မြန်မာ့အရေး အမြင့်ဆုံး ရောက်လုချိန် ကုလသမဂ္ဂ တုန့်ဆိုင်းဆိုင်း ဖြစ်နေဆဲ

“ပြီးခဲ့တဲ့ သီတင်းပါတ် အဆုံးမှာတော့ နာမည်အပျက်ဆုံး အင်းစိန် အကျဉ်းထောင် အပါအဝင် တနိုင်ငံလုံး မှာရှိတဲ့ အကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၆၃၁၃ ယောက်ကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။”

ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် ပါသလဲ? ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ရှင်းနေတာကတော့ နိုင်ငံရေး အကျဉ်းသားနှစ်ဦး ဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းထဲမှာ ပါမလာခဲ့ပြန်ပါဘူး။ သူတို့နှစ်ယောက်ကို ၂ဝဝ၃ ခုနှစ် နှစ်လယ်ပိုင်း အစလောက်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကွင်တာနာ (Tomas Ojea Quintana) က မြန်မာ နိုင်ငံကို မလာမီ တရက်အလို ၂ဝဝ၉ ဖေဖေါ်ဝါရီလ (၁၄) ရက်မှာ ကြိုတင် သိထားတာ မရှိဘဲ ဦးတင်ဦးရဲ့ နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံသက်တမ်းကို အာဏာပိုင်တွေက နောက်တနှစ် ထပ်တိုးလိုက်ပြန်ပါတယ်။ ဒါဟာ မြန်မာ့ ဒီမိုကရေစီအရေးကို အထူး ကြိုးပမ်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကို စော်ကား လိုက်တာပါဘဲ။ မကျေမနပ် ဖြစ်စရာပါ။ နောက်ဆက်လုပ်ဖို့ ကိစ္စတွေလည်း တွန့်ဆုတ် သွားရသလို ဖြစ်နိုင်ပါတယ်။

နောက်ထပ် တိုက်ဆိုင် နေတာတခုလည်း ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂမ်ဘာရီက မြန်မာပြည်မှာ သူဘာတွေ လုပ်ခဲ့သလဲဆိုတာ လုံခြံုရေးကောင်စီကို ရှင်းပြပြီး နောက်တရက် အကြာမှာ ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်တိုးတာ လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာကို ကြိုဆိုရပါမယ်။ ဒါပေမယ့် ဒါမျိုး သက်သက်နဲ့တော့ မြန်မာ နိုင်ငံမှာ ပြည်သူတွေ ဒုက္ခရောက်နေတာဟာ အမြဲတမ်း ဖြစ်နေမှာ မဟုတ်တော့ပါဘူးလို့ မယူဆ သင့်ပါဘူး။

“ မြန်မာအရေးဟာ ပက်ကျိလိုဘဲ နှေးနှေးကွေးကွေး ဖြစ်နေပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်လာတာတွေကို ဘာဘဲဖြစ်ဖြစ် အတော့်ကို ဂရုတစိုက် သတိထားပြီး ကြည့်ရပါလိမ့်မယ်။”

စစ်အစိုးရ အုပ်စိုးတဲ့ မြန်မာပြည်ကို ဂမ်ဘာရီ သွားရောက်ခဲ့တဲ့ ဒီတခေါက်မှာလည်း အရင် နောက်ဆုံးခရီးစဉ် နှစ်ခေါက်လိုဘဲ ကုလသမဂ္ဂ လုံခြံုရေးကောင်စီကို ပြန်ပြောပြစရာ များများစားစား မရှိခဲ့ပါဘူး။ လုံခြံုရေး ကောင်စီက လုပ်ပေးနိုင်စရာတွေလည်း မတင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းဘဲ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Jean-Maurice Ripert ကဆိုရင် လုံခြံုရေးကောင်စီကို ဂမ်ဘာရီ သတင်းပို့တာ သိပ် သိပ်တိုလွန်းပြီး စိတ်တိုင်း ကျစရာတွေ မရှိပါဘူးလို့ ပြောယူရတဲ့ အထိပါဘဲ။

၂ဝ၁ဝ ခုနှစ်မှာ လုပ်မယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း မကျပဲနေရင်၊ ပြီးတော့ အတိုက်အခံတွေ အားလုံးကလည်း မပါဝင်နိုင်ဘူးဆိုရင် အဲဒါကို တရားဝင် အသိအမှတ် မပြုဖို့ သူက ပြောပြ ပါတယ်။

ဂမ်ဘာရီ ခရီးစဉ် မအောင်မြင်တာကို ကြိုတွက်ဖို့ သိပ်အခက်အခဲ မတွေ့ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ကို လက်ချည်း သက်သက် မြန်မာပြည်ကို စေလွှတ်လိုက်လို့ ဖြစ်ပါတယ်။ ( လုံခြံုရေးကောင်စီမှ အမှာစကားများ မပါဘဲ စေလွှတ်လိုက်သည်ဟု ဆိုလိုသည်။ )

ဘန်ကီမွန်း မတိုင်မီက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟာ ကိုဖီအာနန် ဖြစ်ပြီး သူ့ရဲ့ မြန်မာ့အရေး သံတမန်ကတော့ ရာဇာလီ အစ္စမေးလ် ဖြစ်ပါတယ်။ ဘန်ကီမွန်း-ဂမ်ဘာရီ အတွဲလိုဘဲ ရာဇာလီ ကလည်း ပေကပ်ကပ်နဲ့ ခေါင်းမာလှတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ရာမှာ ဘာမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂ အထူးသံတမန်တွေကတော့ မြန်မာပြည်ကို သွားလိုက်လာလိုက် လုပ်နေကြတုန်းပါဘဲ။ သူတို့ ခရီးစဉ် အောင်မြင်သွားပြီလားဆိုတာ ဆုံးဖြတ်ဖို့ ကမာ္ဘကလည်း အဆင့်တခုတော့ သတ်မှတ်ထားနေကြ တုန်းပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကုလသမဂ္ဂ သံတမန်တွေက သွားရောက်တွေ့ဆုံတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အဆင့်တခုခု အောင်မြင်သွားပြီလို့ မပြောနိုင်ပါဘူး။

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ စောင့်ကြည့်နေသူတွေ ပြောနေတဲ့ “တမျိုးသားလုံး ပြန်လည် သင့်မြတ်ရေး” ၊ “ဒီမိုကရေစီ တည်ဆောက်ရေး” ဆိုတာတွေဟာ သူ့အစီအစဉ်နဲ့ သူ ဖြစ်လာမယ် ဆိုရင်တော့ သူတို့အတွက် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် မြန်မာ စစ်အစိုးရ အတွက်ကတော့ ဒီကိစ္စတွေဟာ အမှန်တကယ် ဖြစ်လာ မလားဆိုတာ သိချင်နေကြတဲ့ စကားလုံးတွေပါ။

ဒီကိစ္စတွေကို မျှမျှတတ ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပြစ်ဒါဏ်ခတ် နိုင်စွမ်းလည်း မရှိ၊ ဆွဲဆောင်စရာ မက်လုံးလည်း မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက အကြံဉာဏ်တွေ ထုတ်ပေးနိုင်ပါတယ်။ အကြံဉာဏ်တွေကိုသာ လက်ခံ ကျင့်သုံးကြမယ် ဆိုရင် အတော်များများ ကိစ္စတွေမှာ အလုပ်ဖြစ်နိုင်ပါမယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတော်များများမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့ မဟာ ဗျူဟာ မရှိပါဘူး။ ဒီလိုနဲ့ဘဲ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးနေတာ အချိန်တွေတောင် လွန်နေခဲ့ရပါပြီ။

နအဖကို သဘောမကျဘူးလို့ ပြောနေရုံ သက်သက်နဲ့တော့ အလုပ် မဖြစ်တော့ပါဘူး။ ဒီ့ထက်ပိုပြီးကို လုပ်ယူ ရပါတော့မယ်။ မြန်မာနိုင်ငံထဲမှာ သက်ဆိုင်သူတွေ အားလုံး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အစီအစဉ် တခုကို ကုလသမဂ္ဂက မရေးဆွဲလို့ မဖြစ်တော့ပါဘူး။

ဆိုလိုတာ ကတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေ ထောင်အကျခံမလား? ဒါမှမဟုတ် အရပ်ဘက် အစိုးရအဖွဲ့မှာ ပါဝင် မလား? ဆိုတာပါဘဲ။ တခုခုကတော့ သူတို့ကို စောင့်နေပြီလို့ ဗိုလ်ချုပ်တွေ သိထားဖို့ လိုနေပါတယ်။

မြန်မာရဲ့ ဒေသတွင်း နိုင်ငံတွေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေး တိုးတက ်ပြောင်းလဲစေဖို့ စိတ် မပါ့တပါနဲ့ တခါတလေ ထလုုပ် တတ်တာကလည်း အချိန်တွေ သိပ်ကို ကြာလှပါပြီ။ “လမ်းပြမြေပုံ” (Road Map) ဆိုတဲ့ စကားလုံးနဲ့ “အပြုသဘော ဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု” (Constructive Engagement) ဆိုတဲ့ စကားလုံးကို မြန်မာ့အရေးမှာ သုံးစွဲ နေခဲ့ကြပါတယ်။ “လမ်းပြမြေပုံ” ဆိုတာ အရှေ့အလယ်ပိုင်း ပြဿနာ ကနေ ယူသုံးထားတဲ့ စကားလုံးပါ။ “အပြုသဘော ဆောင်တဲ့ ချဉ်းကပ် ညှိနှိုင်းမှု” ဆိုတာ တောင်အာဖရိက နိုင်ငံမှာ အသားအရောင် ခွဲဲခြားရေးကို အဆုံးသတ် ရေးတုန်းက သုံးခဲ့တဲ့ စကားလုံးပါ။ အရှေ့အလယ်ပိုင်းနဲ့ တောင်အာဖရိကမှာ သုံးခဲ့တဲ့ အဲဒီ စကားလုံးတွေရဲ့ တကယ့် အဓိပ္ပာယ် အမှန်ကို သဘောမပေါက်ပဲ မြန််မာ့ အရေးမှာ အလွယ်တကူ ဆွဲသုံးနေကြပါတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ်ဟောင်း သာ့ခ်ဆင် ရှင်နာ ဝတ္ထရာ (Thaksin Shinawatra) က မြန်မာ့အရေးကို ဖြေရှင်းပေးမယ် ဆိုပြီး “Bangkok Process”လို့ စတန့်ထွင် လိုက်ပေမယ့် ချက်ချင်း ပြုတ်ကျပြီး သူ့ကို ဝိုင်းဟားခဲ့ ကြပါတယ်။ စစ်အစိုးရက သူတို့ နည်းသူတို့ဟန် “လမ်းပြမြေပုံ”သုံးပြီး ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ကြေညာ လိုက်တော့ သာခ်ဆင်တို့ လူသိုက်လည်း နောက်ပြန်ဆုတ်လိုက် ကြရပါတယ်။ ၂ဝ၁ဝ ခုနှစ် ရောက်ရင် ရွေးကောက်ပွဲ လုပ်မယ်လို့ မြန်မာ စစ်အစိုးရက ကြေညာလိုက်တာကြောင့် အခုချိန်မှာ အာဆီယံနဲ့ ကမာ္ဘ့ အသိုင်းအဝိုင်း အတွက် တခုခုကို အလေးအနက်ထား မလုပ်ဘူးဆိုရင် အချိန်တွေ သိပ်နှောင်းသွားနိုင် ပါတယ်။

အမေရိကန် ပြည်ထောင်စု သမတသစ် အိုဘားမား (Barack Obama) ရဲ့ အဖွင့် မိန့်ခွန်းမှာ အာဏာရှင်နိုင်ငံ တွေကို အဆိုပြုသွားပါတယ်။ အာဏာရှင်တွေ ဘက်က ဆက်ပြီး တင်းမာချင်စိတ် မရှိတော့ဘူးဆိုရင် အမေရိကန်က ပိုပြီး လက်ကမ်းဖို့ ရှိလာမယ်လို့ ပြောသွားတာပါ။ (“We will extend a hand if you are willing to unclench your fist.”)

ဒီတော့ ဘာဖြစ်လာမလဲ။ အိုဘားမားက အာဏာရှင် နိုင်ငံတွေကို သူပြောသလို ချဉ်းကပ်တော့မှာ သေချာ နေပါပြီ။ သူ့ချဉ်းကပ်ပုံ မှန်-မမှန် ပထမဦးဆုံး စမ်းသပ် ခံရမှာကတော့ မြန်မာ့အရေး ဖြစ်နိုင်တယ် ဆိုတာက သိသာ လာနေပါတယ်။

၁၉၉ဝ ဝန်းကျင် နှောင်းပိုင်း နှစ်တွေလောက်က စပြီး အမေရိကန်က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒါဏ်ခတ် ပိတ်ဆို့မှုတွေ စလုပ်လာခဲ့တာ ခုထိပါဘဲ။ ဒါပေမယ့် ဟိုတလောက အင်ဒိုနီးရှားကို လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာတုန်းမှာ မြန်မာပြည် အပေါ်ထားတဲ့ အမေရိကန် ပေါ်လစီကို သုံးသပ်နေတယ်လို့ ကြေညာ သွားပါတယ်။ စီးပွားရေး ပြစ်ဒါဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို လျှော့ပေါ့ဖို့ ဒါမှမဟုတ် အခြား သံတမန်ရေး နည်းလမ်းတွေ သုံးဖို့ကို ကလင်တန်က ငြင်းဆို မသွားခဲ့ပါဘူး။

“သိသာတာကတော့ စီးပွားရေး ပြစ်ဒါဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို မြန်မာ စစ်အစိုးရက မဖြံုပါဘူး” လို့ ကလင်တန်က ပြောသွားပါတယ်။ ပြီးတော့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပေါင်းပြီး ညှိနှိုင်းတဲ့ ချဉ်းကပ်ပုံကလည်း အလုပ် မဖြစ်ခဲ့ပါဘူးလို့ ဆက်ပြော သွားပါသေးတယ်။

အိုဘားမား အရင် သမတဘွတ်ရှ် လက်ထက်မှာတုန်းက မြန်မာ စစ်အစိုးရအပေါ် သဘောထား ခပ်တင်းတင်း ဆက်ဆံခဲ့လို့ အတော့်ကို ချီးကျူးခံရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နေရုံနဲ့ စစ်အစိုးရကြောင့် ပြည်သူတွေ မလှုပ်နိုင်အောင် ဖိနှိပ် ခံနေခဲ့ရတာတွေ ကိုတော့ လျှော့မပစ် နိုင်ခဲ့တာက အမှန်ပါ။ ပြည်သူတွေရဲ့ စားဝတ် နေရေး၊ လုံခြံုရေးတွေလည်း တိုးတက် မလာခဲ့ပါဘူး။

အခုတော့ အိုဘားမား အလှည့်ရောက်ပါပြီ။ မြန်မာ့အရေး အတွက် အမေရိကန် အစိုးရဟာ သူ့ ပေါ်လစီကို ပြန်သုံးသပ် ရမှာကတော့ သေချာနေပါတယ်။ ဒါပေမယ့် သမတ အိုဘားမားဟာ သူ့ရဲ့ သမိုင်းဝင် သမတသစ် အဖွင့် မိန့်ခွန်းမှာ ပြောခဲ့တဲ့ အတိုင်း လုပ်ကို လုပ်ရပါလိမ့်မယ်။ သူပြောခဲ့တာ ကတော့….

“ခင်ဗျားတို့ ပြည်သူတွေ အပေါ် ဖိနှိပ် ချုပ်ချယ်နေတာတွေကို လျှော့လိုက်ပါတော့။ ဒါဆိုရင် ခင်ဗျားတို့ကို အမေရိကန်က ပိုပြီး လက်ကမ်းလှမ်း ပေးလာပါ့မယ်။”

The Korea Herald ၏ အယ်ဒီတာ့ အာဘော် “ Burma nears high noon and still the UN falters ”

(၂၄-၂-၂ဝဝ၉ အင်တာနက် စာမျက်နှာ)ကို မြန်မာဘာသာ  ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မူရင်း – ကိုရီးယား ဟာရယ် ဝဘ်ဆိုဒ်

လွင်အောင်စိုး

(၂၄-၂-၂ဝဝ၉)

LEAVE A REPLY

Please enter your comment!
Please enter your name here