ဖြစ်မျိုးစုံလင် ဤတလတွင် ( ဖေဖေါ်ဝါရီလ )

“ကမ္ဘာ့ ရာသီဥတုသည် နေရာ အတော်များများတွင် နှစ်များစွာမှ တကြိမ်သာ ဖြစ်တတ်သော စံချိန်တင် ကမောက်ကမ ရာသီဥတုဒါဏ်ကို လူတွေ အတော် ခံစားလိုက်ရ၏။”

သေသူသေ ကြေသူကြေနှင့် ဒုတိယ လပတ်လည်း စိတ်မကောင်းစရာ တွေများနှင့် ဖြတ်သန်းခဲ့ရပါတယ်၊ နှာစေးတဲ့ ကမ္ဘာကြီး အအေးလွန်ပြီး တုတ်ကွေးစွဲသလို ကြက်ညှာ ချောင်းဆိုး ဖြစ်ချင်သလိုလို ဖြစ်နေရပြန်တယ် ။ နေပူ ညချမ်း တပေါင်းလဆန်း ကဲ့သို့ ရာသီကလဲ မမျှတ၊ ရွာမှာ နေတုန်းက လူကြီးသူမများ ပြောပြော နေသလိုပေါ့၊ မိုးလဲမမှန်၊ မင်းလဲ မမှန်၊ နောက်ဆုံး ငါ …လဲ မမှန်တော့ဘူး ဆိုသလိုပေါ့ဗျာ။

မမှန်တာတွေ များလွန်းတဲ့ ကမ္ဘာကြီးမှာ အယ်လ်ဂိုးက ကမ္ဘာ့ကြီး ပူနွေးတာနဲ့ ပတ်သက်ပြီး တင်ပြခဲ့တဲ့အတွက် သူ့တင်ပြချက်ကို မှန်လွန်းလို့ လူတွေက လက်ခုတ် ဩဘာပေးပြီး နိုဗယ်ဆုကြီးတောင် ပေးလိုက်ရတယ် ဆိုပဲ၊ ဒါဗေမဲ့ ကမ္ဘာ့ကြီးက အလွန်အေးလာတာကို သူ မတင်ပြနိုင်ခဲ့ဘူး။ သနားစရာပဲ… သူထက် သနားစရာကောင်းတာက အိုဘားမှား အဲ .. ယောင်လို့ အိုဘားမား သူခမျှ သူ့တိုင်းပြည်ကို ချစ်လွန်းလို့ နိုင်ငံခြားရေးကို ဒု သမ္မတပဲ လွဲထားပြီး၊ ကွန်ဂရက်မှာ ဖွလိုက် ဟလိုက် လုပ်နေတာလေ၊ နောက်တော့ ဒီလ ၁၇ ရက်နေ့မှာ လူပေါင်း ၃.၈ သန်း အလုပ်ရရှိရန်အတွက် မဟာကူညီရေး စီမံကိန်းကြီး လက်မှတ်ထိုးလိုက်တယ်။ အမေရိကန်တွေ အလုပ်ရမှ ၀ယ်လိုအားတက်လာမယ်။ ဈေးကွက်က ပြန်ရှင်သန်လာမယ်ဆိုတော့ နိုင်ငံတကာလဲ ထုတ်လုပ်မှုများ ပြန်လည် ဖွံဖြိုးလာမှာပါ။ လာတော့ လာမည် ကြာမည့် သဘောပါပဲ၊ ဦးနုတို့ခေတ်က ပြည်တော်သာ စီမံကိန်းလို ဖြစ်လာမလား ဒါမဟုတ် … စောင့်ကြည့်ရမှာလေ။

မြန်မာ စီးပွားရေးမှာ ဆန် ရေထွက် နှင့် တခြား ပစ္စည်းများ တင်ပို့မှု ကျဆင်းလာပြီ။ ကျလာတော့ ဘာဖြစ်မလဲ။ ရောင်းအားမရှိတော့ အဝယ်ဒိုင်တွေ ပွဲရုံတွေက မဝယ်ဖြစ်၊ ထုတ်လုပ်သူ ပင်ရင်းဖြစ်တဲ့ အခြေခံ ထုတ်လုပ်သူတွေ နစ်နာမယ်။ လူမှုရေး စီးပွားရေး အစစအရာရာ ကျဆင်းလာမယ်။ သတင်းတွေ တက်လာဦးမယ်။ အခြေခံ စက်မှုထုတ်ကုန်အဖြစ် တင်ပို့နေတဲ့ သတ္တု ရော်ဘာနှင့် ကွမ်းသီး လည်း တင်ပို့မှု ကျဆင်းလာမယ်။ ဒီလို အခြေခံ လူတန်းစားတွေအတွက် အကျိုးရလဒ် ဆုံးရှုံးလာ၊ အခုကြားနေရပြီ ကုန်စည်စီးဆင်းမှု တဝက်လောက် ကျဆင်းနေပြီတဲ့။ အခု တဝက်လောက် ကျဆင်းနေပြီ ဆိုတော့ နောက်နှစ်များ ရင်လေး စရာပါလား။

အနည်းအကျဉ်း တတ်နိုင်တဲ့ လူတွေအတွက်လဲ နိုင်ငံခြားထွက်ခွင့် ပိတ်၊ အလုပ်သမား လက်ခံတဲ့ နိုင်ငံတွေကလဲ မလို၊ အဖက်ဖက်က ထိုးကျလာပြီဆိုတော့ လူမှုရေး အုံကြွမှုတွေ ဖြစ်လာနိုင်မယ်လို့လဲ မဆိုလိုချင်၊ တော်ကြာ လူလ တယောက် ကွန်မြူနစ်တွေလို သွေးထိုး လှုံဆော်ပေးတယ်လို့ ထင်ခံရမှာ စိုးတယ်။ ဆရာ သိန်းဖေမြင့် စကားလို့ပေါ့၊ အက်ကြောင်းကို “သပ်”နှပ်ကြည့် သလိုပ။

 

လူမှုရေး မညီမျှမှုတွေ ဖြစ်လာမဲ့ အကျိုးဆက်ဟာ အစိုးရဆိုတဲ့ အပိုင်းက ဖြေရှင်းမှုအပေါ်မှာပဲ မှုတည်ပါတယ်။ အစိုးရ ကောင်းရင် ဘာမှ မဖြစ်ဘူး၊ မကောင်းရင်တော့ ဖြစ်လာမှာပဲ၊ တကယ်လို့ ဖြစ်လာရင် ကိုယ်ညံဖျဉ်းတာကို မပြောပဲနဲ့၊ ဟိုလူ သွေးထိုး၊ ဒီအဖွဲ့က မြောက်ပင့် ပေးတယ်ဆိုပြီး ထမင်းရည်ပူ လျှာလွဲတဲ့ ဓလေ့ကလဲ ရှိနေပြန်တယ်လေ။ ဒီစီးပွားရေး ဂယက်ကိုလဲ သူတို့ အာဏာ တည်မြဲဖို့အတွက် ထွက်ပေါက်တခု အသုံးချလာနိုင်တယ်။ သဘောက လူထုတွေ ငတ်လာပြီး အုံကြွမှုတွေ ဖြစ်လာနိုင်တယ်။

ဒီလိုဖြစ်လာခဲ့ရင် ဒါကို အခွင့်ကောင်းယူ အသံကောင်းဟစ်ပြီး အဖက်ဖက်က ယိုယွင်းပျက်စီးလာသော နိုင်ငံတော် အာဏာကို ထိန်းသိမ်းရန် အလို့ငှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို ဗိုလ်ချုပ်ကြီး ++ က အာဏာသိမ်း လိုက်ကြောင်း၊ တည်ဆဲ ဥပဒေအရ စစ်ဥပဒေဖြင့် နောက်ထပ် အနှစ် ၂၀၊ ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ရက်အကန့်သန့်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း.. စသဖြင့် စသဖြင့် တွေပေါ့။ ဟုတ်တယ်လေ၊ ၁၉၈၈ တုန်းက ကြည့်ပါလား ငွေစက္ကူ ပြဿနာဖြစ်တော့ အစိုးရမှာလဲ ပြန်လဲပေးဖို့ ဘဏ်တွေမှာ ငွေမရှိတော့ဘူး၊ ဆိုတော့ ပြည်သူတွေ ငတ်လာတယ်။ ငတ်တော့ ကြွတယ်။ ဒါက ကမ္ဘာ့နိုင်ငံရေး သီအိုရီပါပဲ … ဖြစ်စဉ်လေ။

ဆိုတော့ကား… တပွဲတိုး စိတ်ဖြေဆည်ရာ ထွက်ပေါက်ဖြစ်တဲ့ ဗေဒင် ဟောစာတမ်းထုတ်တဲ့ သူနှင့် ဗေဒင်ဆရာတွေ ကောင်းစားတဲ့ သတင်းကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်တယ်။ မြန်မာလူမျိုးတွေက တမျိုးပဲ၊ တချို့ကို ပြောတာပါ၊ အားလုံးတော့ မဟုတ်နိုင်ပါ။ ဗုဒ္ဓဘာသာလို့လဲ ခံယူသေးတယ်။ ဘေး ဒုက္ခတွေနှင့် ကြုံဆုံလာရင် အရင်ဆုံး သတိရ တမ်းတလိုက်တာက ဗေဒင်ဗျ၊ ဗေဒင် သရဏံ ဂစ္စာမိ တောင် သရဏံဂုဏ် စာရင်းထဲမှာ ထည့်သွင်းရမလိုလို ဖြစ်နေပြီ၊ တချို့ ဗေဒင်ဆရာတွေက ဟောခကို နည်းနည်းယူပြီး ယတြာမှာ များများ ရိတ်တယ်တဲ့။

 

ခက်ပ… ကမ္ဘာလုံးဆိုင်ရာ လူမှု အသိုင်းအဝိုင်းတခုလုံး ပျက်စီးခြင်း ရောက်တဲ့ အနေအထားမှာ ဗေဒင်တွေက ကူညီ ဖြေရှင်း ပေးနိုင်လိမ့်မယ် မထင်၊ ဗုဒ္ဓဘာသာ အခြေခံ သဘောတရားအရ ယုတ္တိ ယုတ္တာ ကျကျ ချဉ်းကပ်မှုဖြင့် ဥပမာဗျာ။ ။ ဒီနှစ် ကံမကောင်းဘူး။ ဆိုတော့ ဗေဒင် မေးမဲ့အစား လပြည့် လကွယ်အပတ်များမှာ နိုင်သလောက် ရက်လေးကို ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီလယူပြီး ကုသိုလ် လုပ်မယ်။ သေခြာတာက အနည်းဆုံးတော့ ထမင်းတနပ် သက်သာမယ်။ ကုသိုလ်ရတဲ့ သဘောပါ၊ ပိုက်ဆံကုန်ခံပြီး ယတြာ ချေမဲ့အစား နိုင်သလောက်လေးကို ဘုန်းကြီးကျောင်းမှ ဘုန်းဘုန်းတွေကို လှူတန်းလိုက်ရင်ဖြင့် သံသရာကျိုးအတွက်လည်း ကောင်းလာမယ်။ မျက်နှာပန်းလှလှနှင့် ဘုန်းကြီးကျောင်းမှာ ဥပုသ်ဆောက်တည်ခွင့် ရမယ်။ လူလ ကတော့ ဗေဒင်ပညာက ကမ္ဘာ့စီးပွားရေး ကျဆင်းနေမှုကို တိုက်ဖျက် ပေးနိုင်လိမ့်မယ်လို့ မမြင်ရိုး အမှန်ပါ။

ဂန်ဘာရီကြီး ဗုံမဆင် ဆိုင်းမဆင့်နဲ့ ပေါက်ချလာတယ်။ အရင်အခေါက်တွေကဆို ကုလ သံတမန်တွေ ၀င်မယ်ဆိုရင် တလလောက် အကြာ သတင်းထွက်တယ်။ အခု လာတာက ထူးခြားနေသလိုပဲ၊ ဒီတပတ်ပဲ ကြားလိုက်ရပြီး ရုတ်တရက် ပေါက်ချနေပြီ။ သူ့အား အတိုက်အခံတွေကို အရင်တွေ့ပေးနေတယ်၊ စစ်အစိုးရက ဘာပဲ လုပ်လုပ် တော်တယ်ဗျ၊ အလုပ်တခုကို လုပ်လိုက်တိုင်းမှာ ရည်မှန်းချက် တခုတည်း မထားဘူး။ အနည်းဆုံး ရည်မှန်းချက် သုံးခု လောက်ရတယ်။

ဘီလိယက် စကားနဲ့ ပြောရရင် တွိုင့်စ် ( ကာတင် ) ရိုက်သလိုပေါ့၊ ထိုးလုံး တလုံးတည်းနဲ့ ထိုးလိုက်ရင် ခံ လုံး နှစ်လုံး သို့မဟုတ် ထိုးလုံးရော ကျင်းထဲ ၀င်တယ်။ အဲဒီ ပုံစံပါပဲ လူတွေက ငတ်စ ပြုလာပြီ အစိုးရကလဲ သူ့မူကိုပဲ အီလည်လည် နှင့် ငါလှေ ငါထိုး ပဲခူးရောက်ရောက် ဆိုပြီး ခေါင်းမရွေ့ပဲ လုပ်နေတယ်၊ အစွန်းနှစ်ဖက်ကို ရောက်နေတဲ့့ အနေအထား၊ ဒီတော့ စိတ်ဓါတ် စစ်ဆင်ရေးအရ လူထုအတွင်း တင်းကြပ်နေတာတွေကို ဖြေလျော့နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုမယ်၊ ဒါကြောင့် ဂန်ဘာရီကြီးကို တိုးတိုးတိတ်တိတ် ခေါ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတွေကို အရင်တွေ့ပေးတယ်။ ဒါမှလဲ ကုလ နှင့် ဥရောပ တို့က ဆိုင်းငံထားတဲ့ နာဂစ်အတွက် ဒေါ်လာ သန်းပေါင်းများစွာ လာမယ်လေ၊ နောက်ပြီး အနောက်နိုင်ငံများက ပိတ်ဆို့ထားတဲ့ စီးပွားရေးကို အသည်းအသန် ပြန်ဖွင့်နိုးနိုး ပုံစံဖြစ်မယ်။

သူတို့က နာဂစ်အတွက် လာတဲ့ပိုက်ဆံတွေကို သူတို့အကျိုးအတွက်ပဲ၊ အသုံးပြုလိုက်တဲ့ အရာအားလုံးကလဲ သူတို့ကို ထောက်ခံ ခေါင်းညိတ် နေတဲ့ သူတွေအတွက်ပါပဲ၊ သိသလောက် နာဂစ်ဖြစ်စမှာ စစ်အစိုးရအတွက် အစိုးရ အချင်းချင်း ကူညီတာ တော်တော်လေးကို ရတာဗျ၊ တချို့မသိတဲ့ နိုင်ငံတွေက ပေးတာ အများကြီး၊ ဥပမာ တူရကီလိုနိုင်ငံမျိုးကလဲ နာဂစ်အတွက်ဆိုပြီး ဒေါ်လာ သိန်းချီပြီး ပေးတယ်လို့ ကိုယ်တို့ အလုပ်မှာ သန့်ရှင်းရေး လုပ်နေတဲ့ တူရကီ အဖိုးကြီးတယောက် ပြောပြလို့ သိတယ်။ ဆိုလိုတာက မြန်မာ စစ်အစိုးရနှင့် ဆက်သွယ်မိနေတဲ့ နိုင်ငံတိုင်း ပေးမှာပါ၊ ဘာလိုဆိုတော့ ကမ္ဘာပြည်သူ ပြည်သားတွေအတွက် နာဂစ်ဟာ ဒုတိယ ဆူနာမီငလျင်လိုပါပဲ။

 

ကိုယ်ချင်းစာပါတယ်။ ပေးတယ်၊ ပေးတော့ ရေစစ်သလို အဆင့်ဆင့်ခံ သောက်လာတော့ အမှန်အကန် ဒုက္ခဖြစ်တဲ့ လူသားအတွက် အနည်းအကျဉ်းသာ ရောက်၏။ နောက်တော့လဲ ပေးတဲ့သူက ဘယ်လို ကြည်ဖြူတော့မှာလဲ၊ နောက်ပြီး နိုင်ငံတကာမှာ ပြန့်နှံနေထိုင်တဲ့ မြန်မာလူမျိုးတွေက ကိုယ်နိုင်ငံအကြောင်း ကိုယ်သိနေတယ်လေ၊ အစိုးရကို တိုက်ရိုက် မပေးချင်ဘူး၊ ပေးတဲ့သူတွေလဲ ရှိမှာပါ၊ သူ့အကြောင်းနဲ့သူပေါ့။ လူမှုရေးအဖွဲ့အစည်းတွေကိုပဲ ပေးချင်တာလေ။ အထူးသဖြင့် မင်းသား ကိုကျော်သူတို့ လုပ်ငန်းမျိုး၊ ပြည်သူ့ အချစ်တော် ကိုဇာဂနာတို့ လုပ်ငန်းမျိုး ဒါလဲ ခွင့်မပြုဘူးဆိုတော့ တကယ့်ကို အကျိုးရ ခံစားနိုင်တဲ့ အခြေခံ လူတန်းစားတွေအတွက် နစ်နာရပြန်။

အခုလဲ စစ်အစိုးရက ဂန်ဘာရီကို ခေါ်ပြီး ဂွင်ဖမ်းတာလေ၊ အကျိုးကတော့ ဟ.. အတိုက်အခံတွေနဲ့ ဂန်ဘာရီတွေ့ပြီ ၊ နိုင်ငံရေး ရောင်ခြည်သန်းလာတော့မယ်လို့ ပြည်သူတွေက ရသေ့စိတ်ဖြေရ၊ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲက တစစနဲ့ နီးကပ်လာပြီး သူတို့ ရည်မှန်းချက်ကို ရောက်သွားမယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျ၊ ကုလနှင့် နိုင်ငံတကာက ဆိုင်းထားထားတဲ့ အလှူငွေတွေ ရလိမ့်နိုးနိုး၊ ရွေးကောက်ပွဲအတွက် ရည်မှန်းချက် အောင်မြင်ဖို့အတွက် ပြည်သူကို မျက်လှည့်ပြမယ်။ အောင်မြင်ခဲ့ရင် စစ်အစိုးရအတွက် ဘဏ္ဍာလဲ ခိုင်၊ ပဏ္ဍင်လဲ ထိုင် မပျက်ပေါ့..။

အခုကြည့်ပါလား ဦးသိန်းစိန်က ဂန်ဘာရီနှင့် တွေ့ဆုံအချိန်မှာ အဓိကတောင်းဆိုတာက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ဖွင့်ပေးရင် နိုင်ငံရေးက ပြေလည်မယ်တဲ့၊ ပြောနေပြန်ပြီ အရှက်မရှိဘူး။ အရင်တုန်းကတော့ ဘယ်လောက် ပိတ်ပိတ် ရပ်တည်နေနိုင်တယ်ဆို၊ စီးပွားရေး ဂယက်လဲ မခံရဘူးဆိုပြီးတော့ အခုတော့လဲ တမျိုး၊ အင်းပေါ့ ကမ္ဘာ့စီးပွားရေး ဂယက်က မြန်မာကို အမှန်အကန် ရိုက်ခတ်နေပြီလို့ ၀န်ခံနေသလိုလို၊ ဆိုတော့ ဦးသိန်းစိန်ရယ်.. ရှေ့တမျိုး၊ နောက်တမျိုး အရှက်ခံပြီး ပြောနေမဲ့အစား၊ စစ်တန်းလျားမှာပဲ နေပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေပါတော့။ ဒါမှ တကယ့် စစ်သားဆိုပြီး ပြည်သူတွေ ချစ်ကြမှာလေ။

ပြောချင်တဲ့ နောက်တယောက် ကတော့ မောင်အေးလွင်ဆိုတဲ့ လူကိုပဲ၊ ဂန်ဘာရီကြီးနှင့် တွေ့ရပြီ၊ ငါလဲ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတန်းစားတဲ့ ဆိုက်ဂိုက်ဖမ်းပြီး ဖွနေတာလေ၊ ခက်ပ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က အများထောက်ခံထားတဲ့ ဆန္ဒကို လိုက်နာခြင်းမရှိဘူး .. တဲ့၊ နိုင်ငံတကာကလဲ ဘက်လိုက်ပြီး မြန်မာကို စီးပွားရေး ပိတ်တယ် ဘာလေး ညာလေးနဲ့ သူက လေတာပေါ့…။

 

၀ါးလုံးခေါင်းထဲကနေ လသာနေတာကို ဝေဖန်ရင် လမင်းကို ခွေးဟောင်တယ် ထင်မြင်မလား၊ စဉ်းစားနော်။ ပြဿနာက ၀ါးလုံးခေါင်းထဲက လ ဖြစ်နေတယ်လေ၊ အိမ်ပြင်ကမ္ဘာကို ခဏလောက် လှည့်ပတ်လိုက်ပါဦး၊ ကမ္ဘာကြီးဟာ ဘာတွေ ဖြစ်နေတယ်ဆိုတာ၊ ဒါမှ တကယ့် လ အစစ်၊ ကျုပ် ပြောပြမယ်၊ အိုကေ ကိုအေးလွင် ပြောသလို၊ ပြည်တွင်း အတိုက်အခံတွေက ပြည်သူ့ဆန္ဒကို လက်မခံဘူး။ ဟုတ်ပြီ ရှင်းပြမယ်၊ ပထမတချက် ၉၀ ရွေးကောက်ပွဲက ဘာကြီးတုန်း၊ သေချာတာက မသာအိမ်က ဖဲဝိုင်းတော့ မဟုတ်ဘူးနော်၊ နှစ် ၂၀ လောက် အချိန်ယူပြီး ပြိုင်ဖက်မရှိတဲ့ ဆန္ဒမဲဖြင့် ထောက်ခံတာကို ကြည့်ပြီး မပြောနဲ့လေ၊ နောက်ပြီး ခင်ဗျားက ထင်နေမယ်၊ နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံ အသိုင်းအဝိုင်းများက အတိုက်ခံတွေ သွေးထိုးစကားကို နားယောင်ပြီးတော့ ဘက်လိုက်တယ်။ စီးပွားရေး ပိတ်ဆို့တယ်လို့ ပြောတယ်။

အင်း ၀ါးလုံးခေါင်း အတွေးအခေါ်ကို ရှင်းပြမယ်နော်၊ မူဝါဒတခုကို ဆုံးဖြတ်ချက် ချမယ်ဆိုရင် ဘယ်လူမျိုး၊ ဘယ်အသိုင်းအဝိုင်း ဖြစ်ဖြစ် ပြဿနာရဲ့ အရင်းမြစ်ကို ယုတ္တိကျကျ ချဉ်းကပ်တယ်၊ မယောင်ရာ ဆီလူး ယောင်ဝါးဝါး အတွေးအခေါ်နဲ့ ဘယ်တော့မှ မလုပ်တတ်ဘူး၊ ကမ္ဘာ့ လူမှုအသိုင်းအဝိုင်းက မြန်မာပြည်မှာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတဲ့သူများဟာ အာဏာနှင့် ပတ်သက်လာရင် လူကို လူလိုမမြင်၊ လုပ်နေတာက လွဲနေတာတွေက လူ့အခွင့်ရေး ချိုးဖေါက်တယ်လို့ မြင်တယ်၊ ခင်ဗျားက ပြန်ငြင်းဦးမယ် ဘယ်မှာလဲ လူ့အခွင့်ရေး ချိုးဖောက်တာတွေ ဆိုပြီး၊ ကွင်တာနားက မြန်မာပြည်မှာ ခဏခဏ ထမင်းလက်ဆုံ လာစားနေတာ မဟုတ်ဘူး သေချာတယ်။

နောက်တခု နိုင်ငံတကာက မြင်တဲ့ ၉၀ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ ဘက်လိုက်မှု မရှိပဲ ကျင်းပခဲ့တာ သူတို့ သိတယ်လေ၊ ဒီရွေးကောက်ပွဲ ရလဒ်ကို သူတို့ လက်ခံတယ်၊ ဒါကို စစ်အစိုးရက ပြန်ပြီး မျက်ကွယ်ပြုလိုက်တယ်လို့ မြင်သွားတယ်လေ၊ မြင်တော့ သူတို့နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ အကြောင်းအရာတခုကို တစိုက်မှတ်မှတ် ဘက်မလိုက်ပဲ ပြုစုလေ့လာနေတဲ့ ပညာရှင်တွေ၊ အစိုးရ မဟုတ်သော ၀ါသနာအရ ပြုစုနေတဲ့ အသိပညာရှင်တွေ ရှိတယ်ဗျ၊ ဥပမာ ။ ။ သစ်ပင်၊ တိရဆ္ဆန်၊ ရေမြေ လူ၊ နိုင်ငံနှင့် သဘာဝ အကြောင်းတွေပေါ့။ မြန်မာနိုင်ငံအကြောင်းကို လေ့လာနေတဲ့ ပညာရှင် တယောက် ဆိုပါစို့။ အဲသည်လူဟာ အတိုက်ခံလောကမှာ နာမည်ရနေတဲ့ မြန်မာအရေး ကျွမ်းကျင်သူတွေ လောက်တော့ သိနိုင်တယ်ဗျ။

ဒီ ပညာရှင်တွေက အကြောင်းအရာ တခုကို တက္ကသိုလ် စတက်ကတည်းက မေဂျာတခု ယူပြီး တသက်လုံး လုပ်နေတာလေ၊ မြန်မာနိုင်ငံအတွင်းက ပညာရှင်တွေလို မဟုတ်ဘူး၊ လုံးဝ လွတ်လပ်တယ် ဘယ်သူမှလဲ ထိန်းချုပ်လို့မရဘူး သူတို့ရဲ့ ကိုယ်ပိုင် လေ့လာချက်များကိုပေါ့၊ အဲဒီလို လေ့လာချက်များအပေါ် နှောင်ကြိုးမဲ့စွာ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ခွင့် သုံးသပ်ခွင့် ရရှိတယ်။ မြန်မာပြည်မှာလို့ စစ်အစိုးရ မူဝါဒ အောက်ကနေ ဆွေးနွေးတဲ့ ပုံစံ မဟုတ်ဘူး။ ဖုတ်ပူ မီးတိုက်သလို ငေါက်ကနဲ ထလုပ်တဲ့ မြန်မာအရေး ကျွမ်းကျင်သူတွေလိုလဲ မဟုတ်ဘူးဗျ၊ နှစ်ပေါင်းများစွာက စနစ်တကျ လေ့လာနေတဲ့ သူတွေပါ။

 

ဒီတော့လဲ အပေါ်က ပြောသလို ပြသာနာကို ချဉ်းကပ်ရန်အတွက် သတင်း အင်ဖေါ်မေးရှင်းတွေက အဲလို လူတွေမှ ရတယ်၊ ပြီးမှ သဘောအထားအမြင် အားလုံးကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချတယ်၊ နော်ဝေ ဒိန်းမတ်တို့ မြန်မာပြည်ကို စီးပွားရေး ပြန်ဖွင့်ပေးဖို့ စဉ်းစားနေပြီ၊ ကဲ .. ဘယ်လိုပြောမလဲ၊ သေချာတာက ခင်ဗျားတို့ ပြောလို့မဟုတ်ပါ၊ သူတို့ သိတယ်ဗျ အချဉ်တွေ မဟုတ်ဘူး၊ သူတို့က နိုင်ငံရေး ပြဿနာထက် လူသားချင်း စာနာတတ်တာက ယဉ်ကျေးမှုလို ဖြစ်နေပြီ အထူးသဖြင့် ကလေးနဲ့ မိန်းမကို ပထမကြည့်တယ်။ ကြံုရင်မေးကြည့်ပေါ့ အခုလက်ရှိ မြန်မာနိုင်ငံရေးကို ကြိုက်သလားလို့၊ တခု သတိပေးချင်တာက လိပ်ခေါင်းထွက်မတတ် ကုန်းပြီး အော်ပေးလို့ ဒီလိုဖြစ်လာတယ်ဆိုပြီး သွေးနထင် ရောက်မနေပါနဲ့။

ဖြစ်နေတာက စစ်အစိုးရ အာဏာမက်လို့ပါ၊ ဗိုလ်စောမောင် စကားအတိုင်း စစ်တန်းလျားမှာ ပြန်နေမယ်ဆိုရင် အခုလောက်ဆို NLD လဲ အတိုက်ခံပါတီတခု ပုံစံနှင့် လူထု ကြိုက်ချင်မှ ကြိုက်တော့မှာ၊ အနှစ် ၂၀ လုံးတော့ ဘယ်ပါတီမှ သူတို့ အာဏာကို ဆုပ်ကိုင်ထားလို့ မနိုင်ပါဘူး၊ လေးနှစ်တကြိမ် ပြည်သူ့ ဆန္ဒနဲ့ သွားနေတယ်ဆိုတော့။

နောက်ပြီး ကိုအေးလွင်ပြောသလို လူပိန်းစကား ပြောမယ်၊ အိုကေ ခင်ဗျားတို့ ထောက်ခံခဲ့တဲ့ အခြေခံ ဥပဒေ ထောက်ခံပွဲ အနိုင်ရခဲ့တယ်။ လက်ခံ၏။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲက အတိုက်အခံများဖက်က အနိုင်ရတဲ့ ပွဲပါ၊ ဘော်ပွဲစကားနဲ့ ပြောရရင် ၁း၁ နှင့် သရေပေါ့၊ ဟုတ်ပြီ … ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေကို လွှတ်ပေးပါ၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့် ပြုပြီး နောက်ထပ် စစ်တမ်းတခု ထပ်ကောက်ပါ၊ စစ်တပ်ကို ခုံသမာဓိ ပုံစံနှင့် ဘက်မလိုက်ပဲ ထိန်းခိုင်း၊ ထိုင်းစစ်တပ်လိုပေါ့၊ ဟုတ်တယ်ဟုတ်၊ သဘောပေါက်လောက်တယ် ထင်တယ်။ သေချာပါတယ် ကိုအေးလွင် ဒီလိုသဘောထားမျိုး ရှိနိုင်မှာ မဟုတ်ဘူးလေ၊ ပြည်သူ ချစ်ခင် လက်ခံရလောက်အောင် ကိုယ်ပိုင် အရည်အချင်း၊ မူ မရှိပဲ စစ်အစိုးရက ဘက်လိုက် ကျောထောက်နောက်ခံပြု အားပေးနေတာကိုး၊ ဒါနဲ့ပဲ လူဖြစ်နေတာလေ။ နို့ ….. တခြားဖက် လှည့် ဦးမယ်။

ပြင်သစ်နှင့် ဗြိတိန်။ အိုက်စလန်။ ရှရှားနိုင်ငံတို့မှာ အစိုးရရဲ့ကိုင်တွယ်မှု ညံ့ဖျင်းလာတယ်ဆိုပြီး လူထုတချို့က ဆန္ဒတွေပြလာတယ်။ သူတို့မြင်တာက ဘဏ်တွေပဲ အကူအညီ လုပ်ပြီး၊ အလုပ်လက်မဲ့အတွက် ထိထိရောက်ရောက် မကူညီဘူးလို့ဆိုတယ်။ နောက်ပြီး အင်္ဂလန်မှာဆိုရင် နိုင်ငံခြားသား အထူးသဖြင့် အရှေ့ဥရောပနိုင်ငံသား အလုပ်သမားတွေ အလုပ်ရတယ်။ နိုင်ငံသား စစ်စစ်တွေက အလုပ်လက်မဲ့ဖြစ်တယ်လို အကြောင်းပြတယ်။ အစိုးရဆိုတာက တခုချင်းထက် တခုလုံးကို သုံးသပ်ပြီး အလုပ်တဲ့အတွက် အများနှင့် သက်ဆိုင်တဲ့ ဘဏ်တွေ မပြိုလဲသွားအောင် ကူညီပေးရမှာပဲလေ၊ စဉ်းစားကြည့်ပါ ပုဂ္ဂလိက ဘဏ်သေး ဘဏ်သိမ်လေးတွေကို မဆိုလိုဘူးနော်။ ဘဏ်ကြီးတခု ပြိုလဲသွားပြီဆိုရင် လူတန်းစားအသီးသီးက ဘဏ်မှာ သိမ်းဆည်းထားတဲ့ သူတို့ ပိုက်ဆံတွေ မရတော့ဘူးပေါ့၊ အကုန်ဆုံးမယ်လေ။ ဒီတော့ ဘာတွေ ဖြစ်လာမလဲ၊ မတွေးဝံပါဘူး၊ ရေးရင်းနဲ့တောင် ကျောချမ်းလာတယ်။

 

အလုပ်လက်မဲ့တွေ အတွက်ကတော့ အခု ဆန္ဒပြနေတဲ့ နိုင်ငံတွေမှာ ဥပဒေက ရှိပြီးသားပါ။ ၀င်ငွေ ထိုးကျသွားတဲ့အတွက် ညစ်ပြီး လုပ်မိလုပ်ရာတွေ လုပ်လိုက်တဲ့သဘောပါ၊ ဥပမာဗျာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံ လူတန်းစားတယောက်ရဲ့ အခြေခံလစာဟာ တလကို ဒေါ်လာ ၁၅၀၀ ပတ်ဝန်းကျင်ရတယ်ဆိုပါတော့ ၊ ဒီလူဟာ အလုပ်လက်မဲ့ဖြစ်ပြီး နောက်ပိုင်း အစိုးရက ထောက်ပံတာက ဒေါ်လာ ၄၀၀ ပတ်ဝန်းကျင် လောက်ပဲ ရတယ်လေ။ ဒီတော့လဲ ၀င်ငွေ ထွက်ငွေ မမျှတ ဖြစ်တာပေါ့။ အစိုးရကလဲ နေဖို့ စားဖို့လောက်ပဲ ထောက်ပ့ံမှာလေ၊ ပြဿနာက အလုပ်ရှိနေတဲ့ အတောအတွင်းမှာ လူတွေက အိမ် ကား နှင့် ဇိမ်ခံပစည်းတွေ ၀ယ်သုံးရတယ်။ အများအားဖြင့် အကြွေးစနစ်ပေါ့ဗျ။ ဆိုတော့လဲ အစိုးရပေးတဲ့ ထောက်ပံ့လစာနဲ့ ဘယ်လို ရှင်သန် ရပ်တည်မှာလဲ၊ ဘယ်သူ့အမှားလဲ၊ ပိုင်ဆိုင်မှုများရဲ့ အနောက်လိုက်ရင်းပဲ ဆိုဆို၊ လိုအပ်ချက် အရပဲ ပြောပြော ကိုယ်ပဲ သားကောင်း ဖြစ်ရ၊ နောက်ဆုံးတော့လဲ ဘယ်သူမပြု မိမိမှုလို့ ပြောရတော့မယ်။

အခု အိုက်စလန် အစိုးရအဖွဲ့တော့ ပြောင်းလဲသွားပြီ၊ သူများနိုင်ငံတွေများ ပြည်သူ့ဆန္ဒကို လေးစားပါတယ်ဗျာ၊ အင်း ဒါကြောင့်လဲ လူလိုသူလို နေရတာပေါ့…နောက်တခုက အနောက် ဥရောပမှာ ရှိတဲ့ ချမ်းသာတဲ့ နိုင်ငံတွေမှာ မူရင်း နိုင်ငံသားတွေက တော်ယုံတန်ရုံ အလုပ်ဆို သိပ်မလုပ်ချင်ကြဘူး၊ ဆိုတော့လဲ နိုင်ငံခြားသား အလုပ်သမားကို ဈေးပေါပေါနှင့် နိုင်ငံသားတွေ မလုပ်တဲ့ အလုပ်ကြမ်းတွေမှာ ခိုင်းတာပဲလေ။ အစိုးရကတော့ မှားလိမ့်မယ် မထင်၊ အလုပ်လက်မဲ့နှင့် ပတ်သက်ပြီး ဥပဒေက နှစ်ပေါင်းများစွား ကတည်းက ရှိနေပြီးသား ဖြစ်နေလို့ပါပဲ။ နောက်ပြီး အတိုက်ခံတွေကလည်း သူတို့ အာဏာ လိုချင်တယ်လေ၊ ဖွပေး ဟပေး မှာပါ၊ အမေရိကန် ပြည်ထောင်စုမှတော့ ဒီတနှစ်အတွင်းမှာ ဆန္ဒပြမှုတော့ ရှိနိုင်လိမ့်မည် မဟုတ်။ အစိုးရအသစ်လည်း ဖြစ်၊ အိုဘာမားက လူချစ်လူခင်များနေတယ်။

တကယ့် ပြဿနာက စီးပွားရေး ဂယက်မှာ အာရှ တချို့နိုင်ငံတွေဟာ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လေ။ ဘာကြောင့်ဆိုတော့ အလုပ် လက်မဲ့ဥပဒေ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရှိမှ မရှိတာ၊ ဆိုတော့လဲ ဒီလို အလုပ်မရှိတဲ့ လူတွေ အတွက် အရမ်းကို ခက်ခဲလာမယ်၊ တရုတ်နိုင်ငံတောင် အလုပ်မရှိတဲ့သူတွေ များလာလို့ တော်တော် ခေါင်းစားနေပြီ၊ ဒါတောင် သူတို့နိုင်ငံက အစိုးရ ဘဏ္ဍာ တောင့်တင်းတယ်နော်၊ မြန်မာနိုင်ငံလို နိုင်ငံအတွင်းမှာ မတွေးဝံနိုင်တဲ့ ဆိုးကျိုးတွေ ပေါ်လာလိမ့်မယ်၊ စကားပုံတောင် ရှိတယ်လေ ပြဿနာက တခုတည်း မလာတတ်ဘူး အပေါင်းဖေါ်နဲ့ လာတတ်တယ်လို့.. သတိထားပေါ့ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့သူတွေ..။

အလုပ်လက်မဲ့ဥပဒေ အကျိုးခံစားခွင့်ဆိုတာက မြန်မာပြည်မှာ ကြားကို မကြားဖူးဘူးဗျ၊ ဒါလဲ အစိုးရ အဆက်ဆက် အားနည်းချက်လို့တော့ မထင်၊ အဓိက ပြသာနာက မြန်မာလူမျိုးတွေဟာ အခွန်ထမ်း စနစ်ကို အရမ်းကြောက်တယ်၊ ဒါလဲ ပဒေသရာဇ်စနစ်နှင့် ကိုလိိုနီအုပ်ချုပ်ရေး စနစ်များမှဆိုးကျိုးတွေပါပဲ။ အခုလို အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နိုင်ငံတွေမှာက လူတယောက်ဟာ လုပ်အားဖြင့်ရလာတဲ့ ပိုက်ဆံကို အချိုးကျ တွက်ချက်ပြီး အခွန် အဖြစ် နိုင်ငံတော် သို့မဟုတ် ပြည်နယ်ကို ပေးဆောင်ရတယ်လေ။

 

အခုလို ပြည်သူတွေကနေ ပေးဆောင်လိုက်တဲ့ အခွန်ငွေတွေကလဲ၊ အုပ်ချုပ်သူတွေက အလွဲသုံးစား လုပ်လို့မရဘူး၊ တိုင်းပြည်အကျိုး အထူးသဖြင့် ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး လူမှုရေးတွေမှာ အသုံးပြုတယ်၊ အဲဒီ ဘဏ္ဍာဖြင့်ပဲ တကယ်လို့များ လူတယောက်က အလုပ်မလုပ်နိုင်စွမ်း မရှိလို့ ဖြစ်စေ၊ အခြေအနေ တခုအရ အလုပ်ပြုတ် သွားလျှင် ဖြစ်စေ၊ လူအများထံမှ ကောက်ယူထားတဲ့ အခွန်ငွေထဲကနေ ပြန်ပြီး ထောက်ပံမှုပေးရတယ်။ ဆိုတော့လဲ လူမှုရေးက ဆိုးဆိုးဝါးဝါး မဖြစ်သွားဘူးပေါ့။ ဒီအကြောင်းကို  ဒီမှာ ရေးထားပါတယ်။

နောက်တခုက ရိုဟင်ဂျာ လှေစီးပြေးစီးသူတွေ အကြောင်း၊ နောက်ကွယ်မှာ လူကုန်ကူးမှုတွေနဲ့ ဆက်နွယ်နေတာလို့ ထိုင်း UNHCR က ပြောနေပြီ ကြည့်ပါတော့။ နေရာတခုကို စွန့်စားသွားတယ်ဆိုတာ အခြေအမြစ် လုံးဝ မသိပဲ မျက်ကန်းတစ္တေ မကြောက်ပုံစံတော့ ဘယ်လူသားက မလုပ်ဘူး၊ ဒီလို လှေစီးပြေးတာတွေ ခေတ်စားလာတာလဲ မူရင်းဒေသမှာ စီးပွားရေးတခုလို ဖြစ်နေလိမ့်မယ်လို့ ထင်မိတယ်။ အမှန်အကန် လှေစီးပြေးတယ်ဆိုတာ ကိုယ်ပိုင်လှေကလေးတွေမှာ မိသားစုအလိုက် ထွက်ပြေးတာဗျ။ အခုက ယောကျင်္ားတွေ ချည်းပဲတဲ့။ ဂွင်ရွေ့တဲ့ သဘောပါပဲ။

နောက်ပြီး လှေပိုင်တဲ့တွေက ကိုယ်အသိုင်းအဝိုင်း မဟုတ်ပဲနှင့် ဘယ်တော့မှ လှေပေါ် ခေါ်တင်မှာ မဟုတ်ဘူးလေ။ သူတို့က ထမင်းငတ်လို့ အလုပ်သစ်ရှာဖွေ စွန့်စားတာပါ၊ ရိုဟင်ဂျာများ လက်ခံရေးကို ထိုင်းပြည်သူတွေက လက်မခံတဲ့အတွက် ဆန္ဒတွေ ပြနေပြီ။ နောက်ထပ် ဒီလိုပဲ ထပ်ရောက်လာရင်လည်း မြန်မာပြည်ကို ပြန်ပို့မယ်လို့ ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်တယ်၊ ကဲ ဘယ်လို ဆက်လုပ်မလဲ လှေစီးပြေးတွေ… ။

ကျွန်တော် ဖြစ်ချင်တာက သူများနိုင်ငံမှာ ရှုပ်ရှုပ်ယှက်ယှက် သွားမလုပ်နဲ့၊ လူသားချင်း ကိုယ်ချင်းစာနာပါတယ်။ အခုလို လှေစီးပြပြီး၊ ထမင်းငတ်လို့ ထွက်ပြေးလာတယ်၊ ငါတို့ နယ်မြေမှာ ငတ်ပြတ်နေပြီ လူသားချင်း စာနာစွာဖြင့် အကူအညီပေးလှည့်ပါ လို ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ကို သနားခံလွှာတင်ပြီး တောင်းခံပေါ့ဗျ၊ လူလူချင်း ညာတာပြီး အကြံပေးတာ၊ အခုက ဘယ်သူမှ လက်မခံချင်တာကို ဇွတ်တိုးဝင်နေလို့ ပြောနေတာပါ၊ အင်း အခုတော့ အင်ဒိုက လက်ခံလိုက်တယ်ဆိုပဲ၊ ဘာသာတမျိုး ရိုကျိုးပါလို့ ဆိုသလို ဘာသာတူတွေကို လက်ခံလိုက်တယ် သဘောဖြစ်တယ် ထင်၏။ လမ်းကြောင်းပွင့်သွားပြီ။ ဒီလူမျိုးတွေက ပင်လယ်ရေကြောင်း ကျွမ်းကျင်၏။ ဒီတော့ ဆက်လက်ပြီး လက်ခံလိုက်ပါ လာဦးမယ် အုံနဲ့ကျင်းနဲ့၊ အနောက်နိုင်ငံတွေက သိပ်လက်ခံချင်ပုံ မရဘူး၊ စီးပွားရေးလဲ ကျဆင်းနေပြီလေ၊ ဒီအပတ်မှာပဲ အင်္ဂလန်မှာ လူဝင်မှုကို ကြီးကြပ်နေပြီတဲ့ ဆိုလိုတာက နိုင်ငံခြားသား အခြေချခွင့် မလိုတော့တဲ့သဘော၊ ငုတ်တုတ်မိပြီး အစုတ်ပလုတ်ဖြစ်နေဦးမယ်၊ ကိုအင်ဒို တို့ရေ။ ဒုက္ခနဲ့ပဲ အရည်ဖျော်သောက်ပါတော့။

 

အကယ်လို့များ ဒီလှေစီးပြေးတွေဟာ တခြား ဘာသာဝင်များဖြစ်မယ် ဆိုရင် အင်ဒို အစိုးရလဲ မျက်ကွယ်ပြုနေမှာ သေချာတယ်လေ။ ထိုင်းက အခု ၀န်ခံလိုက်ပြီ၊ ဟုတ်တယ် နှင်ထုတ်ပစ်လိုက်ပြီတဲ့။ သူ့ အရာထမ်းတွေကို အရေးယူမယ်ဆိုပြီး အဘီစစ်က ပြောလိုက်ပြီ၊ နောက်ထပ်လာရင်တော့ သတင်း လုံးဝ မထွက်အောင် သတ်ပစ်မဲ့ပုံပဲ။ ဩစီကလဲ အင်ဒို အစိုးရနဲ့ ဆွေးနွေးနေပြီ၊ မလက်ခံနိုင်ဘူး သဘောပါပဲ။

ပင်လယ်အကြောင်းကို သိသလောက်ပေါ့၊ အခုလို လှေစီးပြေးတဲ့အချိန် ရာသီက ကွိုင် မရှိဘူး။ ဘေးရန်ကင်းတယ်။ ရာသီဥတု မဆိုးဝါးဘူး၊ အခုအချိန် ဇန်နဝါရီ ဖေဖေါ်ဝါရီမှာ အရှေ့မြောက်ဖက်က တိုက်ခတ်လာတဲ့ မြောက်ပြန်လေဟာ ကုန်းမြေကို ဖြတ်သန်းခဲ့တဲ့အတွက် အရှိန်မရှိတော့ပဲ ပင်လယ်ဟာ ရေကန်ထဲ ရေပြင်တခုလိုဖြစ်နေတယ်၊ ပုံမှန်ရှိတဲ့ ပင်လယ် ဒီရေ၊ ရေတက် ရေကျ ရေစီးကြောင်းအတိုင်း ခုတ်မောင်းရတယ်။ လပြည့်တဲ့ညတွေဆို ၀ါသနာပါရင် ကဇာတ်ပွဲတောင် က ရတယ်ဗျ။ ဆိုတော့ ဒီအချိန်ကို ရွေးပြီး နေရပ်ကနေ စွန့်ခွာတဲ့ပုံစံ၊ မိုးသက် လေပြင်းများ ဖြစ်ပေါ်တတ်တဲ့ အနောက်တောင်လေ တိုက်ခတ်တဲ့အချိန်များမှာ အခုလို ဓါတ်ပုံတွေမှာ တွေ့နေရတဲ့ လှေငယ်လေး တစီးပေါ်မှာ လူ ၁၀၀ ပတ်ဝန်းကျင် ကြပ်သိပ် စီးနင်း ခုတ်မောင်းကြည့်ပါလား၊ မော်တင်စွန်းကိုတောင် မကျော်နိုင်ပါဘူး။ အားလုံး ငါးစာ ဖြစ်သွားမယ်။ လူလက ပင်လယ်မှာ နှစ်တော်များများ နေဖူးတယ်ဆိုတော့ ပြောပြနိုင်တယ်လေ။

ဆိုလိုနေတာက ဒုက္ခ အမှန်အကန်ဖြစ်လို့ ထွက်ပြေးရင် အချိန်အခါဆိုတာ မရှိပါဘူး။ နောက်ပြီး ထိုင်း ယူအင်က ပြောတာက တချို့ လှေစီးပြေးတွေမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော လူတွေရဲ့ ဖုန်းနံပါတ်တွေ ရှိနေတယ်ဆိုပဲ၊ ဆိုတော့ ကဇာတ်တပုဒ်ကို ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်နေသလို ဖြစ်နေတယ်လေ။ နောက်ကွယ်မှာ ဘယ်သူတွေက ဒါရိုက်တာလုပ်နေတယ်ဆိုတာ ကာယကံရှင်တွေပဲ သိနိုင်လိမ့်မယ် ထင်ပါရဲ့…။

အခုလို ပြဿနာတက်နေတဲ့ အချိန်မှာ အိုင်ယာလန်နိုင်ငံက မြန်မာ – ဘင်္ဂလားဒေရှ့်နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ မိသားစု အနည်းအကျဉ်းကို ခေါ်မည်ဟု ထုတ်ပြန်လိုက်တယ်၊ ကောင်းပါတယ်။ ဒီလမ်းကြောင်းပဲ လျှောက်ပေါ့ …။

နောက်ပြီး အွန်လိုင်းမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာကို တချို့ သူများကို စစ်အစိုးရ အလိုကျ ဖြစ်သွားမယ်။ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်သွားမယ်ဆိုပြီး၊ တဆိပ် တအိတ်လုပ်ပြီး ဖွနေတာ၊ ဖွတဲ့လူကလဲ အခုလို အမှန်မြင်တဲ့လူနဲ့ စစ်အစိုးရကို လှည့်တိုက်ပေးလိုက်တယ်၊ အမှန်တရားကို လူတွေ စိတ်ထဲ မရောက်သွားအောင် ကြိုပိတ်လိုက်တယ်လို့..ရောထွေးလိုက်တဲ့သဘော.. ထင်မိတာပါ။ တိုက်ဆိုင်လို့ အငြင်းအပွား ဖြစ်တာပဲ ဆိုဆို အငြင်းပွားဖြစ်လို့ တိုက်ဆိုင်သွားတာပဲ ပြောပြော၊ ဧည်သည်တွေကို ခေါ်လာပြီး မြန်မာနိုင်ငံသား တိုင်းရင်းသားတွေလို့ တချို့က တကြော်ကြော် အော်နေတာ ဒါကို အမှန်ကို လိုလားတဲ့၊ အမှန်ကို သိတဲ့ လူတွေက မချင့်မရဲ၊ ဆားငံရေ သောက်ရသလို ငံတန်တန်ကြီး ဖြစ်တာလေ၊ ဟ .. ဟ ဘာတွေလဲပေါ့ လိမ်ဆင် ချွတ်ဆင် နဲ့ ဘလော်ဆိုင်းလို့ ဘလိုင်းကြီး ဆော်ပါလားဆိုတဲ့ စိတ်တွေနဲ့လေ..။

 

နောက်တခုက စော်ကားတာတော့မဟုတ်ဘူး မြန်မာပြည်မှာ အခြေခံ လူတန်းစားတွေ အင်တာနက် သုံးပြုလေ့မရှိပါဘူး။ အသုံးပြုတဲ့ သူတွေကလဲ ဒီအကြောင်းကို မီးလောင်ရာ လေပင့် ဖွမဲ့လူ တယောက်မှ မရှိဘူး ထင်၏။ အမေရိကန် ပြည်ထောင်စုနိုင်ငံလို အင်တာနက်က မှတဆင့် လူမှုအသိုင်းအဝိုင်း ပြောင်းလဲသွားသလို မလုပ်နိုင်ပါဘူး။ အွန်လိုင်းမှာ ဒီလောက် ငြင်းပွားလောက်ရုံဖြင့် ဗမာပြည်မှာ ပဋိပက္ခတော့ မဖြစ်နိုင်လောက်ပါ။ ပြောင်းလဲမှုဆိုတာ အခြေခံ လူတန်းစားတွေမှ အစပျိုးတာပါ၊ စစ်အစိုးရလဲ ဘလော့ဂ်တွေကို လူတွေ အားလုံး မကြည့်နိုင်အောင် ပိတ်ထားတယ်။ နည်းပညာ ကျွမ်းကျင်တဲ့ သူလောက်ပဲ ခြံကျော်နိုင်တာလေ၊ မပူပါနဲ့ စစ်အစိုးရ အခု အခြေအနေနဲ့ ဒီပြဿနာကို နိုင်ငံရေး ထွက်ပေါက်တခုပုံစံ မလုပ်ပါဘူး၊ စစ်အစိုးရက တနိုင်ငံလုံးကို လုံးဝ ချုပ်ထားနိုင်နေတဲ့ အနေအထား၊ ဒါပေမဲ့ သူတို့ လုပ်မယ်ဆိုရင် ဖြစ်တယ်။

သူတို့က အရှေ့အလယ်ပိုင်းကို အခုမှ ထိုးဖောက်စပဲသေး။ အထူးသဖြင့် ကူဝိတ်မှာ သံရုံးဖွင့်တာတို့ စသော စသော .. သူ့အကျိုးတွေ အများကြီး ရမဲ့ အနေအထားပါ၊ ဒီလိုလုပ်လိုက်ရင် စားပေါက် ပိတ်သွားရမှာပေါ့၊ စိတ်ချ မလုပ်ဘူး၊ အပေါ်မှာ ရေးထားသလို အမှန်အကန် ငတ်ပြတ်ပြီး အုံကြွလာမှာကိုပဲ စစ်အစိုးရတို့က သေနတ် ကျည်ထိုးပြီး ထိုင်စောင့်နေတာဗျ၊ ဒီလို ငတ်ပြတ်ပြီး အုံကြွတဲ့အချိန်မှာပဲ နိုင်ငံရေး ထွက်ပေါက်ကို ဘာသာရေးနှင့် ရောသမ နိုင်တယ်.. ဒီအချိန်ကျမှပဲ … ပူ၊ မယုံမရှိနဲ့ တကယ်လုပ်မှာ…။

ပြည်ပက ညီညွတ်ရေး ဇာတ်ပွဲဆီက ပြန်ကြားရေး ၀န်မင်းလဲ အသံတိတ် ရုပ်ရှင်ခေတ်ကလို မိုက်ကိုင်ပြီး ဇာတ်ညွန်း စကားတွေကို ဖွပေးနေတဲ့ သူလိုလို၊ ဗိုလ်ကျော်ဆန်းလိုလို ဂိုက်ဖမ်းနေတာ၊ လူတွေက မကြိုက်တော့ပြီ တော်ပါတော့ တန်ပါတော့ အော်နေတာ၊ သူ့ခမျာ မေတ္တာရပ်ခံပါတယ်။ ထိုင်ခံပါတယ် လိုက်လုပ်နေရသေးတဲဲ့ ဘဝ၊ သေနတ်များ ကိုင်ထားရင် ဝေဖန်တဲ့သူတွေကို လိုက်သတ်မဲ့ပုံ။ ေဩာ်.. အသံတိတ်ခေတ်က ရုပ်ရှင်ဆိုတာက မကြံုဖူးပါဘူး ကြားဖူးတာ… ရုပ်ပဲမြင်ရတယ် အသံက ဇာတ်ဝင်ခန်းတီးလုံးက ဆိုင်းဝိုင်းသုံးတယ်။ စကားပြောခန်းဆို မိုက်ကိုင်ပြီး အပြင်လူတွေက အော်ပေးရတယ်။ ဗမာဇာတ်လမ်းက သိတဲ့အတိုင်းပဲ ထိုးခန်းကြိတ်ခန်းပါမှ ဇာတ်ဖြစ်တာလေ၊ ဒါဗလင်ဇာတ်ကားလိုပေါ့.. လူကြမ်းတွေက မင်းသားကို ထိုးကြိတ်နေတဲ့ အခန်းရောက်ရင် ပွဲကြည့်တဲ့ ပရိဿတ်က သိပ်မကြည်တော့ဘူး၊ အဖြူရောင်ပိတ်ကားကြီး စုတ်ပြတ်သွားမယ်လေ၊ ဒါကို ခံရများတော့ မိုက်ကို ကိုင်ပြီး ဖွနေတဲ့သူ “ မင်းသားက မကြာမှီအတွင်းမှာ ပြန်လည်ထိုးသတ်မည်” လို့ ကြိုအော်ပေးရတယ်.. နိုမို့ရင် မနက်ဖြန်အတွက် အဖြူရောင်ပိတ်ကား အသုံးပြုလို့တောင် မရတော့ဘူး လို့ မှတ်ပေတော့၊ ဖြစ်ခဲ့တာတွေက တောမှာပါ၊ အခုလဲ ပြန်ကြားရေးဝန်မင်း ဒီပုံ ဒီပဲပါပဲ၊ တော်သေးတာပေါ့ အင်တာနက် အွန်လိုင်းဖြစ်နေလို့.. ။

၀န်မင်းအသစ် တယောက်က အားရစရာ.. အတိုက်အခံတွေ အားလုံး ညီညွှတ်ရေးဇာတ်ဖွဲ့မှာ ပါ၀င်နိုင်အောင် ကြိုးစားမည်၊ မရရင်တော့ ၀န်မင်း မလုပ်တော့ဘူးတဲ့၊ ဟုတ်ပါ့မလား မောင်ကာလု …ရယ်၊ ပြောရင် မပီး တီးမမြည်၊ မပီးခင် ဗမာ မပြနဲ့တဲ့၊ ဘာပြောပြော ဒီလိုပြောတော့လဲ ကြိုက်ပါ့၊ ကြိုဆိုပါ၏။ ဖြစ်လာရင်တော့ အကောင်းသား.. သေချာတာကတော့ နန်းရင်းဝန်က *“ အောင်ဒင်ကို ဒီလိုလာစမ်းလို့ ဘယ်ရမလဲ ” ငှဲငှဲ.. အထာဖြင့် ၄ နှစ်တော့ နပ်ပြီ ။ ( ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်လမ်းက စကားပြောခန်းမှ)၊ န.အ.ဖ၏ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ အစိုးရတက်လာရင် စင်ပြိုင်အစိုးရက ဘယ်လိုနာမည်နဲ့ ဆက်သွားဦးမလဲ မသိချေ။

 

ကွင်တားနား ၀င်စစ်ပြီ၊ ထုံးစံအတိုင်းပေါ့ ၊ ထောင်ကို မိတ်ကပ်ဖို့ထားမယ်၊ နောက် ကရင်ပြည်နယ်ဖက်ကို လိုက်ပြသတဲ့၊ ဒါလဲ သူတို့က ကရင့်ငြိမ်းအဖွဲ့များနှင့် ပိုင်နေပြီ၊ အေးချမ်းပါတယ်ဆိုပြီး ပြတဲ့သဘောပါပဲ၊ စစ်တဲ့သူကလဲ သံသယနှင့် ကြည့်တတ်တယ်လေ၊ သံသယဖြင့် ကြည့်တယ်ဆိုမှ ယုံကြည်လောက်တဲ့ အနေအထားက ရှိမှာ မထင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားများကို အပြစ်ဒါဏ် လျှော့ပေးလိုက်တာက ကောင်းပါတယ်လို့့ မပြောချင်သေးပါဘူး၊ အတူတူလောက်ပါပဲ အရင် အပြစ်ဒါဏ်က သေပြီးနောက် ထောင်ချခံနေရမဲ့ ကာလ၊ အခုက ထောင်ထဲမှာပဲ နာပြီး သေရမဲ့ ကာလပါ။ ထူးမခြားနား.. ထူးမခြားနား..သေး။

ကရင်ငြိမ်းအဖွဲ့ဆိုလို့ စစ်အစိုးရများ အကြံပိုင်လိုက်ပုံများ … DKBA နှင့် ဗိုလ်ထိန်မောင်အဖွဲ့ကို နယ်ခြားစောင့် တပ်တွေအဖြစ် လုပ်ပိုင်ခွင့်တွေ လွဲပေးလိုက်ပြီ၊ ဒီတော့ ဘာဖြစ်မလဲ၊ ပြောရမယ်ဆိုရင်.. ထိုင်းစစ်တပ် ဖွဲ့စည်းပုံတခုပေါ့၊ မြန်မာ ထိုင်း နယ်စပ်တွေမှာ ထိုင်းစစ်တပ်က မဟာဗျူဟာအရ တပ်စွဲထားတဲ့ နယ်ခြား စောင့်တပ် ( တောချောဒေါ ) မှာ ကရင်တိုင်းရင်းသားများ အတော်များများဟာ စစ်မှုထမ်းနေတာကို တွေ့ရတယ်။ ဒါလည်း ထိုင်း တောင်ပေါ်သားကဒ် ရထားတဲ့ မိသားစုများမှ ပေါက်ဖွားလာခဲ့တဲ့ လူငယ်တွေ ဖြစ်တယ်။

ဥပဒေအရ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်၊ နောက်ပြီး တောင်ပေါ်သား ခေါ်တဲ့ ဒုတိယနိုင်ငံသား အခွင့်အရေးကနေ နိုင်ငံသားစစ်စစ် အခွင့်အရေးရနိုင်တဲ့ အခွင့်အလမ်းဟာ ဒီနည်းလမ်းက အနီးဆုံးဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဖွား ကရင် လူငယ် အတော်များများဟာ ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့တွေမှာ ၀င်ရောက် အမှုထမ်းလာခဲ့ကြတယ်။ ဆိုတော့ ထိုင်း မြန်မာ နယ်ခြား ပြဿနာဖြစ်ပြီးဆိုရင် ကရင် ကရင်ချင်း တိုက်ခိုင်းလိုက်တဲ့ နည်းဗျူဟာ တရပ်ပါပဲ၊ ညီအစ်ကိုတော် ကရင် တိုင်းရင်းသားတွေခမျာ အိုးမဲသုတ်ခံရပြီး ခွပ်ရမဲ့ သဘော။ လေးစားလောက်တဲ့ အကြံအစည်ဗျ။

 

ပြည်ပရောက် ဒီမိုကရေစီ အင်အားတွေက တချို့များ ၂၀၁၀ ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုပြီး ဘသားချော ယောကျင်္ားသား တချို့က ပုဆိုး ခါးထောင်းကြိုက်၊ မင်းသမီး မိန်းမအချို့လဲ ထမီကို ဆွဲပြီး သကာလ ဇာတ်လမ်းက မသန်း ရုပ်ရှင်ထဲက မို့မို့မြင့်အောင် စတိုင်နဲ့ ဟန်ရေးတပြပြ လုပ်နေကြပါပြီ၊ စစ်အစိုးရ လက်ခံလား မလက်ခံတော့ မသိပါဘူး၊ ဒို့များလဲ အားကျပါရဲ့ ယုံရင်တော့ကွယ် ဆိုပြီးတော့လေ၊ ဗုံသံ ဆိုင်းသံနှင့် တကြော်ကြော် အော်နေပါပြီ၊ ဦးနေဝင်း လက်ထက် ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေးလို့ အော်လိုက်တာ တချို့အတိုက်ခံများ ခွေးကတက်ကပဲ အိပ်ရ အိပ်ရ ဆိုတဲ့ သမိုင်းဝင် နိုင်ငံရေးစကားက ပြနေတယ်ဆိုတော့ ေဩာ် တို့မြန်မာရယ်.. ဆိုပြီး သက်ပြင်းရယ် အခါခါ ချမိပါတယ်။

အရင်တုန်းကတော့ “ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ” ဆိုပြီး ထမင်းတောင်းစား ကောင်းအောင် ဟိုပွဲ ဆိုလဲ ရွှေမိ ပါတယ်။ လူကုန်ထံ နိုင်ငံရေးသမား လုပ်ချင်တော့ ဒီပွဲဆိုလဲ ရွှေဘတွေ ပါချင် ဆိုသလိုပေါ့ဗျ၊ ဘာပဲပြောပြောဗျ အဝေးရောက် သားများအတွက်တော့ သို့လော.. သို့့လော စိတ်တွေ ၀င်လာတာတော့ သေချာဗျ၊ ဒါလဲ စစ်အစိုးရ တိုက်စရာတောင် မလိုတော့တဲ့ ကိုယ့်ဖက် ည့ံချက်တွေပေါ့၊ ဆည်ပေါက်ဝမှာ ထားတဲ့ မြုံးသကဲသို့ တန်းကနဲ လျောကနဲ မီးထွန်းပြစရာမလိုပဲ ၀င်သွားတာ၊ ဘဘ မောင်စွမ်းရည်ကတော့ “နင်လားဟဲ့ ၂၀၁၀ ရွေးကောက်ပွဲ” ဇာတ်လမ်းတွေကို အကြောင်းသိ၊ ဓါတ်သိတွေမို့ ဘာပြောလေမလဲ မသိ။

ဒါတောင် အဝေးရောက် နန်းရင်းဝန်မင်းကလဲ တိုးတိုးလေး မှာကြားပါရစေ တို့လဲလေ လိုက်သချင်သမို့ ဆိုပြီး သတင်းတွေ တက်လာနေတယ်။ ဟုတ်မဟုတ်တော့ သေချာမသိ၊ ပြန်ကြားဝန် ဗိုလ်တင့် ငြိမ်နေတဲ့ပုံနှင့်ဆို မှန်ကန်လောက်တယ် ထင်ပါ၏။ ၀န်မင်း မဟုတ်တဲ့ ဒေါက်တာ သောင်းထွန်းကပဲ ယနေ့မြန်မာ သတင်းမှာ အင်တာဗျူးလုပ်ပြီး ရှင်းနေရတယ်၊ “ ဒါမျိုးတွေဟာ ကျောင်းသားတပ်မတော်မှာလည်း ရှိခဲ့ဘူးပါတယ်” လို့ ပြောလိုက်တာ၊ စွပ်စွဲတဲ့သူလည်း ငြိမ်သွားတယ်၊ အင်း.. အကြောင်းသိတွေဆိုတော့ …။

ဒီလိုနဲ့ နအဖ၏ ခေတ်မှီတိုးတက်သော နိုင်ငံတော်အသစ်ရဲ့ ခွေးကတက်မှာ အမှိုက်လှဲပေးမဲ့ သူတွေ ပေါ်လာပြန်ရော… ခက်သပ နော်၊ ေဩာ် လူတွေလဲ အသက်တွေ ကြီးလာတယ်ဆိုတော့လဲ အောက်အီးလည်း မတွန်၊ စာလည်း မစား ဧကန်တ မြန်မာပြည်ကို လွမ်းတဲ့စိတ်လေးတွေ ၀င်လာ၊ စုမိ ဆောင်းမိတာလေးနဲ့ပဲ မွေးရပ်မှာပဲ ခေါင်းချတော့မယ် စိတ်များနှင့် နိုင်ငံရေး လျော့ဈေးတွေ ချပေးနေတယ်လို့ မြင်တယ်၊ ဒို့လူငယ်များ ဆိုသလေ ဝေလေလေ တွေကလဲ အင်း… ၀ုတ်တယ် ၀ုတ်တယ် အဲ ၀ှန်တယ် ၀ှန်တယ်ဆိုပြီး အတွေးကြောင်တွေ ၀င်လာကြတာပေါ့၊ အတွေးကြောင်ဆိုလို့ ၁၉ရက်နေ့မှာ သီးလေးသီးအဖွဲ့က ကိုပန်းသီး အင်တာဗျူးတခု နားထောင်လိုက်ရတယ်။ သူက “ အမေရိကားမှာ ကပြသုံးတော်ခံတာ ၀မ်းမြောက်တဲ့အကြောင်း၊ တခုထူးခြားစွာ ကြားလိုက်တာ သူတို့ အငြိမ့်ဖွဲ့ကို သွားကြည့်ရမှာ ကြောက်တဲ့လူတွေ ရှိတယ်တဲ့ ” ဒါကိုပဲ စဉ်းစားပါတော့… သီလေးသီးတို့များ ဂျိုတကားကား အစွယ် တမျှားမျှားနှင့် က ပြ သုံးတော်ခံ နေသလိုလို၊ မိုင်ထောင်ပေါင်း များစွာကနေ ကြောက်နေရတဲ့ ဘဝများ ဘယ်လိုမှ တွေးလို့ မထိတော့ဘူးဗျာ.. အဲလောက်ထိတောင် အာဏာ စက်ကွင်းက ကြီးပါ့မလား?… ည့ံချက်ကတော့ နာပါ့။

 

ဂယောက် ဂယက်တွေးပြီး အတွေးကြောက်တယ်လို့ ဆိုရမလား၊ မီးများ မီးနိုင်၊ ရေများ ရေနိုင်ဆိုသလို မြောက်အမေရိကတိုက်မှာ အဲဒီအတွေးများနဲ့ ရှင်သန်နေတဲ့သူတွေ များနေတယ်။ နောက်တခုက နိုင်ငံရေးမှာ ဘယ်လိုမှ တိုးလို့မပေါက်တဲ့သူတွေက များလာတယ်၊ အတိုက်အခံတွေလဲ ယဉ်ကျေးမှုလိုဖြစ်နေတဲ့ တော်လှန်းရေးကို ဆင်နွဲပြီး မညီညွှတ်၊ နောက်ပိုင်း ဒုက္ခသည်အဖြစ်နဲ့ ၀င်ရောက်လာသူတွေလဲ ရန်ငါစည်းမပြတ်.. ဆိုတော့လဲ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံရန် အတွေးက အမေရိကားနဲ့ ကနေဒါမှာ ပျံနှံနေတာက မဆန်းလောက်ပါဘူး။ အခုလို လုပ်တာကလဲ သေချာတာတခုက နိုင်ငံရေး ပတ်မကြီး ထိုးဖေါက်လိုက်တဲ့ ပုံသဏ္ဍာန်ဆင်သွားပြန်ရော၊ မင်းသား မင်းသမီး မလုပ်ရလို့.. ဆိုပြီး တွေးမိသကာလ ၁၉၂၃ – ၁၉၃၇ နှစ်များကို ရောက်သွားလေသေးသည်။

မြန်မာနိုင်ငံ အက်ဥပဒေ ၁၉၂၁ အရ၊ ဗြိတိသျှ အစိုးရ မြန်မာပြည်အတွက် ရေးဆွဲပေးခဲ့သည့် ဒိုင်အာခီ ( Dyarchy ) ဆိုတဲ့ အုပ်ချုပ်ရေးကို ပြေးသတိရမိလိုက်၏။ ဒိုင်အာခီ အုပ်ချုပ်ဆိုတာ ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် ဖြစ်သည့် ဘုရင်ခံနှင့် ပြည်သူ့ ကိုယ်စားလှယ် ပူးတွဲ အုပ်ချုပ်တဲ့ စနစ်ပါပဲ၊ အခု န.အ.ဖ ရေးဆွဲတဲ့ ဖွဲ့စည်းပုံထဲမှာ လိုပေါ့ အာဏာရှိ စစ်တပ် ကိုယ်စားလှယ်များဖြစ်တဲ့ စစ်ဗိုလ်နှင့် ရွေးချယ်တင်မြောက်ခံတို့ ပူးတွဲမယ်လေ။

ထိုကဲ့သို့သော အုပ်ချုပ်ရေးကြောင့် မြန်မာလူမျိုးအတွင်း ဟုမ်းမရှုး( Home Rule ) ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့် ဒိုင်အာခီဟု ခေါ်သော အင်္ဂလိပ်အလိုကျ အုပ်ချုပ်ရေးဆိုသော အတွေး အခေါ်နှစ်ခု ကွဲပြားရ၍ ဂျီစီဘီအေ အဖွဲ့ကြီးသည်လည်း သပိတ်မှောက် ဂျီစီဘီအေ ခေါ်သော ဦးချစ်လှိုင်နှင့် ၂၁ဦး ပါ၀င်သော ဦးဘဖေ ဂျီစီဘီအေ ဟူ၍ နှစ်ချမ်းအထိ ဟက်တက်ကြီး ကွဲရလေသည်။ ထိုမှတဆင့် ဦးချစ်လှိုင် ဂျီစီဘီအေမှ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ၎င်းမှ ဦးစု ဂျီစီဘီအေ စသော အစိတ်မွာမွာ ကွဲထွက်လာခဲ့သည်။ သိုြ့ဖစ် နယ်ချဲ့ဆန်ကျင်ရေးသည် အကြောင်း မညီညွှတ်မှုများဖြင့် ခေတ္တ ငုတ်ရှု်ိး ပျောက်ကွယ် သွားရလေသည်။

ထိုကဲ့သို့ အခင်းအကျင်းကို စဉ်းစား တွေးခေါ်လိုက်တော့ ေဩာ်… အခုလည်းလေ အဝေးရောက်တွေ ခမျာမှာ အတွေးအဖုံဖုံဖြင့် အကွဲကွဲ အပြားပြား ဖြစ်နေသည့်အကြား တော်လှန်အစုအဖွဲ့ဆိုတဲ့ အစိုင်အခဲတခုသည် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ငရုတ်ဆုံဖြင့် ထောင်းလိုက်သည်နှယ် ဖွတ်ဖွတ်ကို ကြေထွက်သွားရသည်။ ဆိုတော့ သမိုင်း တခေတ်ပြန်လည်နေပြီး လွတ်လပ်ရေး ရတာ ၁၉၄၈ ခုနှစ် ၁၉၂၁ နုတ်လိုက်ရင် အနှစ် ၂၇ နှစ်၊ အရှေ့က ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း နှစ် အရေအတွက်ဖြင့် မှန်းလိုက်ရင် ဒီမိုကရေစီရဖို့က အနှစ် ၃၀ ကြီးများတောင်ပ၊ အဲလေ … ကံပေါ့ ဦးသန်းရွှေ…။

 

ဦးဦးရွှေကလဲ ငါမသေခင် လမ်းပြမြေပုံဇာတ်ကားကို ပြီးအောင် ရိုက်သွားချင်တယ်လို့ ချင်ခြင်းတတ်နေတာ ဖြစ်မယ်၊ ကိုယ်ဝန်သည် အုတ်ခဲ ငတ်သလိုပေါ့၊ လျော့ပါတော့ဗျ အချင်းချင်းတွေပဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ပေးပြီး ပြေရာပြေကြောင်းလေး လုပ်ပေးလိုက်ပေါ့၊ ကိုယ်ပဲ ဆင်ပဲ၊ ဒီထက်ကြီးတာ ဝေလငါးပဲ ကျန်ပြီ။ ဒါဆို မြန်မာ့သမိုင်းမှာ မသေခင် အလန်းလေး ဖြစ်သွားမှာပါ၊ မူဂါဘီကြီးတောင် ငါးသလောက်ပြုံးနဲ့ လက်ဆွဲနှုတ်ဆက်နေတာလေ၊ လုပ်တတ်ရင် နေသာသပ လေညာက။

အဲသည်ခေတ်တုန်းက ဒိုင်အာခီကို လက်ခံခဲ့သော သူများကို ငါးထောင်စား ဟု ခေါ်ပါသည်၊ အခု ၂၀၁၀ ကို အဝေးရောက်သားများ လက်ခံယှဉ်ပြိုင်ရင် မြုံးမိငါးလို ငါးထောင် မျှား ပေါ့ ၊ ဒီမိုကရေစီ နိုင်ငံတော်အသစ်၏ ခွေးကတက်မှာ မအိပ်ရပဲ သက်ကြီးငယ်မနှင့် ခေါတောကုလားလို အမှိုက်လှဲရမည့် ကိန်းကြံုရမည်၊ သည်တော့ ဂျီစီဘီအေ နောက် ပေါ်လာတာက တို့ဗမာအစည်းရုံးတဲ့ ။ အခုလည်း သမိုင်းအဆင့်ဆင့် ပြောင်းလဲမှုအရ ကမ္ဘာလုံးဆိုင်ရာ တို့ဗမာ အစည်းရုံးဆိုပြီး ဖွဲ့ချလိုက်လေ၊ ကြာသလားလို့ ..။

သခင် နာကာမူရ မောင်ချမ်း၊ သခင် ဒယ်နီရယ် စံလင်း၊ သခင် အင်ဒရှုး သာခင်၊ သခင် လီထွန်းရွှေ၊ သခင်စောဖိုးခွား၊ သခင်ခွန်တာယာ။ သခင်စိုင်းနေ၊ သခင်မိုဟာမက်အေးသွင်၊ သခင်အလီသန်းဝင်း၊ သခင်မ မာရီးယားခင်ပပ၊ သခင်မ ဂရေ့(စ်)စိန်အေး၊ သခင်မ ယူကီစန္ဒီ.. စသော စသော သခင် နာမည်ခံ ၀ိုင်းဝန်း မှည့်ကြတာပေါ့… ဟ ဟ ပျော်စရာကြီး၊ ကဲ .. ၂၀၁၀ ရွေးကောက်ပွဲအား တန်ပြန် တွန်းလှန်ရန် ကမ္ဘာလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံးတခု လုပ်ပြီး အသံတည်း ထွက်ပါတော့ဗျ၊ လုပ်လိုက်လေ.. လက်သီးဆုပ်မလား? လက်ဝါးဖြန့်မလားပေါ့..။ စကားမစပ် တို့ဗမာဆိုလို့ တိုင်းရင်းသားတွေ ငါတို့လဲ မပါဘူးလို့ ရွှေစိတ်တော် မညှိးလိုက်ပါနဲ့၊ ရှင်းပြမယ်။

မြန်မာဟူသော စကားမှာ “ မြန်သည်၊ မာသည်”ဟု အဓိပ္ပါယ်ဆောင်သော်လည်း နာသံပါ၍ ဘောင်ကျဉ်းသည်၊ အားနည်းသည်၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာစာသော ဗမာတိုင်းရင်းသားများ အားလုံးခြုံမိစေရန် ဗမာဟူသော စကားလုံးကို ရွေးသည်၊ ဘကုန်းနှင့် “ ဘမာ ” ဟု မရေးပဲ၊ ဗ အသံထွက်ဖြင့် ဗမာဟု ရေးခြင်းဖြစ်သည်။ ။ ကိုလိုနီခေတ် တို့ဗမာအစည်းအရုံး ရှင်းလင်းချက်တခု ဖြစ်သည်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုအောင်ထွန်းမှ ကောက်နှုတ် ) ၊ မောင်ခင်ညွှန့်တို့များ ဘယ်စိတ်ကူးနဲ့ မြန်မာလို့ ပြောင်းလဲလိုက်သလဲမသိ၊ ဟိုတုန်းက လက်ခံတာက မြန်မာဆိုတာ လူမျိုးတမျိုး၊ ဗမာဆိုတာက အားလုံးကို ခြုံတဲ့သဘောဖြစ်လိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်တွေက Burma နိုင်ငံလို့ မည့်ထွင်ခဲ့တယ်လေ။ ”

အလွန်စွာ ထူးခြားသည့် ဖြစ်ရပ်တခုက အခုလို ကုလသမဂ္ဂက စစ်အစိုးရအား ဖြဲချောက်၊ ဆီနူး အချောသပ်ပြီး တဖြည်းဖြည်းနှင့် သိမ်းသွင်းနေတဲ့အချိန်မှာ ဒေါက်တာ လွဏ်းဆွေ ဘလော့ဂ်တွင် အီးမေးမှ ရရှိတယ်ဆိုပြီး ဗိုလ်မှူး အောင်လင်းထွဋ်၏ ” သန်းရွှေ နှင့် မောင်အေးတို့ကို ဖြုတ်ချပြီး အခြား စစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး… စသော အချက်များမှ… (ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး (ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး ”ဟူသော တင်ပြချက်တခုကို တွေ့လိုက်ရသည်။

 

စဉ်းစားစရာတာပါ ဘာရယ်မှ မဟုတ်ပါဘူး… ၈၈ နောက်ပိုင်း စစ်တပ်နှင့် နိုင်ငံရေးသမားတို့ မီးဝေးချိပ်မာ သလို ဆက်ဆံရေး အေးခဲသွားရသည့် အကြောင်းတချက်က အကယ်လို့ ဒီမိုကရေစီ ရရှိခဲ့ရင် စစ်တပ်ခေါင်းဆောင်များ ရပ်တည်မှုက ဆိုးဝါးသည့် အနာဂါတ်ဖြစ်မည်ဟု လူထုအတွင်း တီးတိုးတဖုံ၊ ဗြောင်တကျကျ ကောလဟလ တခု ထွက်ရှိလာခဲ့သည်။ မြန်မာပြည်တွင် အမှုအထမ်း ၈၀ ရာခိုင်နှုန်းသည် လာဘ်ပေး လာဘ်ယူ စနစ်ကို မည်သူမှ ကင်းလွတ်နေသည် မဟုတ် သေချာသည်။

နောက်တခုက ဗိုလ်မှူး အောင်လင်းထွဋ်ရေးသားသည့် စာမူများကို အရင်တုန်းက အတိုက်ခံ အင်တာနက် စာစောင်များ၊ ဘလောဂ်များတွင် တရားဝင် ဖေါ်ပြခဲ့သည်ကို အစဉ်မြဲတွေ့ဖူးခဲ့သည်။ ယခုမူ (ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသည့် ပို့စ်ကို တင်ဆက်ပေးခြင်း ဖြစ်ပါသည်။) ဆိုသော Forward စီးဆင်းမှုဖြင့် ရေးသား ဖြန့်ချီလိုက်ခြင်းသည်က ဖြစ်ပေါ်တိုးတက်နေသော လမ်းကြောင်းတခုအား သွေဖယ်စေလိုသော စိတ်စေတနာဖြင့် ထုတ်လွင့်ခဲ့သလော၊ ဒါမဟုတ် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စိတ်ဖြင့် ဖြန့်ဝေခဲ့သလား၊ သို့တည်းမဟုတ် စစ်တပ်အတွင်း အာဏာသိမ်းမှု ပေါ်ပေါက်လာစေရန် လှုံ့ဆော် တပ်လှန့်တာလား၊ စတဲ့ ဘက်ပေါင်းစုံဖြင့် တွေးတော ဆင်ခြင်နေရပါတော့သည်။

အထက်ဖေါ်ပြပါ အကြောင်းအချက်အားလုံးတွင် ပါ၀င်သော လူပုဂ္ဂိုလ်များအား လေးစားသည်။ သို့ပေမဲ့ ဖြစ်ပွားခဲ့သော အကြောင်းအရာများအား ဆင်ခြင် စဉ်းစားခြင်းတခု ဖြစ်၏။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အာရှမှာ လူဦးရေအများဆုံး နိုင်ငံတွေကို လှည့်ပတ်ပြီး မြန်မာအရေးကို ပြန်လှည် သုံးသတ်မည်ဟု ပြောလိုက်တော့ ဒေါ်လာစားတွေ ခမျာ မျက်ခုံးလှုပ် သွားတယ် ထင်ပါ၏။

ဖြစ်ပေါ်လာမည့် ကုလ ဆုံးဖြတ်ချက်ကို သုံးသပ်ရမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ခေါင်းစဉ်တခုဖြစ်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတွင်း ယခု ကုလသမဂ္ဂက လုပ်ဆောင်နေသည်ဟု မြင်မိ ထင်မိပါ၏။ ဖြစ်မဖြစ်သည်က အချိန်က စကားပြောမည်သာ၊ ထိုကဲ့သို ကုလက လုပ်ဆောင်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ အလိုကျ နိုင်ငံရေး ချောက်အတွင်းသို့ ပို့ဆောင်ပေးလိမ့်မည်ဟု မထင်၊ ဒေါ်အောင်ဆန်းစုကြည်တွင် အရှေ့အနောက် အရပ်ဒေသများမှ ဒီမိုကရေစီကို မြတ်နိုးသော နိုင်ငံများမှ ချီးမြှင့်ထားသည့် ဆု၊ ဂုဏ်ထူးဆောင် စတဲ့ စတဲ့ အရာများဟာ တရုတ်နိုင်ငံလုပ် ကလေး ကစားစရာများ မဟုတ်ပါ။ ဆုများ၏ နောက်ကွယ်တွင် သိက္ခာဆိုသော အစိုင်အခဲတခု ရှိနေပါသည်။ ထို့ကြောင့် ကုလနှင့် အနောက်သည် စစ်အစိုးရ အလိုကျ လမ်းကြောင်းအတိုင်း လိုက်သွားမည်ဆိုလျှင် သူတို့ပေးထားသည့် ဆုများ၊ ဂုဏ်ထူးဆောင်များသည် ကလေး ကစားစရာအဖြစ်ကို ရောက်ရှိသွားလိမ့်မည်။ အခု အတိုက်အခံတွေ တကြော်ကြော် အော်နေသည်က စစ်အစိုးရ၏ လမ်းကြောင်းအတွင်း ကုလသည် အငိုက်မမိသွားစေရန် သတိပေးနေသည့် အကြောင်းတရပ်သာဟု အမှား အမှန်မသိသော ပုစာ္ဆတပုဒ်အား အဖြေရှာရင်းနဲ့ .. .. ..။

 

အမိမြန်မာပြည်၌ အထင်ကရရှိသော လူသားများ အားလုံး ချစ်ကြည်စွာ လက်ဆွဲ နှုတ်ဆက်နိုင်ပါစေ..လို့ ဆန္ဒဖြစ်ရင်း.. ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် လူလ၏ သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here