မိုး စုန်းစုန်းချုပ်နေတဲ့ ငါတို့ရဲ့ မနက်ဖြန်များစွာ

“ခြေကားယား လက်ကားယားနဲ့ ဟစ်ဟော့ တပုဒ် အော်သွားတဲ့ လူငယ်တသိုက်၊ ဘုံဆိုင်အထွက် အိမ်အပြန် ခေါင်းငိုက်စိုက်ချ ခြေလှမ်းယိုင်နဲ့နဲ့ အမူးသမား တယောက်၊ မီးတိုင်အို မှောင်မှောင်အောက်က ဈေးခေါ်နေတဲ့ ညဉ့်ငှက်လေးတွေ၊ တချက်တချက် အတင်း ဖြတ်မောင်းသွားတဲ့ တက္ကစီပေါ်က ခိုးခိုးခစ်ခစ် ရယ်မောသံတွေ…”

ဟိုး…. မြို့သစ် ချောင်ကြားက အိမ်စုတ်လေးထဲက ဖယောင်းတိုင်မီးနဲ့ စာကျက်နေတဲ့ ကလေးငယ်၊ ဘေးနားက ချဲတွက်နေတဲ့ သူ့အမေ၊ သူ့အဖေက မျက်ထောင့်နီနီ တိုင်နံရံမှာ မှီလို့ အမူးမပြေ့တပြေနဲ့ သူ့သားလေးကို ခြင်ဟပ်လို့ ယပ်ခတ်ပေးရင်း သူ့သား စာကျက်သံကို ဇရက်မင်း စည်းစိမ်ယူရင်း စောင်းငမ်းငမ်းနဲ့ နားစွင့်နေတယ်။

ခွေးတွေကလဲ ဟောင်လိုက်တာ။ မနေ့တုန်းက သူတို့ အိမ်မျက်စောင်းထိုး အပေါင်ဆိုင်ကို သူခိုး ၀င်ခိုးတုန်း ကတော့ ဒီသောက်ခွေးက မဟောင် ဒီနေ့မှ ဘာကြောင့် ဟောင်နေပါလိမ့် အော်အော် သူ့အမ အလုပ်က ပြန်လာပြီပဲ။ ညဉ့်တောင် နက်ရော့မယ်။ အခုမှ သူ့ စင်တင်တေးဂီတ ဆိုင်က ပြီးတယ်ဆိုလား? မောင်လေးရေ ရော့ ရော့ မုန့်ဖိုး .. စာသေချာ ကျက်နော် … မမ အိပ်ချင်ပြီကွယ် အမေရေ အဖေ့ကို တွဲတင်ရအောင် တိုင်ထောင့်မှာ ခွေခွေလဲနေတာ အအေး ပတ်တော့မယ် .. ၀ုတ် ၀ုတ် အူ….အူ……ဝု…..ဝူး…..

သူတို့တွေဟာ ဒီနေ့ကို ဖြတ်ခဲ့ကြပြီ။ မနက်ဖြန်ရော ဘယ်လို ဖြတ်ရအုန်း မှာပါလိမ့်၊ သူတို့အတွက် ဒီမြေ ဒီရေ ဒီရေဟာ မျှော်လင့်ချက်တွေ တမ်းတခြင်းတွေ အိမ်မက်လှလှတွေ ပေါ်စေရဲ့လား။ သူတို့အတွက် ဒီနေ့ဟာ မနက်ဖြန်အတွက် ရောင်ခြည်ဦးတွေ ဖြစ်ခဲ့ရဲ့လား? သူတို့အတွက် နောက်နေ့ဆိုတာ ရေရာ သေချာစွာနဲ့ ကောင်းခြင်းတွေ ဝေဖြာနေပါရဲ့လား? ဟင့်အင်း! လို့ အမှန်အတိုင်း ငါဖြေရင် သံတိုင်တွေ ငေါက်ကနဲ့ ခေါ်သံတွေ ကြားရမယ်။ အင်းလို့ ငါဖြေရင် ငါ့သမိုင်းတွေ အဆိပ်သင့်တော့မယ်။ အော် ဖြစ်လာနိုင်ချေ ရှိတဲ့ မနက်ဖြန်များ အကြောင်းကို နေ့စဉ် မွန်းကြပ်မှုတွေ ခါးသီးမှုတွေကို မြိုမြိုချနေရလို့ တနေ့တော့ ဖြစ်လာမှာပါ ဆိုတဲ့ စိတ်နဲ့ ဘဝတွေ ခေါက်ရိုးများကို ကျိုးလို့။

မနေ့ ကလေ … မနေ့ကပေါ့ …….. မနေ့က ဆိုတာ ဖေဖေါ်ဝါရီ ၂၅ ရက်ကို ဆိုလိုတာပါ။ ၂၀၀၉ ခုနှစ်နော် ။ တော်ကြာ သတင်းစာထဲက မီးတွေလာ တိုင်းပြည်ကသာ အကြောင်းအရာတွေနဲ့ ငါတွေ့တဲ့ အဖြစ်အပျက်တွေလို အပ်ချမတ်ချ မဟုတ်ပဲ တလွဲစီဖြစ်နေတော့ မယုံမရဲ ဖြစ်မစိုးလို့ အဲ့ …. မနေ့ညကလေ ငါတို့မိသားစု အိပ်ရာဝင်မလို့ မီးခလုတ်တွေကို ဓါတ်မီးမှိန်မှိန်နဲ့ လိုက်ပိတ်နေတုန်း အိမ်ရှေ့က လူသံတွေ အုပ်အုပ်အက်အက်နဲ့ စကြားလာခဲ့တယ်။ မီးပျက်နေတာက နေ့ခင်း ကတည်းကပါ။ မီးပြန်လာချိန်သိရအောင် ဆိုပြီး အိမ်မီးလိုင်းကို ဖွင့်ထားတော့ ညပိုင်း အိပ်ချိန်မှာ မီးအကယ်လို့ လာနေရင် လင်းနေ မှာစိုးလို့ ဓါတ်မီးအလင်းလေးနဲ့ လိုက်ပိတ်နေတုန်း ကြားခဲ့ရတဲ့ အဲဒီအသံတွေဟာ သုသာန် တစပြင်လို တိတ်ဆိတ်နေပြီး တခါတခါ ဖြတ်မောင်းသွားတဲ့ ကားသံကြားမှ အသက်ဝင်တတ်တဲ့ ပတ်ဝန်းကျင်မှာတော့ ထူးဆန်းနေတာပေါ့။

“ မအေ–ိုး။ ခွေးသူခိုး။ သေဖို့သာပြင်” ခွပ် ဖေါင်းဖေါင်း… ချ .. ချ အသေသတ်ပစ်.. မအေ–ိုး ကိုယ်မေကို–ိုး” ကျမ်းကိုးကားပြီး ဆဲသလို စုံစေ့လှတဲ့ ဆဲသံတွေနဲ့ အတူ “အမလေး သေပါပြီဗျ.. ကျနော် မလုပ်ပါဘူး။ အား .. အား.. ခွပ်.”

မနေနိုင်တဲ့ ငါလဲ အိမ်တံခါးသော့ဖွင့်ပြီး ခြံဝင်းထဲပြေးထွက်ပြီး ခြံစည်းရိုးကနေ ကြည့်လိုက်တော့ တဘက်က အိမ်ရှေ့မှာ အင်ဗာတာ နဲ့ ထွန်းထားတဲ့ ဓါတ်တိုင် မီးချောင်းအောက်မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ထင်းထင်း လှမ်းမြင်ရတော့ တာပဲ…………….။

အကျီမပါတဲ့ လူနှစ်ယောက်( လူငယ်သာသာပါပဲ ရှိလှပေါ့ ၂၀ ) နဲ့ အင်္ကျီဖြူ ညစ်နွမ်းနွမ်း ပုဆိုးခပ်တိုတို ၀တ်ထားတဲ့ လူတယောက် ပေါင်းသုံးယောက် က အခြား လူငယ်တယောက်ကို ၀ိုင်းပြီး ကန်ကျောက်ရိုက်ထိုးနဲ့ လုပ်ချင်သလို လုပ်နေကြတယ်။ ခံနေရတဲ့ လူငယ်က လက်မောင်းပလွေရိုး… ဘောင်းဘီဖင်ကျပ်…. ခါးပတ်က သံဖြူပြားတွေနဲ့ အလှစီထားတဲ့ ခေတ်ပေါ်လူငယ်တွေ စတိုင်လ်နဲ့ အပေါ်က အကျီင်္လက်ပြတ် စုတ်စုတ်တထည်ကို ၀တ်ထားပြီး သူ့ခါးမှာ လျော့ရဲရဲနဲ့ အပေါ်အကျီဖြူကို ချည်သိုင်းထားတယ် လက်မောင်းမှာလည်း တက်တူးခေါ်တဲ့ အရုပ်တချို့ ထိုးထားတယ် ထင်တာပဲ ရုတ်ရုတ်သဲသဲနဲ့ သုံးယောက် တယောက် ဖြစ်ချင်ရာ ဖြစ်နေတာကို အဲဒီတဖက်အိမ်က လူတွေက ထွက်တောင်မကြည့်ဘူး။ အိမ်ထဲကပဲ ချောင်းနေထင်ရဲ့။

ရိုင်းချက်ဗျာ! …

ဆဲဆဲဆိုဆို ထိုးထိုးကန်ကန်နဲ့ အကျီဖြူဝတ်ထားတဲ့ ကောင်က ဦးဆောင်ပြီး အဲဒီ ဟစ်ဟော့ ကောင်လေး တယောက်ကို ချနေတာ။ ရင်ဘတ်ကို ဆောင့်ကန်လိုက် ခံရတဲ့ ကောင်က အား! အမေ့ အမလေး… သေပါပြီဗျ!… မလုပ်ပါနဲ့ဗျ!… ကူကြပါအုံးဗျ …! အော်လိုက် ။ ဟိုတဘက်က ကောင်က အုတ်ခဲ နဲ့ ပုခုံး လို့ထင်တာပဲ ဦးခေါင်းကို ထုတာလဲ ဖြစ်ချင်ဖြစ်မယ် ထုလိုက် ခြေထောက်နဲ့ ဆောင့်ကန်လိုက်။ ယိုင်လဲခွေပြော့ နောက်လန်သွားတာကို ပြေးကန်လိုက်နဲ့ ငါ့မျက်စိထဲမြင်နေတာ။ စိတ်ထဲမတော့ တီဗွီက ပြပြတတ်တဲ့ Discovery ထဲက တိရိစာ္တန်တွေ ခြင်္သေ့တွေက သမင်တွေ သားကောင်တွေကို ၀ိုင်းပြီး အမဲဖျက်တာ သတ်ကြ ရက်စက်ကြတာ မြင်ယောင်နေမိတယ်။

စာဖတ်သူက ပြောမယ် မင်းဘာလို့ ထွက်မဆွဲသလဲလို့ အဲလို လူတယောက်ကို လူအများက မတရား အနိုင်ကျင့်နေတာကို ဒီအတိုင်း ကြည့်နေသလားလို့။ ဟုတ်တယ် ငါလည်း ထွက်ဆွဲမလို့ပါပဲ။ ဒါပေမယ့် အိမ်က မိဘတွေက ငါ့ကိုဆွဲ မထွက်နဲ့မထွက်နဲ့လို့ ခပ်အုပ်အုပ်ပြောတယ်၊ မတော်လို့ အခု အရိုက်ခံနေရတဲ့ ဆေးဘဲလိုလို ပိန်ပိန်ကောင်က မနေ့ကမှ ရွေးကောက်ပွဲ ထောက်ခံဖို့ လွတ်ငြိမ်းချမ်းသာနဲ့ ထောင်က လွှတ်ပေးလိုက်တဲ့ သူခိုးဂျပိုးဖြစ်နေရင် ဘယ်နှယ်လုပ်မလဲ! တဲ့ ဒီကောင် တခုခု ၀င်ခိုးလို့ သူ့ကို ၀ိုင်းဆုံးမ နေတာလားမှ မသိတာတဲ့… ဟုတ်မှာ …ဟုတ်မှာ .. စိတ်ထဲမတော့ အသိချပ်နေလေရဲ့။

ဟုတ်ပါ့ ပတ်ဝန်းကျင်ကလည်း မှောင်နေတာပဲ ။ အဲဒီအိမ် သူတို့ ရန်ဖြစ် ရိုက်နှက်နေတဲ့ အိမ်ရှေ့တခုပဲ ဓါတ်မီးတိုင်တခု ထွန်းပေးထားလို့ လင်းနေတော့ ပွဲကြည့်စင်ကနေ ကြိုးဝိုင်း လင်းလင်းထဲက လက်ဝှေ့ပွဲကို ကြည့်သလို မြင်နေရတဲ့ မြင်ကွင်းဆိုးဆိုးဟာ ၅ မိနစ်လောက် လုပ်ချင်သလို လုပ်ပြီး ခွေခွေလေးနဲ့ ငါ့တဘက်အိမ် ခြံတံခါး သံပန်းကို မှီလဲနေတဲ့ ဘိန်းစားလိုလို ဆေးခြောက်သမားလိုလို ကောင်ကို ဟိုသုံးယောက် အနက်က အကျီဖြူနဲ့ ကောင်က အုတ်ခဲနဲ့ အားရပါးရ ပစ်ပေါက်ပြီး မိုးမွန်တဲ့ အဆဲသံတွေပြော ထွက်သွားတော့တယ်။ ငါလဲ အိမ်ထဲကကို မထွက်ဖြစ်သေးဘူး၊ စိတ်ထဲ မတော့ တယောက်နဲ့ အများမို့ သနားလို့ မဆုံးသေးဖူး။

အောင်မာ…

စောစောကတော့ သနားစဖွယ် အသံနဲ့ အသံကုန်အောင်နေတဲ့ ကောင်…. သေပါပြီဗျ! ကျနော် မခိုးပါဘူးဗျ! ကယ်ကြပါအုံးဗျ .. ! အောင်မလေး! အား … အား စတဲ့ စကားလုံးပေါင်းများစွာနဲ့ အသံနက်ကြီးတွေနဲ့ အော်ဟစ်နေတဲ့ အထိုးရိုက်ခံလူငယ်ဟာ ….. ဓါတ်မီးတိုင်အောက် ခြံစည်းရိုးဘေးကနေ သူမဟုတ်သလိုပဲ ကုန်းထပြီး ဟိုကြည့် သည်ကြည့်နဲ့ ထွက်သွားပါလေရော အလင်းရောင် သိပ်မရလို့ သူ့မှာ သွေးတွေ ထွက်နေမနေ မသေချာပါဘူး။ ကောင်းကောင်း မမြင်လိုက်ပါဘူး လက်မောင်းပုလွေရိုးနဲ့ ခပ်ပိန်ပိန် ဆေးခြောက်သမားလို အဲဒီကောင်ဟာ လက်စသတ်တော့ ကျနော်တို့ အိမ် သုံးလေးအိမ်ကျော်လောက် အသုဘအိမ် ဖဲဝိုင်းက ထ လာတာကိုး … သူဟာ မူးလဲ မူးနေပုံရတယ်။ သူ့ပုံကြည့်ရတာ မူးယစ်ဆေးဝါးလဲ သုံးခဲ့ပုံရတယ်။ ယိုင်တိယိုင်ထိုးနဲ့ လမ်းလျှောက်နေပုံက ဒါဏ်ရာတွေကြောင့်လဲ ဖြစ်မယ်ထင်တာပဲ။ သူ့ကို သူ့အဖေါ်တချို့က တိုးတိုးတိတ်တိတ်နဲ့ ထွက်လာမေးပုံကို အသုဘအိမ်ရှေ့ မီးရောင်မှိန်မှိန်နဲ့ လှမ်းမြင်ရပြန်ပါရော။

အဲ… မကြာပါဘူး။ စောစောက ကောင် ငမူး၊ ငကြောင် ထွက်သွားရာ ဘက်ကနေ အော်သံတွေ ကြားရပြန်ပါရော.. ဟေ့ကောင်တွေ ငါနဲ့ မဆိုင်ဘူး။ ငါနဲ့ မဆိုင်ဘူး။ ငါ့ကို မလုပ်နဲ့ ဟေ့ကောင်တွေ ဟေ့ကောင်တွေ ဆိုပြီး ပြေးလွှားလာတဲ့ အသံတွေ ကြားရပြန်ရော။ ငါလည်း ခြံတိုင်တွင်းထဲက အမှောင်ထုကို အကာကွယ်ယူပြီး ဆက်စောင့်ကြည့်နေမိတယ်။ တဘက်အိမ်မီးတိုင် အလင်းနဲ့တင် မြင်နေရပါပြီ။ စောစောက မူးကြောင်ကြောင်ကောင်ကို တဖက်သတ် ထိုးကြိတ် ရိုက်နှက်ခဲ့တဲ့ ကောင်လေးလို့ ထင်ရတဲ့ အကျီဖြူ ပုဆိုးနဲ့ကောင်က ရှေ့ကထွက်ပြေးလာတယ် သူ ၀ဋ်လည်ပြီထင်တယ်။ စောစောကတော့ သူက တခြား လူတယောက်ကို သေလုမျောပါးဖြစ်အောင် ရိုက်နှက် ထိုးကြိတ်ကန်ကျောက်ခဲ့တယ်။ အခုတော့ သူခံရတဲ့ အလှည့်ပေါ့ ။

လူ့လောကကြီးက သံဝေဂ ရစရာပဲ။ မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက်နဲ့လေ…… ၀ရုန်းသုန်းကား ပြေးနေတဲ့ သူ့နောက်က အကျီမပါ ပုဆိုးကို ပေါင်ပေါ်လောက်ထိ တိုအောင်ဝတ်ထားတဲ့ လူသုံးယောက်က အမဲဖျက်မလို အားကုန် ပြေးလိုက်လာတယ် သူတို့လက်ထဲမှာလဲ ပျဉ်ချောင်းကြီးတွေ ဒုတ်တွေနဲ့ .. တရကြမ်းပြေးလိုက်ရင်း ရှေ့ကကောင်ကို မှီတာနဲ့ မှီတဲ့ နေရာ ကျောကုန်းတို့  ဦးခေါင်းတို့ကို အားကုန်လွဲပြီး လှမ်းရိုက်နေတယ် တခွပ်ခွပ် တဖေါင်းဖေါင်းပဲ ရှေ့ကကောင်ကလည်း ပြေးရင်းအော် အော်ရင်းပြေး ငါမြင်လိုက်ရတာက မီးတိုင် အလင်းမှိန်ပျပျအောက်က အသက်လုထွက်ပြေးတဲ့ ရှေကကောင်နဲ့ ဘီလူးသဘက်စီး  သလို သတ်မယ်ဖြတ်မယ့် ပုံနဲ့ ပြေးလိုက်ရိုက်နှက်နေတဲ့ သူတို့ သုံးယောက်ကို ဖြတ်ကနဲပဲ မြင်လိုက်တာ ။

အသံတွေကတော့ ဆက်ကြားနေတုန်းပဲ အသံနက်ကြီးနဲ့ အော်ပြေးသူက ပြေး ညာသံပေးပြီး လိုက်ရိုက်သူက ရိုက်….. အူး ဟူးဟူး ….. ငါက သူတို့ဆီက အသံ အကြားနဲ့တင် မောနေပြီ ဘာတွေဖြစ်ကုန်ပါပြီလဲ။ ငါတို့တိုင်းပြည် ဘာတွေဖြစ်ကုန်ပြီလဲ……….. သူတို့ ဘယ်ထိ လိုက်ရိုက်နေလဲမသိ ငါလည်း မမြင်နိုင်တော့ပြီ။ ပတ်ဝန်းကျင်က အိမ်တချို့ ကနေ ဓါတ်မီးရောင် အလင်းတချို့ အမှောင်ထု လမ်းမပေါ်ကို ဝေ့ဝဲထွက်လာတယ် စူးစမ်းတဲ့သဘော ငါတို့အိမ်က မအိပ်သေးဘူး ပြဿနာ လာရှာမယ် စိတ်မကူးနဲ့ဆိုတဲ့ ပုံနဲ့ အရိပ်အယောင် ပြတဲ့ သဘောထင်ပါရဲ့ အိမ်ပြင်တော့ ဘယ်သူမှ ထွက်မကြည့်ကြဘူး ငါလည်း ထွက်မလိုက်ရဲဘူး သူတို့က ဘီလူးစီး သရဲစီး ဖြစ်နေကြပုံတွေ ……..ပြီးတော့ ဘယ်သူတွေမှန်းလဲ ကိုယ်မသိ။ မနေ့ကတင် ထောင်က ပြန်လွတ်လာတဲ့ တေလေဂျပိုး လက်ယဉ်နေတဲ့ လူသတ်သမားတွေ ဖြစ်နေရင် ဘယ်လိုလုုပ်မလဲ…. ငါ့အမေပြောသလို အချင်းချင်း ကျောင်းတော်က ရန်စ ကို အပြင်ရောက်မှ ဖေါက်ရှင်း ရှင်းနေတာဆိုရင် ဘယ်နှယ်လုပ်မလဲ? ပဲလှော်ကြား ငါ ဆားညှပ် သွားမှာပေါ့။

အင်း ….. ပြီးတော့

သတင်းစာထဲ မီးလာသလောက် အပြင်မှာက တစပြင်လို မဲမှောင် ငြိမ်သက် နေလေရဲ့ … ရန်ကုန်မြို့သစ် အိပ်ပြီ ထင်တယ်။

အော် ငါ့နာရီကို ပြန်ကြည့်မိတယ်။ ည ဆယ်နာရီနဲ့ ဆယ့်ငါးမိနစ်ပဲ ရှိပါသေးလား။ သိပ်ညဉ့်အနက်ကြီး မဟုတ်သေးဘဲကိုး ။ ငါတို့ နိုင်ငံ ငါတို့ ရန်ကုန်မြို့ကြီး ဘာတွေ ဖြစ်နေပါလိမ့်? သူတို့ ပြောနေတဲ့ တိုင်းပြည်ကြီး ငြိမ်းချမ်း သာယာနေပါတယ်ဆိုတာ ဟုတ်ပါရဲ့လား? တကယ်လား? နွေနေ တံလျှပ်တွေလား? ဒီနေ့တွေကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ မနက်ဖြန်များထဲမှာ မနေ့ကဖြစ်ခဲ့တဲ့ အရုပ်ဆိုး ဖြစ်စဉ်မျိုးတွေဟာ  ရန်ကုန်ဆင်ခြေဖုံး နွားရိုင်းသွင်းချိန်ရဲ့  တကယ့် နိစ္စဓူဝ ဇာတ်ရုပ်တွေပဲလား?

မနက်ဖြန် ဘာများဖြစ်လာ မှာပါလိမ့်..

ငါတို့

ကြေကွဲခြင်း မွဲတဲ့ မိုးတိမ်အောက်မှာ

ဆွံ့အ ရင်း ဆွံ့အ နေရတာဟာ …..

အကြောက်တရားတွေနဲ့ ဖိစီးထားတဲ့ စစ်ဖိနပ်တွေအောက်မှာ မိုးစုံးစုံး ချုပ်နေလို့ပဲ မဟုတ်ပါလား ။

ရွှေဘန်း( ရန်ကုန်သစ် ) …

LEAVE A REPLY

Please enter your comment!
Please enter your name here