ကာဘွန်ဒိုင် အောက်ဆိုဒ် ပမာဏ တိုင်းတာမည့် ဂြိုလ်တုပျက်ကျ

alt

လေထု အတွင်းရှိ ကာဘွန်ဒိုင် အောက်ဆိုက် ညစ်ညမ်းမှု ပမာဏကို တိုင်းတာရန် ဖေဖော်ဝါရီလ (၂၅) ရက်နေ့က လွှတ်တင် လိုက်သည့် နာဆာ သုတေသန ဒုံးပျံသည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု များကြောင့် အန္တာတိက တိုက်အနီး အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ ပျက်ကျ သွားခဲ့ရသည်။

ကယ်လီဖိုးနီးယား ပြည်နယ် ဗန်ဒန်ဘတ် လေတပ် အခြေစိုက် စခမ်းမှ လွှတ်တင်ခဲ့သော တောရပ်(စ်) XL အမျိုးအစား ဒုံးယာဉ်သည် ကမာ္ဘပတ် လမ်းကြောင်း အတွင်း မရောက်ရှိ သေးမီတွင် ပျက်ကျခဲ့သည့် လူလိုက်ပါခြင်း မရှိသော ယာဉ်ဖြစ်သည်။

အဆိုပါ ဒုံးပျံသည် ပေါင်စတာလင် သန်းပေါင်း (၁၉၀) အကုန်အကျခံ တည်ဆောက် ထားခြင်း ဖြစ်သည်။ ၎င်းဖြစ်ရပ် အတွက် ကမာ္ဘမြေ သုတေသနပြုရေး အတွက် ကွန်ဂရက် လွှတ်တော်မှ ခွင့် ပြုထားသော အမေရိကန် ဒေါ်လာသန်း ၄၀၀ စီမံကိန်း အတွက် စိတ် အနှောင့်အယှက် ကြီးကြီးမားမား ခံစားရကြောင်း နာဆာ ကမာ္ဘပတ်လမ်းကြောင်း လေ့လာရေး သိပ္ပံပညာရှင် အက်ဒဝပ် ဂျေ ဝေလာက ပြောကြားလိုက်သည်။

ဒုံးယာဉ်နှင့် အတူ ချိတ်ဆက်ထားသည့် တန်ဝက် အလေးချိန်ရှိ သုတေသန ဓါတ်ခွဲခမ်းပါသည့် ဂြိုဟ်တု သည်လည်း လေထုထဲတွင်ပင် ပေါက်ကွဲ ကြေမွသွားပြီဟု ပညာရှင်များက ယုံကြည် ထားကြသည်။

ကယ်လီဖိုးနီးယား ဒူးလပ်(စ်) အခြေစိုက် Orbital Sciences ကုမ္မဏီမှ တာဝန်ယူ တည်ဆောက်သော ဒုံးယာဉ်အား ယခုဖြစ်ရပ် အတွက် အသေးစိတ် အချက်အလက်များကို အထူးအဖွဲ့ တခုဖြင့် စုံစမ်း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု နာဆာက ထုတ်ဖော် ကြေငြာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here