အလဇ္ဇီရဟန်း နှင့် ပြည်ပသာသနာ

“လွန်ခဲ့တဲ့ ငါးနှစ်ကျော်က အဖြစ်အပျက် တခုဟာ အခုထိ အကောင်အထည် မပေါ်ဘဲ ဖြစ်နေလို့ နည်းနည်းတော့ ပြောချင်လာတယ်၊ စာရေးသူတို့ စကင်ဒီ နေဗီးယန်း နိုင်ငံတခုဖြစ်တဲ့ ဖင်လန်ကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က စတင် ရောက်လာကြပါတယ်။”

ဗုဒ္ဓဘာသာဝင် စစ်စစ်တွေပီပီ ဗမာနိုင်ငံသားတွေ ရှိရင် ငါတို့ ဘုန်းကြီးကျောင်းလေး တကျောင်းလောက်တော့ အနည်းဆုံးဖြစ်အောင် လုပ်မယ်ဆိုပြီး ဝိုင်းဝန်း တိုင်ပင် ဆွေးနွေးကြလိုက်တာ တော်တော် ကြာသွားပါတယ်။ အမှန်တော့ ညီညွတ်ရေး တည်ဆောက်တယ် ဆိုမလားပဲ ဗမာနိုင်ငံသားတွေ ဆိုတော့ သိတဲ့ အတိုင်းပဲ ပုဂ္ဂိုလ်ရေး မတည့်တာတို့ ဘာတို့နဲ့ တော်တော့ကို ညှိုနှိုင်း လိုက်ကြ ရတာပေါ့။ နောက်တော့လည်း အဆင်ပြေ သွားပါတယ်။

 

နောက် ၃ နှစ်လောက် ကြာလာတော့ နယ်သာလန်ရောက် မြန်မာတွေက အကြောင်းကြား လာပါတယ်။ သူတို့ဆီကို ဗုဒ္ဓဘာသာ သာသနာပြု အဖွဲ့တခုက လာပြီး ကျောင်းထိုင်ပေးမယ်တဲ့ စာရေးသူတို့ ဖင်လန်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေမှာ ပီတိသောမန ဆိုတာ ဒါမျိုးလားတော့ မသိ ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ငါတို့တော့ အိမ်နီးချင်းမှာ ဗမာနိုင်ငံသား ဘုန်းကြီး ရတော့မယ်ပေါ့။ ဒီလိုနဲ့ ဖင်လန်ရောက် ဗုဒ္ဓဘာသာဝင် စစ်စစ် ကိုသန့်ဇင်ထွန်းက အဆက်အသွယ်တွေလုပ် ဘုန်းကြီးပင့် နဲ့ ပီနန် ဆရာတော်ကြီး လို့ အများကိုးကွယ် လေးစားတဲ့ ဘုန်းတော်ကြီး အပါအဝင် ဘုန်းတော်ကြီး ငါးပါး ဖင်လန်နိုင်ငံကို ၂ဝဝ၅ ခုနှစ် နွေဦးပေါက် ရာသီမှာ ရောက်လာပါတယ်။

 

အဲဒီ အချိန်တုန်းက ဖင်လန်နိုင်ငံမှာ မြန်မာနိုင်ငံသား ပျမ်းမျှ ၃ဝဝ သာသာ ခန့်သာ ရှိသေးပါတယ်။ အခြားဘာသာကို ကိုးကွယ်တဲ့ ဗမာနိုင်ငံသား တွေလည်း ရှိကြပါတယ်။ ဘုန်းတော်ကြီးတွေ မိန့်ကြားတာ ကတော့ ငါတို့ဟာ ကမာ္ဘ့သာသနာပြု ပုဂ္ဂိုလ်တွေဖြစ်တယ် ဗုဒ္ဓ ဘာသာဝင်တွေ ဆိုတာ မင်းတို့တွေမှ မဟုတ်ဘူး တကမာ္ဘလုံးမှာ ရှိတယ်။ ကျောင်းဘာလို့ မဖြစ်ရမလဲ? ဒီလိုအားတက်ဖွယ် စကားတွေနဲ့ ပြောပြီး၊ ဒါပေမဲ့ မင်းတို့ကတော့ တတ်နိုင်သလောက် အခြေခံ ထောက်ပံ့ရမယ် ဆိုပြီး မိန့်ကြား သွားခဲ့ပါတယ်။

 

ဒီတော့ စာရေးသူတို့လည်း ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးကြ ပြန်တာပေါ့။ ငါတို့ ဘယ်လို ဝိုင်းဝန်း စုဆောင်းကြမလဲ? တယောက်ကို ဘယ်လောက် ထည့်ဝင်ကြမလဲပေါ့! ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီအချိန် အဲဒီ ကာလမှာက စကင်ဒီ နေဗီးယန်း ရောက်ခါစ စာရေးသူတို့မှာ စိတ်ပဲ ရှိနိုင်တာကိုး! ဒါပေမဲ့လည်း လူကြီးတွေက သတ်မှတ်ပါတယ်။ မိသားစုတွေက တမိသားစုကို ၃ဝဝ ယူရိုထည့်၊ လူပျိုတွေက ၁၅ဝ ယူရို ထည့်ပေါ့။ ဒီလိုနဲ့ စုဆောင်းလိုက်တာ စာရေးသူတို့မှာ ယူရို ၁ သောင်းခွဲ နီးနီး ပိုက်ဆံ ရပါတယ်။ စာရေးသူ ထင်တာက ပိုက်ဆံရရင် ဘုန်းတော်ကြီး တွေကလည်း အတော်အသင့်သလောက် စိုက်ထုတ်ပြီး တခုခုတော့ လုပ်ပေးမယ် ထင်တာပေါ့။ နောက်တော့ ဘုန်းတော်ကြီးတပါး နာမည်နဲ့ ဘဏ်အကောင့်တခု ဖွင့်ပြီး ပေးလိုက်ရတယ် … ဆိုပါတော့ဗျာ။

 

ပိုက်ဆံဆိုလို့ တခုတော့ ရှင်းပြ လိုက်အုန်းမယ်ဗျ။ စာရေးသူတို့ ငွေစတင် လိုက်လံ စုဆောင်းထဲက ဦးဆောင်တဲ့ သူတွေ ပြောထားတဲ့ စကားရှိတယ်ဗျ! အဲဒါက ငါတို့ စုဆောင်းထားတဲ့ ပိုက်ဆံတွေဟာ အရှင်ဂေါတမ ကိုတောင်မှ ပုဂ္ဂိုလ်ရေး ကြည်ညိုပြီး ရေစက်ချ လှူဒါန်းမှာ မဟုတ်ဘူး ငါတို့ နေတဲ့နိုင်ငံမှာ ကျောင်းဖြစ်ဖို့ စုဆောင်းတာ လှူတာလို့ နှောင်ကြိုးပါတယ်ဗျ! နောက်ပြီး အမှန်တော့ စုဆောင်းရတဲ့ ငွေတွေဟာ တနည်းအားဖြင့် ဆိုရရင် စာရေးသူတို့ ပိုက်ဆံတွေ မဟုတ်ဘူးဗျ။ ဖင်လန်နိုင်ငံမှာ အခွန်ထမ်းနေတဲ့ သူတွေရဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ၊ အမုန်းတွေနဲ့ ရင်းနှီးထားတဲ့ အခွန်တော်ငွေတွေ ထဲက စာရေးသူတို့ အခြေချ နေထိုင်သူတွေကို လူမှုရေး အကူအညီအရ စားဖို့သောက်ဖို့ လောက်ငှရုံ ပေးထားတဲ့ ပိုက်ဆံတွေ …ဗျ! အဲဒီလို စုဆောင်းထားတဲ့ ငွေတွေဆိုတာ ရှင်းပြချင်တာပါ။

 

ထားလိုက်ပါတော့ …ဗျာ! ဒီလိုနဲ့ ဘုန်းတော်ကြီးတွေက လာတယ်၊ ပြန်သွားကြတယ် ပေါ့ဗျာ။ သိတဲ့အတိုင်းပဲ သိပ် မကြာခင်မှာ ဘုန်းကြီးအမှုက ဥရောပပါတ်တော့ တာပါပဲ။ ဒီတင် ဒိန်းမတ်မှာ ကျောင်းဖွင့်လိုက်ပြီတဲ့။ သိတဲ့အတိုင်းပဲ ဥရောပကို ရောက်တဲ့ ဗမာနိုင်ငံသား အများစုဆိုတာက လက်ရှိမှာ ဒုက္ခသည်တွေပဲလေ အချင်းချင်း အင်တာနက်အွန်လိုင်း ဖွင့်တက်လိုက်တာနဲ့ ဘာက ဘယ်လို? ဘယ်ဟာက ဘာဆိုတာ? ချက်ချင်းသိတာပဲ မဟုတ်လား? ဖုံးထားလို့ရ အလွန်ဆုံး … တမနက်ပေါ့။ မယုံဘူးလား? ပြောပြမယ် ဥရောပမှာက အလုပ်ရတဲ့ သူက ၄ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတာကိုး …. အကြောင်း အမျိုးမျိုးကြောင့်ပေါ့ … ဗျာ။ စကားမတတ်တာတို့ အသက်မွေးဝမ်းကျောင်း လက်မှတ် မရှိတာတို့ လူမှု ဖူလုံရေးငွေပဲ ထိုင်စားပြီး အလုပ် မလုပ်ချင်တော့တာတို့ စုံလို့ပေါ့။

 

ဒီလိုနဲ့ နယ်သာလန် ကနေ ငါးပိနံ့ မွှေးမွှေးလေး ထောင်းကနဲ့ ထွက်လာတယ်။ ( မှတ်ချက်။ ငါးပိနံ့ မွှေးမွှေးလေး အကြောင်းသိချင်ပါက နယ်သာလန်၌ အသိရှိလျှင် စုံစမ်းနိုင်ပါသည်။) နောက် ဒိန်းမတ် ကနေ ပြောလာပါတယ်၊ ငါတို့ကတော့ ကျောင်းဖိုး ဆပ်နေရပြီ ဘုန်းကြီးက အခုမှ မယ်တော် ဝမ်းဗိုက်တော်မှာ ပဋိသန္ဓေ တည်တော် မူတုန်းပဲလို့ အကြောင်းပြန်လာပါတယ်။ ဒီတော့ စာရေးသူတို့ ဖင်လန်မှာ ရောက်နေတဲ့ ဗမာ လူမျိုးတွေကလည်း စဉ်းစားရပြီပေါ့ ငါတို့ကော ဘယ်လိုလုပ်မလဲ? ပိုက်ဆံတွေကလည်း ဘုန်းတော်ကြီး လက်ထဲမှာ ငါတို့ ပိုက်ဆံထပ်စုပြီး ကျောင်းဝယ်ရင်လည်း ရှိတဲ့ ကျောင်းအတွက်တောင် မယ်တော်ဗိုက်ထဲမှာ ပဋိသန္ဓေ တည်တုန်းဆိုတော့ ငါတို့ကျရင် ပဋိသန္ဓေ တည်ပေးမဲ့ မယ်တော်ပါ ရှာရခန်းပါ ရောက်တော့မယ်။ ဘုန်းတော်ကြီးကတော့ သိပ် … မဟုတ်တော့ဖူး? အဲဒီတော့ ယာယီကျောင်းလောက်မှပဲ သင့်တော်မယ် တိုင်ပင်ကြ ဆုံးဖြတ်ကြပေါ့ဗျာ။

 

ဒီလိုနဲ့ ယာယီ ကျောင်းလောက်ပဲ ဖွင့်ပေးရင်းနဲ့ ဘုန်းကြီးဆီက ပိုက်ဆံတော့ ပြန်ရမှ ဖြစ်တော့မယ်ပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနိုင်ငံတွေမှာက ဘာပဲလုပ်လုပ် ပိုက်ဆံနဲ့ လုပ်ရတာ ငွေနဲ့ဆက်ကြ ရတာကိုး။ ဘယ်သူကမှ ကိုယ့်အိတ်ထဲက ပိုက်ဆံကို မစိုက်ချင်ကြတော့ဘူး ဘာဖြစ်လို့လည်း ဆိုတော့ ဘုန်းတော်ကြီးကို အယုံအကြည် မရှိကြတော့လို့ဗျ။ ဒီလိုနဲ့ အကျိုးနဲ့ အကြောင်းပြပြီး အရှင်ဘုရား … အရှင်ဘုရား လက်ခံရရှိထားတဲ့ ပိုက်ဆံတွေ(ဝထ္ထုတွေ) တပည့်တော်တို့ လက်ထဲကို ပြန်လွှဲပါတော့လို့ လျှောက်တင်ကြတာပေါ့။ ဘုန်းတော်ကြီး ကလည်း ကောင်းပြီ ကိုယ်တော် ပြန်မကြွခင် ထားခဲ့မယ်ပေါ့။ ဒါပေမဲ့ အတိတ်မေ့သွားတယ်ပဲ ပြောရမှာပေါ့ဗျာ။ အခုထိ ကျနော့်တို့ လက်ထဲမှာ ပိုက်ဆံ ပြန်မရောက်ဘူးဗျ။ အခုထိ ကျောင်းမဲ့၊ ကျောင်းထိုင်မဲ့ အလှူငွေမဲ့ ဘဝ ဖင်လန်ရောက် ဗမာတွေ ရောက်ရရှာတယ်။ ေဩာ် … ဝထ္ထု၊ …. ဝထ္ထု မရှိမဖြစ် … မိုး မဟုတ်ဖူး ! မရှိမဖြစ် …. ဝထ္ထု ပေါ့။

 

နောက်တခုက ဒီအချိန် ပြောမကောင်းဖူး သိပေမဲ့ သံဃာတော်တွေနဲ့ ပါတ်သက်ရင် ကျုပ်တို့ လူမျိုးများက ဘုရားရဲ့ အရေတော်ခြံုထားတဲ့ အလဇ္ဇီ ရဟန်းတောင် ဘာသာတရား ရိုသေကိုင်းရှိုင်း ကြလွန်းလို့ ခွန်းတုန့် မပြန်ရဲဖူး၊ ပြီးခဲ့တဲ့ တနှစ်ကပေါ့ အမေရိကား အနောက်မြောက် ပြည်နယ်တခုက ဗမာတွေ လက်ချိုးရေလို့ ရတဲ့ မြို့သိမ်တခုမှာ  ဦးပညာဇောတ ဆိုတဲ့ ကိုယ်တော် မာတုဂါမ တယောက်ဆီ မီးခွက်လာမှုတ်တယ်၊ ဧည့်ငတ်တဲ့ အရပ်ဆိုတော့ ဘုန်းကြီး ဒီတသက် ဖူးဖြစ်မယ် မထင်တဲ့ ဒေသခံတွေက ဘုန်းကြီးတပါးကြွလာတယ် အသံကြားတာနဲ့ လှည်းနေလှေအောင်း မြင်းဇောင်း မကျန်အောင် တပ်တော်ပါ ဗိုလ်ထုနဲ့ ချီတက်လာကြချိန် မီးခွက်မှုတ်တာ တန်းတိုးတော့ အရပ်က တာဝန်ရှိသူတွေ ဝိုင်းစစ်ထားတာ မာတုဂါမရဲ့ ထွက်ချက်တွေကို ဗီဒီယိုဖိုင်တောင်ရိုက်ထားတာ ရှိတယ် … ဆိုပဲ။ ဒီကိစ္စကိုလဲ အဲဒီအရပ်က ပီနန်ဆရာတော်ထံ လျှောက်ဖူးတယ်လို့ ဆိုတယ်။

 

နောက် အဲဒါနဲ့ ကပ်ရက် ပြည်နယ်တခုမှာ အမေရိကားကို ဒုက္ခသည်နဲ့ ရောက်လာတဲ့ ကရင်အမျိုးသား ဘုန်းတော်ကြီးတပါးက ဋ္ဌာနေကျောင်းမှာ တည်းခိုတယ်၊ ဋ္ဌာနေကျောင်းက ကိုယ်တော်က တယ်လည်း လက်ပေါက် ကပ်ပုံရတယ်၊ သူ့ကိုယ်သူ ဒုက္ခသည် မဟုတ်ချင် ယောင်ဆောင်တာပဲ ပေါ့လေ၊ အမှန်တော့ သူလဲ အတူတူနဲ့ အနူနူပါပဲ ခိုလှုံခွင့် လျှောက်ပြီးနေတာပါ၊ နောက် … အဲဒီ ငယ်ဖြူ ကရင်ကိုယ်တော်ကို ဋ္ဌာနေ ကိုယ်တော်က ကျောင်းမှာ အမြဲမနေဖြစ်အောင် အငြိုအငြင်ပေးတယ်၊ ကိုယ်တော်က နယ်စပ်ကလာတာ စာမတတ်ဖူး၊ ဒီတော့ ဘုန်းကြီးဆိုတာ စာမတတ်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့၊ ဒီမှာဆက်နေချင်ရင် လူထွက် ဖိုးသူတော်နဲ့တော့ နေခွင့်ပေးမယ် ဒီလိုဆိုတယ်၊ ဋ္ဌာနေကိုယ်တော်က သူ့ကျောင်းလာလု ထိုင်ခုံလုတယ် ထင်ပုံရတယ်၊ ဒါနဲ့ ရေချိန်မြင့်လာပြီး အရပ်က ကြားလို့ မှ မသင့်တော် ကရင်ကိုယ်တော်ခမျာမှာ ဘုန်းကြီးကျောင်းရှိရက်နဲ့ အိမ်တအိမ်ကို ရွှေ့နေလိုက်ရတယ်၊ နောက်တော့ ကရင်ကိုယ်တော်လည်း အမေရိကားမှာ ကရင်တွေ အနေများတဲ့ မင်နီဇိုးတား ပြည်နယ် ပြောင်းပြေး သွားရရှာတယ်။ ပြောရရင် ဩချလောက်တယ်… လူတွေက ဘုန်းတော်ကြီးတွေ မေတ္တာထားတတ်အောင် သင်ပေးရမလိုပါ့။

 

တလက်စထဲ ပြောချင်တာက အခုခေတ်မှာ နည်းပညာ ထွန်းကားတော့ ကမာ္ဘအရပ်ရပ်ရောက် မြန်မာပြည်သူတွေ သတင်း တခဏအတွင်း ကြားရတာပဲ မဟုတ်လား? ဗမာဆိုရင် မကွဲရင် ဘာမှ မလုပ်ဖူး! ပြောရ မလောက်အောင်ပါပဲ ဗုဒ္ဓဘာသာပဲ ဖြစ်ဖြစ်၊ ခရိယာန်ပဲ ဖြစ်ဖြစ်၊ အခြားသော ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ကမာ္ဘအရပ်ရပ်က နိုင်ငံတွေမှာ တမြို့ထဲ လူလေးရှိလှ ရာဂဏန်းလောက်နဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ ၂ကျောင်း ၃ကျောင်း ကွဲလို့ ကာယကံရှင်တွေ အသိဆုံးပဲ၊ မှန်တာပြောတာမို့ စဉ်းစားဖို့တော့ လိုလာပြီ။

 

လိုရင်းကို ပြန်ချုပ်ရမယ် ဆိုရင်တော့ဗျာ အခု စာရေးသူတို့ နေနေတာက ဘိုးတော်ဘုရား  လက်ထက် မဟုတ်သလို ဗမာပြည်မှာလည်း မဟုတ်ဘူးဗျ! ပြီးတော့ ဒီမိုကရေစီကို ချစ်သလို အမှန်တရားကိုလည်း တန်ဖိုးထားတယ်ဗျ။ သင်္ကန်းဝတ်ထားပြီး၊ လုပ်ရင် အကုန်မှန်တယ်ဆိုတဲ့ ခေတ်က ဒီဘက်ခေတ်မှာတော့ ကုန်သွားပြီလို့ ပြောရမှာပဲ။ နောက်တချက်က ဗမာပြည်ထဲမှာ ဆိုရင်တော့ သံဃာတွေ မတော်မရား လုပ်တာကို မှန်တာလုပ်တာ မလုပ်တာ အပထား သံဃာ့နာယက အဖွဲ့တို့ ဘာတို့ရှိတယ်ဗျ။ ပြည်ပရောက်နေတဲ့ သာသနာပြု ဘုန်းတော်ကြီးတွေလို့ ပြောတဲ့သူတွေ ကိုယ့်ကိုကိုယ် မပြုပြင်နိုင်ပဲ မဟုတ်တာ လုပ်ရင် ဘယ်နေရာကို သွားရောက် တိုင်တန်းရမှာလဲ? ဘယ်သူတွေက အကူအညီ ပေးနိုင်မလဲ? ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ သိချင်နေတော့တယ်။

အလဇ္ဖီ ရဟန်းတော် တချို့ အတွက် ဘာသာဝင်တွေ ရှက်လှချည်လေရဲ့      ….။

ငြိမ်းချမ်းအောင်

ဤဆောင်းပါးမှာ စာရေးသူ၏ အာဘော်သာ ဖြစ်သည်။ ( အယ်ဒီတာ )

LEAVE A REPLY

Please enter your comment!
Please enter your name here