ဒုတိယ “ပင်လုံစာချုပ်” လိုအပ်နေပြီ

လက်ထပ်စာချုပ် ချုပ်ဆို နိုင်ဖို့ နှစ်ဘက်သော မိဘတွေ၊ ဆွေမျိုးတွေ၊ ရပ်ကွက် လူကြီးတွေ သဘောတူတာထက် စာရင် ကာယကံရှင် ခင်ပွန်းလောင်းနဲ့ ဇနီးလောင်းတို့ သဘောတူမျှဖို့က အဓိက ကျပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်ဘဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဘဝကိုရင်ဆိုင်ပြီး တည်ဆောက်ရမှာ ဖြစ်လို့ပါဘဲ။ တကယ်လို့ လက်ထပ်စာချုပ် မချုပ်ဆိုမီမှာ စေ့စပ်ကြောင်းလမ်း ထားရင် ဘဝကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ ကြိုတင် ဆွေးနွေးညှိနှိုင်း နိုင်လို့ ပိုပြီး အဆင်ပြေစရာ ရှိနိုင်ပါတယ်။ နိုင်ငံအုပ်ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အမှန်မှာတော့ စာချုပ် ဖြစ်ပါတယ်။ လင်မယား လက်ထပ် စာချုပ်လိုပါဘဲ။ အစိုးရနဲ့ ပြည်သူတွေ ကြားမှာ သဘောတူထားတဲ့ စာချုပ်ပါဘဲ။

ဒီစာချုပ် ဖြစ်နိုင်ဖို့ ပဏာမ သဘောတူညီချက်တွေ ရှိနေရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အတိတ်ကာလရဲ့ ဆိုးမွေတွေ ခံစားနေရတာ ဖြစ်လို့ ဒါတွေ ပြင်နိုင်ဖို့က အခြားနိုင်ငံ တွေလို လိုက်လုပ်လို့ မရသလို၊ တဦး တဖွဲ့တည်းက စိတ်ကြိုက်လုပ်လို့လည်း မရနိုင်ပါဘူး။ အတိတ် တချိန်မှာတုန်းက “ပင်လုံစာချုပ်”ဟာ မြန်မာ့ သမိုင်းကြောင်းကို ကောင်းစေခဲ့တဲ့ ပဏာမ စာချုပ် ဖြစ်ခဲ့တာကို နမူနာ ယူရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေအားလုံး ညီညွတ်အောင် လုပ်နိုင်ဖို့ဆိုတာ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတဲ့ ရပိုင်ခွင့်တွေကို အာမခံနိုင်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီလို အာမခံနိုင်အောင် လုပ်ယူဖို့ အတွက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းက စပြီး လက်ရှိ ကာလထိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရ “ပင်လုံစာချုပ်”လိုမျိုး နောက်ထပ် စာချုပ်တခု လိုအပ်လာပါတယ်။

ဒီလို စာချုပ်မှာ အရင်ဦးဆုံး သက်ဆိုင်သူတွေ အားလုံး တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်းနဲ့ တာဝန်ယူ ဆွေးနွေးနိုင်ရပါမယ်။ သဘောတူနိုင်ရပါမယ်။ ဒီအဆင့်ကို အောင်မြင်မှ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ကျင့်သုံးကြဖို့ မြန်မာနိုင်ငံသား အများစုက သဘောတူ ထောက်ခံခဲ့တာကို ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်က သက်သေပြခဲ့ပြီး ဖြစ်လို့ နောက်ထပ် သံသယဖြစ်စရာ မလိုတော့ပါဘူး။ လက်ရှိမှာ ကမာ္ဘ့နိုင်ငံတွေ ကျင့်သုံးနေကြတာက ပိုပြီး တိကျအောင် ပြောရရင် ကိုယ်စားပြု ဒီမိုကရေစီစနစ် (Representative Democracy) ဖြစ်ပါတယ်။ လူထုတရပ် လုံးက သူတို့ ဖြစ်စေချင်တာတွေကို သူတို့ ကိုယ်စားပြုသူတွေက လိုက်လုပ်ပေးရတဲ့ စနစ်ဖြစ်ပါတယ်။ အရှင်းဆုံး ပြောရရင် အခြေခံဥပဒေကို လူထုက စိတ်ကြိုက် ရေးဆွဲတာပါ။ မြန်မာနိုင်ငံမှာ ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကျင့်သုံးမှ လူထုကလည်း ထောက်ခံ၊ နိုင်ငံတကာနဲ့လည်း ရင်ဘောင် တန်းနိုင်မှာ ဖြစ်ပါတယ်။

အခြေခံဥပဒေကို လူထု စိတ်ကြိုက်ရေးဆွဲ နိုင်မှလည်း လူတိုင်းအတွက် အခြေခံ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ၊ အသင်းအဖွဲ့ဌာန (Institution) အတွက် လွတ်လပ်မှု အခွင့်အရေးတွေက အစ အာဏာပိုင်တွေကို ကန့်သတ်ထိန်းညှိ (Checks and Balances) ပေးနိုင်တာ၊ စစ်တပ်က ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် နေနိုင်တာတွေ အဆုံး လူထုကို အကျိုးပြုစေတာတွေ အားလုံးကို အာမခံချက် အပြည့်အဝနဲ့ စိတ်ချလက်ချ ကျင့်သုံးနိုင်ပါမယ်။

နအဖ လုပ်သွားတဲ့ အခြေခံဥပဒေ ဆိုတာက တိုက်ရိုက် ဒီမိုကရေစီ (Direct Democracy) ကို အသက်သွင်း နေတာပါ။ ဒါပေမယ့် ကိုယ်စားပြု ဒီမိုကရေစီကို ဦးတည်လုပ်ဆောင်နေ သလိုလို လှည့်စားထားပါတယ်။ မြန်မာပြည်သူတွေက ဒီမိုကရေစီ အကြောင်း သိမှာ မဟုတ်ဘူးလို့ ယူဆပြီး၊ ဒါမှမဟုတ် သိပ် မသိသေးခင်မှာ နအဖက သူတို့လိုချင်တဲ့ မူဝါဒ၊ စနစ်၊ လုပ်ထုံး လုပ်နည်းတွေကို လက်ဦးအောင် ပန္နက် ရိုက်ပစ် ယူတာမျိုး ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ရင် ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ့် မြန်မာပြည်သူတွေ  အနေနဲ့ ဒီမိုကရေစီ အကြောင်း အတော်အတန် လေ့လာသိရှိထားဖို့ လိုနေပြီဆိုတာ သိသာပါတယ်။

တိုက်ရိုက် ဒီမိုကရေစီ စနစ်မှာ အစိုးရ အာဏာပိုင်တွေကို လူထုရဲ့ ဆန္ဒနဲ့ ရွေးချယ်ခွင့် မရှိပါဘူး။ အာဏာပိုင်တွေရဲ့ ဆန္ဒ၊ တနည်းအားဖြင့် ဆိုရင် အာဏာပိုင်တွေ ချပေးတဲ့ မူဝါဒတွေကိုဘဲ လူထုက ကြိုက်-မကြိုက် ရွေးချယ် ပေးရပါတယ်။ ဘာနဲ့ တူသလဲလို့ အနီးစပ်ဆုံး နမူနာပြရရင် မြန်မာနိုင်ငံမှာ အာဏာရှင် ဦးနေဝင်းရဲ့ တပါတီ စနစ် ကြီးစိုးတုန်းက မဆလ ပါတီက ကြိုတင် သတ်မှတ်ထားတဲ့ အာဏာပိုင် အဆင့်ဆင့်ရဲ့ ကိုယ်စားလှယ်လောင်းတွေကို လူထုက ရွေးချယ် တင်မြှောက်ပေးရတာ၊ မဆလ ပါတီက ရေးထားတဲ့ အခြေခံဥပဒေကို အတည်ပြု-မပြု လူထုက ရွေးချယ်ပေးရတာတွေ ဖြစ်ပါတယ်။ လူထု ဆန္ဒခံယူပွဲလို့ နာမည်တပ်ပြီး ရွေးခိုင်းတာတောင်မှ လွတ်လပ်ပြီး သမာသမတ် ရှိအောင် မလုပ်ပေး နိုင်ပြန်ရင်လည်း အာဏာရှင် လုပ်ချင်တဲ့ သဘောတွေကို သက်သေပြ သလို ဖြစ်နေပါတယ်။

ကိုယ်စားပြု ဒီမိုကရေစီမှာ နိုင်ငံသား ဘယ်သူမဆို ရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့် ရှိသလို ရွေးကောက်ပွဲ ဝင်နိုင်ခွင့်လည်း ရှိပါတယ်။ နမူနာပြရရင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့် ပေးမှာမဟုတ်ဘူးလို့ နအဖ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ( ကြိုတင် သွေးတိုးစမ်းသလိုမျိုး ) အာဆီယံမှာ ပြောဖူးတာ ရှိပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီကို အစစ်အမှန် ကျင့်သုံးချင်ရင် ဒေါ်အောင်ဆန်းစုကြည်လို မျိုးရိုးစဉ်ဆက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း သိပ်ထင်ရှားနေတဲ့ မြန်မာ နိုင်ငံသားတဦးကို ရွေးကောက်ပွဲဝင်ခွင့် ပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသမား မှန်သမျှ ဖမ်းဆီးထိန်းသိမ်း ထားတာကို ပြန်လွှတ်ပြီး နိုင်ငံရေး လှုပ်ရှားခွင့် ပြုရမှာ ဖြစ်ပါတယ်။

ကိုယ်စားပြု ဒီမိုကရေစီမှာ ကိုယ်စားပြုမယ့် သူတွေကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာကို လူထုက သတ်မှတ်ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သတ်မှတ်လို့ မရပါဘူး။ ပင်လုံစာချုပ်လို သမိုင်းဝင် သဘောတူညီချက် တခုခုကို အရင် ရပြီးမှဘဲ အခြေခံ ဥပဒေမူကြမ်းကို အားလုံးက ချွင်းချက်မရှိ ပါဝင်ရေးဆွဲ ရပါမယ်။ အဲဒီမူကြမ်းမှာ နောက်လုပ်မယ့် ရွေးကောက်ပွဲတွေကို အခြေခံ ဥပဒေအတိုင်း ကျင်းပပေးနိုင်ဖို့ ရွေးကောက်ပွဲ ဆိုင်ရာ အခန်းကဏ္ဍ ကလည်း ပါရှိနေမှာ ဖြစ်ပါတယ်။ မူကြမ်းကို လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြု နိုင်ရပါမယ်။ လူထုက အတည်ပြု လိုက်တာဟာ ရွေးကောက်ပွဲ ဝင်မယ့်သူတွေကို ဘယ်လို ရွေးချယ်ရမလဲလို့ လူထုက သတ်မှတ်လိုက်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်လို ပဏာမ သဘောတူညီချက် မရှိပဲ ရှေ့ဆက်လုပ်လို့ မဖြစ်နိုင်ပါဘူး။

နောက်ထပ် သက်သေတခု ကတော့ နအဖ ရေးတဲ့ အခြေခံဥပဒေမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ သမတ နေရာကို လူထုက ရွေးချယ်ခွင့်မရတာ၊ စစ်တပ်က လွှတ်တော်မှာ အမတ်၂၅ % အတွက် ရွေးချယ်ခံစရာမလိုပဲ အလိုအလျောက် ယူထားတာတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ တပ်မတော် (စစ်တပ်)က နိုင်ငံကို ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါရမယ် ဆိုတာလည်း ပါဝင်နေပါတယ်။ ဒါတွေဟာ နိုင်ငံရဲ့ အနာဂါတ် ကံကြမ္မာကို အကြီးအကျယ် ပြောင်းလဲစေမယ့် ကိစ္စတွေပါဘဲ။ ပြည်သူတွေကို မလှုပ်မရှား ပိပြားနေအောင် အုပ်ချုပ်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်နေတာ သိသာပါတယ်။ အမှန်တကယ်မှာ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘဲ ပိုပြီးတောင် မငြိမ်မသက် အုံကြွလာနိုင်စရာ ဖြစ်နေပါတယ်။ လမ်းအလယ် ဒါးကိုင်ပြီး လူတကာကို စိန်ခေါ်နေသလို ဖြစ်နေပါတယ်။ ဒါဟာ “လွတ်လပ်မှုကို တလွဲ ဆံပင်ကောင်း လုပ်တာ၊ တန်းတူညီမျှမှုကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံမူတွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အရေးကြီးဆုံး မဖြစ်မနေ လုပ်ရတဲ့ မူကတော့ ရွေးကောက်ပွဲပါဘဲ။ လူထုက အစိုးရကို ရွေးကောက်တာ ဖြစ်ပါတယ်။ စစ်တပ်ဆိုတာ အစိုးရ မဟုတ်ပါဘူး။ တိုင်းပြည်မှာ စစ်ဖြစ်နေရင် စစ်တပ်က ကြီးစိုးပါတယ်။ ဒီလိုမျိုး မဟုတ်ရင် စစ်တပ်ဆိုတာ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ အထူးသဖြင့် ရွေးကောက်ပွဲ လုံခြံုရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ် စောင့်ရှောက်ရေးတွေကို လုပ်ပေးတဲ့ အသင်းအဖွဲ့ (Institution) တခုဘဲ ဖြစ်ပါတယ်။ ကျောင်းသား သမဂ္ဂတို့၊ အလုပ်သမားသမဂ္ဂတို့ဆိုတာ Institution ပါဘဲ။ မီးသတ်၊ ရဲ၊ ကုန်သည်ကြီးများအသင်း အစရှိတာတွေက လည်း Institution ပါဘဲ။ ဘယ်နိုင်ငံမှာမှ Institution တွေက အစိုးရလုပ်တာ မရှိပါဘူး။ အစိုးရအလုပ်ကို အစိုးရအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့သူတွေ၊ ဒါမှမဟုတ် အာဏာသိမ်းပြီး သူတို့ကိုသူတို့ သတ်မှတ် ထားသူတွေကဘဲ လုပ်ရပါ တယ်။ ဒါကြောင့် စစ်တပ်က အစိုးရ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေက ရွေးချယ် တင်မြှောက်တာ မရှိပဲ အစိုးရနေရာ ဝင်ယူရင် (လွှတ်တော်အမတ် လုပ်ရင်) ဒါဟာ ကိုယ်စားပြု ဒီမိုကရေစီ အစစ်အမှန် မဟုတ်တော့ပါဘူး။ တကယ်လို့သာ ပင်လုံစာချုပ်လို ပဏာမ သဘောတူညီချက်သာ ရှိနေခဲ့ရင် ဒီလို မမှန်မကန် ဖြစ်နေတာတွေကို ကြိုတင် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

နအဖရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လုပ်နေလို့ကတော့ ဒီမိုကရေစီ အစစ်အမှန်ကို ရမှာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် မဆလ ခေတ်တုံးက ပုတ်သင်ညို လွှတ်တော်လို ဖြစ်နေဦးမှာ ပါဘဲ။ ဒီလို ဖြစ်ခဲ့လို့လည်း နောက်ဆုံး တနေ့မှာ မဆလ ပါတီရော အာဏာရှင် ဦးနေဝင်းပါ ဘုံးဘုံးလဲ ပြိုကွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ထပ်တူ လိုက်လုပ်ဦးမယ်၊ ဒါမှ မဟုတ် နည်းလမ်းခွဲတမျိုး (Alternative)နဲ့ လုပ်ကြည့်ဦးမယ် ဆိုရင်လည်း “ဒီတောင်ပို့က ဖွတ်ဘဲ ထွက်တတ်တယ်” ဆိုတာ လူထုက သိနေပြီးဖြစ်လို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောင်ခါလာ နောင်ခါဈေး သဘောထားလို့လည်း လုံဝ မဖြစ်နိုင်ပါဘူး။

တချိန်တည်းမှာဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးလည်း ရမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ ခွဲထွက်ခွင့်တို့ကို တောင်းဆိုလာတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ပြည်ထောင်စုစနစ်အတွက် မကောင်း ပါဘူး။ ဒါတွေဟာ သိသာမြင်သာတဲ့ အနာဂတ်အန္တရာယ်တွေ ဖြစ်ပါတယ်။ နအဖ ဖြေရှင်းတဲ့ ပုံစံမှာတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို အတင်း လက်နက်ချ ခိုင်းနေတာက လွဲလို့ အခြား မရှိပါဘူး။

ဒီအခါမှာ တိုင်းရင်းသားတွေ လက်နက်ကိုင်တယ် ဆိုတာက နိုင်ငံရေးအရ အင်အား ချိန်ခွင်လျှာ (Balance of Power) ညှိတဲ့သဘော ဖြစ်လာပါတယ်။ သူတို့ ရည်ရွယ်တာက နိုင်ငံရေး ဆိုပေမယ့် ဒီရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေတဲ့နည်းလမ်းက ပြည်တွင်းမှာ စစ်ရေးပုံစံ ပြိုင်ဆိုင်တဲ့ သဘောကို ဖြစ်စေပါတယ်။ ဒါဆိုရင် ဒီမိုကရေစီနဲ့ ဆန့်ကျင် သွားပါပြီ။ အမှန် တကယ်ဆိုရင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့အခါမှာ နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ဆိုတာ တခုတည်းဘဲ ရှိနေရမှာ ဖြစ်ပါတယ်။ တခုတည်းရှိတဲ့ စစ်တပ်ဟာလည်း ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဖွဲ့စည်းထားရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်လာအောင် လုပ်ပေးနိုင်တာက ပဏာမ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကို လက်နက်ချခိုင်းနေရုံ၊ နှစ်ဦးနှစ်ဘက် သဘောတူညီမှုရရုံ ( ဥပမာ-Gentlemen’s agreement ) နဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပန္နက် ရိုက်ပြီးသား သဘောတူညီမှုကို မရနိုင်ပါဘူး။

နအဖ အနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် နည်းလမ်းတခုဘဲ ရှိပါတယ်။ ဒီလို လုပ်တာဟာလည်း ဒီမိုကရေစီ ကျင့်သုံးတဲ့ လူ့ အသိုင်းအဝိုင်းထဲမှာ လူအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း ယိုင်းပင်း ပူးပေါင်း ရမယ်ဆိုတဲ့ အခြေခံမူနဲ့ ကိုက်ညီ နေပါတယ်။

တချိန်တည်းမှာဘဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို သူတို့ ယုံကြည် လက်ခံလာအောင် အာမခံ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်တွင်းမှာ စစ်ရေးပုံစံ ပြိုင်ဆိုင်တာတွေ မရှိနိုင်တော့ပါဘူး။ ဒီနောက်မှာတော့ ပင်လုံစာချုပ်လိုမျိုး နောက်တကြိမ် ထပ်ချုပ်နိုင်ဖို့ လွယ်ကူသွားပါပြီ။ ဒီလိုစာချုပ် ချုပ်ဖို့ ဘယ်သူက ဦးဆောင်နိုင်ပါသလဲလို့ တချို့က မေးကြပါတယ်။ ဘယ်သူတွေက ကိုယ်စားပြုပြီး တက်လာကြမှာ လဲလို့လည်း ထပ်မေး ကြပြန်ပါတယ်။

ဒါကတော့ သိပ်မခက်လှပါဘူး။ တိုင်းပြည်မှာ အများ သတ်မှတ်ထားတဲ့ ကိုယ်စားပြုသူတွေ ရှိနှင့်ပြီး ဖြစ်လို့ သူတို့ကဘဲ အမှန်တကယ် ဦးဆောင် ဆော်ဩလိုက်ရင် ချက်ချင်းတောင် စလို့ရသွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ စနစ်ကို တကယ်တမ်း ဘယ်သူတွေက ဦးဆောင်နိုင်မလဲလို့ စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအဆင့်ကို သိက္ခာရှိရှိ ကျော်ဖြတ်နိုင်တယ် ဆိုရင် နောက်ကျန်တာတွေက သူ့အလိုလို ရှောရှောရှူရှူ ဖြစ်သွားမှာ သေချာပါတယ်။ အရင်ဦးဆုံး လိုနေတာကတော့ ပင်လုံစာချုပ်လို ပဏာမ သဘောတူညီမှုတွေ ဖြစ်ပါတယ်။

လွင်အောင်စိုး (၁၅-၂-၂ဝဝ၉)

LEAVE A REPLY

Please enter your comment!
Please enter your name here