြောင်းကြားတော့ ၂ရက် ၃ရက်အကြာမှာ လာကြိုပြီး သူ့အိမ်ခေါ်သွားပါတယ်၊ သူ့အိမ်မှာ အမေရိကားကိုဝင်ဖို့ ချိတ်တော့ ၂ပါတ်လောက်ကြာမှာ ကျနော်ရောက်နေတဲ့ မက္ကဆီကို မြေပုံ အောက်ဆုံးပိုင်းက ချာတူးမာမြို့က ခရိယာန်မိသားစု အသင်းတဖွဲ့ကနေ မက္ကဆီကို တနိုင်ငံလုံးကို အလည်အပါတ်ခရီးသွားမဲ့ အဖွဲ့တဖွဲ့မှာ လိုက်ပါပေးဖို့ ကုလားကြီးသူငယ်ချင်း မက္ကဆီကန် အဘိုးကြီးကနေ စီစဉ်ပေးပါတယ်၊ အမေရိကန် နယ်စပ်အထိ ဒေါ်လာ ၄၀၀၀ တောင်းပါတယ်၊ ၂၀၀၀ က အခုပေးပြီး ၂၀၀၀ က နယ်စပ်ရောက်မှ ပေးရမှာပါ၊ ဘာလို့ ဒီလိုလုပ်ရလဲ ဆိုတာကတော့ ရှင်းပါတယ် မက္ကဆီကိုနိုင်ငံထဲက မြို့အဝင် အထွက်ဂိတ်တွေမှာ စပန်ညော် (စပိန်) လို မပြောတတ်တဲ့ ကျနော့အဖို့ အမေရိကန် နယ်စပ်မပြောနဲ့ နောက်တမြို့တောင် ကူးခွင့် မသာပါဖူး။ ဖြစ်ချင်တော့ ဒီဘုရားဖူးယာဉ်ဟာ မြို့တွေ ရွာတွေဖြတ် ဘုရားကျောင်းတွေ ဝင်ဖူး ဂိတ်တွေမှာတော့ အစစ်အဆေးက ဘုရားဖူးကား ဖြစ်တာရယ်၊ ကျနော်ထိုင်တဲ့ ဂျောင်ကျကျ နေရာရယ် ဒီအချိန် မက္ကဆီကိုမြို့တော် မက္ကဆီကိုစီးတီးမှာ သူတို့ ဘာသာရေး ပွဲတော်ကြီး တခု အကြီးအကျယ် ရှိနေတာ ပေါင်းပြီး မြို့တိုင်းရွာတိုင်းက အစစ်အဆေး တွေကနေ လွတ်လာခဲ့ပါတယ်၊ အမေရိကန် နယ်ခြားနဲ့ တရက်ကျော်ကျော် လောက်ခရီးရှိမဲ့ ဇကါတက်ကပ်(စ်)မြို့ ( Zacatecas ) ရောက်တော့ ခရီးသွား ရက်ကြာလာတာရယ်၊ ကားမှာ ဝယ်ကြခြမ်းကြနဲ့ ပစ္စည်းပိုများလာတာကို အကြောင်းပြုပြီး ကားဒရိုင်ဘာက ကျနော် မက္ကဆီကန် မဟုတ်ပဲ ကားပေါ်ပါလာတာ သတိထားမိတော့ စီစဉ်ပေးလိုက်တဲ့ မက္ကဆီကန် အဘိုးကြီး သူငယ်ချင်း အခု ခရီးစဉ်ကို စီစဉ်သူ နဲ့ ကားစပါယ်ယာကို ဒရိုင်ဘာလဲဖြစ် ပိုင်ရှင်လဲ ဖြစ်တဲ့သူက ဆူပြီး အဲဒီမြို့မှာပဲ …ကျနော်ဟာ၊ ဟော့ဒီ …. မောင်ဘုန်း .. Alone ဖြစ်ကျန်ခဲ့ပါတယ်။

ဟော်တယ်တခုမှာ တရက် ဒေါ်လာ ၅၀ ပေးပြီးနေကာ ပွဲစားတွေ ချိတ်ယူတော့၊ ပွဲစားတွေက အဲဒီ နေရာတွေကနေ ကျော်ရင် အမေရိကားထဲ မူးယစ်ဆေးဖြန့်ပို့တဲ့ လမ်းကြောင်းတွေ ဖြစ်လို့ အမေရိကန် DEA က အထောက်အပံ့ပြုထားတဲ့ စစ်ဆေးရေး ဂိတ်တွေများလို့ စပိန်လို မပြောတတ်သူကို ခေါ်ဖို့အတွက် ငြင်းကြပါတယ် နယ်စပ်အထိသာ လာကြဖို့ ပွဲစားတွေက ပြောပါတယ်၊ ဒီတော့ အမေရိကားထဲက အသိတွေ လှမ်းချိတ် အကူညီတောင်းတော့ တလကျော်လောက်မှ အမေရိကားက မိတ်ဆွေတယောက် လှမ်းချိတ်ပေးလို့၊ မိတ်ဆွေအိမ်မှာ ဋ္ဌားနေတဲ့ မက္ကဆီကန် သွားဆရာဝန်တယောက် ဇကါတက္ကပ်မြို့ ကနေ လာခေါ်ကာ ဘယ်သူမှ မခေါ်ရဲတဲ့လမ်းကို ဘတ်(စ်)ကားလမ်းကြောင်းနဲ့ ကျနော့ကို ခေါ်ခဲ့ပါတော့တယ်၊ အမေရိကား – အရီဇိုးနား နယ်စပ်က နိုဂါးလိ(စ်)မြို့အထိ ပို့ပေးမယ်ဆိုပါတယ်၊ အဲဒီ ဆရာဝန်က တခုပဲ တောင်းဆိုပါတယ်၊ လမ်းမှာ စစ်ဆေးခဲ့ရင် သူခေါ်တယ်လို့ မပြောဖို့ ဒီအလုပ်ဟာ အလွန် အန္တရာယ်များတယ်လို့ တောင်းဆိုတာပါပဲ။

ဖယ်ဒရယ် အေးဂျင့်က ခဏ ခဏ ဖေါက်ခံရတဲ့ သံဗန်းခြံစည်းရိုးတွေကို ပြနေပုံ 

လမ်းမှာလား? စစ်တာပေါ့ … ဘတ်(စ်)ပေါ်က အသက်ကြီးပိုင်းနဲ့ အမျိုးသမီး တွေကလွဲလို့ ကျန်တာတွေက ပိုက်စိပ်တိုက်ပဲ၊ အမေရိကားနားနီးလေ one by one ဖြစ်လေဘဲပေါ့၊ တချို့ အစောပိုင်းဂိတ်တွေမှာ ကျနော့ကို ကျော်ပြီး မမေးတာတွေရှိခဲ့ပြီး ကြံုခဲ့ပါတယ်၊ အမေရိကား ခြံစည်းရိုးနား နီးလာတော့ ကားတွေပေါ်က ဆင်းပြီး အစစ်ခံရတာတွေ ရှိလာပါတယ်၊ ရင်တုန်ပန်းတုန် အဖြစ်ဆုံးကတော့ မက္ကဆီကို ဟိုင်းဝေးအမှတ် ၁၅ D နဲ့ အမှတ်၂ လမ်းမကြီး ခဏပေါင်းသွားတဲ့ ဆန်တာ အန်နာ (Santa Ana)ဂိတ်မှာပါပဲ၊ ဂိတ်ထဲခေါ်စစ်တော့ ကျနော့ အလှည့်ရောက်မှာ စကားပြောတာနဲ့ သိနေပြီ မင်း … ခြံစည်းရိုးကျော်မလို့ မဟုတ်လား? မေးတော့ ဟုတ်တယ်လို့ ဖြေလိုက်ရတော့တယ်၊ အထောက်အထားဆိုတာနဲ့ ဒီတော့ Passport စာအုပ်ထုတ်ပြတော့ ဗီဇာမပါတာနဲ့ သူတို့ ဗိုလ်ကြီးဆီ ခေါ်သွားတယ် သူ့ဗိုလ်ကြီးက စာအုပ်တောင် မကိုင်ကြည့်ဖူး၊ ဆရာကြီး အထာနဲ့ မင်း… ချီးနား(China)လားလို့ မေးတော့ ရောသော ပေါသော လုပ်ပြီး ဟုတ်တယ် ဖြေလိုက်တယ်၊ မင်း ဗီဇာမပါတာနဲ့တင် ဖမ်းလို့ ရပြီ ပြောတော့ မလုပ်ပါနဲ့ ဗိုလ်ကြီးရယ် ဆိုပြီး ပိုက်ဆံအိတ်ထဲက အစိမ်း၃၀၀ ထုတ်ပေးတော့၊ အဲဒီ ဗိုလ်ကြီးက ပိုက်ဆံတောင် မကိုင်ကြည့်ဖူး အမေရိကားမှာ အမျိုးရှိလား ? လို့ထပ်မေးတယ်၊ မိဘတွေရှိတယ်လို့ ပါးစပ်ထဲ အဆင်ပြေသလို ဖြေတော့ … အေး…အေး ၁၅၀ ပြန်ယူသွား ဟိုဖက်ရောက်ရင် ကုန်ဦးမှာ ဟော်တယ် စရိတ်ရှိသေးတယ် ဆိုပြီး ပြန်လွှတ်ပေးခဲ့တယ်။ ဂိတ်ကထွက်တော့ စိတ်ထဲမှာ ကျလိကျလိ ဖြစ်ပြီး ကြိမ်းဝါးလိုက်တယ် …. ငါလာပြီ … ဟေ့ …အမေရိကားလို့။

အမေရိကန် မက္ကဆီကို နယ်စပ်နှင့် ခြံစည်းရိုး

အမှတ်၂ နဲ့ အမှတ် ၁၅ D လမ်းမကြီး ပူးရာကနေ ခွာပြီး နိုဂါလစ်ဆီ တိုက်ရိုက် ဦးခိုက်နေတဲ့ အမှတ် ၁၅D လမ်းမ သတ်သတ်ခွာထွက်သွားတဲ့ လမ်းဆုံ အင်မာရစ် ( Imuris ) မြို့ စစ်တပ်ဂိတ်မှာလဲ ကားရပ်လို့ စစ်မလို့ လုပ်နေတုန်း ရှိသေးတယ် ဘတ်(စ်)ကား နောက်က ကားက ကြောက်အားလန့်အားနဲ့ ပြန်ကွေ့မောင်းပြေးလို့ အဲဒီကားလိုက်ဖမ်းဖို့ အာရုံများနေကြတာနဲ့ ထပ်ပြီး လွတ်လာခဲ့ကာ သံတံတိုင်းတွေ ကွန်ကရစ်နံရံ အမြင့်ကြီးတွေ ကာရံပြီး မြို့လေးကို ၂ခြမ်းခွဲထားသလို မြင်ရတဲ့ နိုဂါးလစ် ( Nogales ) မြို့ဆီကို ဆိုက်ရောက်လာ ခဲ့တော့တယ်။ အမေရိကားကို ကူးမဲ့ညမှာ လိုက်ပို့ပေးတဲ့ ဆရာဝန်က ခြံစည်းရိုးကျော်ပြီး အမေရိကား အရီဇိုးနားပြည်နယ်ထဲက တပ်ဂ်ဆန်မြို့ အထိလိုက်ပို့ ပေးမဲ့ ပွဲစားကို ရှာပေးပြီး သူပြန်သွားပါတယ်၊ ညကြတော့ အဲဒီ နိုဂါလစ်မြို့ အနီးက ခြံစည်းရိုး အမြင့်ကြီးတွေကနေ မကျော်ပဲ မြို့ပြင်ထွက်ပြီး လူအတော်ပြတ်တဲ့ တောစပ်စပ်နေရာမှာ ခြံစည်းရိုးဖြဲ ဝင်မလို့လုပ်နေတုန်း မက္ကဆီကို နယ်ခြားစောင့်တပ် မြင်လို့ ပြေးကြတာ သူတို့က ကားနဲ့လိုက်တော့ ခဏလေးနဲ့မိပြီး ဖမ်းခံထိပြန်ပါတယ်၊ ကျနော်ရယ် မက္ကဆီကို ကောင်လေးတယောက်ရယ်၊ လမ်လျှောက်ပွဲစားရယ်ပါ။ ဖမ်းမိပြန်တော့ စစ်သားတွေက ပိုက်ဆံအိတ်ထဲ ကျန်နေတဲ့ ဒေါ်လာ ၂၀ နဲ့ ဘလိဇ်ကယူလာတဲ့ လက်ကိုင်ဖုန်းလေး ယူပြီး လွှတ်ပေးလိုက်တယ်၊ နောက်သူတို့က ကျနော်ပါလာတဲ့ ကျောပိုးအိတ်ကို မယူသွားနဲ့လို့ ပြောတယ် ဒီစေတနာ နောက်မှသိရတာပါ၊ ဒီဖက်လမ်းက သွားလို့ ပွဲစားကို ထပ်ညွှန်ပြနေတာတောင် တွေ့လိုက်ရသေး၊ သွပ်ဆူးကြိုးတွေ ဖြဲဝင်ရင်း လမ်းလျှောက်ပွဲစားကို မေးလိုက်တယ် ငါတို့ ဆုံရပ် ဘယ်နှစ်နာရီလျှောက်ရမလဲ ဆိုတော့ နာရီဝက်၊ ၁နာရီလောက်ပဲ ပြောတယ်၊ နားကြားပဲ လွဲသလားမသိ တညလုံးတတောင်တက် တတောင်ဆင်းနဲ့ ဖြတ်ရင်း၊ ခွေးဟောင်သံတွေကြားရင် ခဏခဏ မှောင်မှောင်မဲမဲထဲ ဝပ်လို့ အခြေအနေစောင့်ကြည့် ရတာလဲ အကြိမ်ကြိမ် ဒီလိုနဲ့ မနက်သာ မိုးစင်စင် လင်းသွားတယ် တညလုံး ရေသောက်စရာမရှိပဲ ဖြတ်လာခဲ့ကြတာ၊ အမေရိကန်ထဲ ရောက်နေပြီး ချိန်းထားတဲ့ တက္ကစီလာကြိုမဲ့ ဟိုင်းဝေးဆီ ဇောတွေနဲ့ ချဉ်းကပ်လာ နေခဲ့တော့တယ်။

ရင်၂ခြမ်းခွဲထား သလို တံတိုင်းတွေ ကာထားတဲ့ နိုဂါးလိ(စ်)မြို့လေး

မနက် လင်းခါစမှာ ဟတ်စကီးတွေ ခေါက်တို့ ခေါက်ပြန် ကပ်ဝဲပြီး ပျံနေတာတွေ့တော့ လူ ခါးတဝက်လောက် မြင့်တဲ့ ကန္တာရ ဆူးချုံပုတ်တွေထဲ အသံကြားတာနဲ့ ၂ခါလောက် ပြေေးပြးဝင်ပုန်း ခဲ့ရသေးတယ်၊ ဆူးတွေ ခြစ်ပြုတာတော့ ရှိတာပေါ့၊ မနက် ၁၀နာရီလောက်တော့ ဆုံရပ်ဟိုင်းဝေးနား ကပ်လာပြီ၊ ရေသိပ်ငတ်လွန်းလို့ အနီးဝန်းကျင်မှာ ရေလိုက်ရှာတယ်၊ တောင်ထိပ်မှာ အိမ်တအိမ်သွားတွေ့တယ်၊ အဲတာနဲ့ အဲဒီကိုသွားပြီး အိမ်အစပ်က ရေဘုံဘိုင်မှာ ၃ယောက်သား ရေသွားသောက် အပြီးမှာပဲ အိမ်ထဲက ခွေးသမင်ကြီးလိုက်လို့ ပြေးရသေးတယ်၊ တောင်ခြေက တော ခပ်စပ်စပ်ထဲ ရောက်လို့ လှည့်ကြည့်တော့ အိမ်ရှင်က မဂ္ဂနမ်သေနတ်ကြီး တကားကားကိုင်လို့ ထွက်လာတာ တွေ့လိုက်ရသေးတယ်၊ နောက်တော့ ဟိုင်းဝေးအနားက ခြံုပုတ် အပုလေးတွေနား သွားဝင်ပုန်း စောင့်နေရသေးတယ်၊ လမ်းလျှောက်ပွဲစား ကတော့ သူ့ဟမ်းဖုန်းနဲ့ အဆက်အသွယ်တော့ လုပ်နေတာပဲလေ၊ ဆီညော် … တို့ … ဟိုးလာ …တို့ ပြောတာတော့ မှတ်မိလိုက်တယ်၊ တနာရီလောက်ကြာတော့ တက္ကစီသမားလာကြိုလို့ တပ်ဂ်ဆန်မြို့ ဆုံရပ်အိမ်ကို ရောက်လာမှ ကိုယ့်လိုပဲ ဘယ်လမ်း … ဘယ်လမ်းတွေက တိုးဝင်လာကြတဲ့ သူတွေလဲမသိ၊ အဲဒီအိမ်ကို တသုတ်ပြီး တသုတ် ဝင်လာမစဲ တသဲသဲပဲလေ။

အမေရိကားထဲကို မက္ကဆီကန် နယ်စပ်မှ ခြံစည်းရိုးကျော် ပြေးဝင် ထွက်ပြေးကြသူများ

ညနေကြတော့ အမေရိကားထဲက မိတ်ဆွေတွေ အစီစဉ်နဲ့ပဲ အမေရိကန်- အာဖရိကန် အမဲကောင် ကိုယ်တိုင်လာကြိုတဲ့ ကိုယ်ပိုင်ကားနဲ့ ၂ယောက်သား တပ်ဂ်ဆန်မြို့ ကနေ ညနေစောင်းမှာ ထွက်လာခဲ့ပြီး အရီဇိုးနားပြည်နယ်မြို့တော် ဖီးနစ်မြို့ ရောက်တော့ ညအိပ်မယ် လုပ်ကြသေးတယ်၊ ဘာဖြစ်တယ် မသိပါဖူး …. အမဲကောင်က စိတ်ပြောင်းပြီး ဆက်သွားမယ်ဆိုကာ တညလုံးမောင်းလို့ အကုသိုလ်မြို့တော်လို့ တင်စားခေါ်တဲ့ လတ်(စ်)ဗီးဂတ်(စ်) ဆီ ဦးတည်ပြီး လာနေတဲ့ ခရီးမှာစီးမျှောရင်း စိတ်ကူးနဲ့ရူးခဲ့ရတဲ့ အိပ်မက်တိုင်းပြည်ကိုတော့ ရောက်ပြီ၊ ရှေ့မှာဘဝရဲ့လိုအပ်ချက် ကွက်လပ်တွေကို တကယ်ဖန်တီးနိုင် …. မနိုင် … တွေးရင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တာ …

အဲဒီညက အရီဇိုးနားပြည်နယ် ကနေ နီဗါးဒါး သဲကန္တာရထဲ အထိ ခြံစည်းရိုးတွေ အဆင့်ဆင့်ကျော်ကာ တိတ်ဆိတ်တဲ့ အပူလှိုင်းတခု လှို့ဝှက်စွာ ဖြတ်သန်းစီးဆင်းလို့ သွားတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here