ဇင်ဘာဘွေ ဝန်ကြီးချုပ် ဇနီးမောင်နှံ ယာဉ်တိုက်မှုဖြစ်၍ ဇနီးသေဆုံး

alt

ဇင်ဘာဘွေ အတိုက်အခံ ခေါင်းဆောင်မှ ၀န်ကြီးချုပ် ဖြစ်လာသူ မော်ဂန် ဆာဗန်နာဂီ၏ ဇနီးသည်မှာ ယာဉ်တိုက်မှု တခုအတွင်း ကွယ်လွန် သွားပြီဟု သိရသည်။

မတ်လ (၆)ရက်နေ့က ဟာရာရာ မြို့တော်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု အတွင်း ၀န်ကြီးချုပ်မှာ ဒါဏ်ရာများ ရရှိခဲ့သော်လည်း ဇနီးသည် ဆူဆန်မှာမူ ကွယ်လွန်ခဲ့ရရှာသည်။ ယခု ယာဉ်တိုက်မှုသည် ဇင်ဘာဘွေ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို မလိုလားသူများက ပြုလုပ်ခဲ့ခြင်းဟု ဆာဗန်နာဂီ၏ ပါတီက စွပ်စွဲခဲ့ပြီး ၀န်ကြီးချုပ်အပေါ် ပစ်မှတ်ထား လုပ်ကြံမှုများ ရှိလာနေကြောင်း စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

အသက်(၅၆)နှစ် အရွယ် ဆာဗန်နာဂီသည် ၀န်ကြီးချုပ်အဖြစ် ကျမ်းကျိန်ပြီး သီတင်း (၃)ပါတ်အကြာတွင် ယခု ယာဉ်တိုက်မှုနှင့် ကြံုတွေ့ ရခြင်းဖြစ်သည်။ ကုန်တင်ကား တစင်းက ၀င်တိုက်ခဲ့သည့် ယခု ဖြစ်ရပ်အပေါ် မတော်တဆမှု တခုဟု မရှုမြင်ကြောင်း ဆာဗန်နာဂီ၏ ပါတီက ကြေငြာခဲ့သည်။

မတ်လ (၆)ရက်နေ့ ညက သမတကြီး ရောဘတ် မူဂါဘီသည် ၎င်း၏ နှစ်ရှည်လများ အတိုက်အခံ ပြိုင်ဘက် ဖြစ်ခဲ့သူ ဆာဗန် နာဂီအား နယ်ဆန်ချာ မီဆာ ဆေးရုံတွင် သွားရောက် တွေ့ဆုံခဲ့သေးသည်။

ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဆာဗန် နာဂီ၏ ဇနီးသည် ကွယ်လွန်မှုအတွက် ဗြိတိန် အစိုးရအနေနှင့် အလွန်ကြေကွဲ ၀မ်းနည်းမိပါကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here