CCTV သတင်းဌာနမှ ပစ်လွှတ်သည့် မီးပန်းမျာကြောင့် ဟိုတယ် မီးလောင်မှုဖြစ်ပွား

alt

တရုတ်နိုင်ငံမှ ရုပ်မြင်သံကြား ကုမ္ပဏီကြီး CCTV အနေနှင့် ၎င်းတို့ ပစ်လွှတ်ခဲ့သည့် မီးပန်းများကြောင့် နဘေးမှ (၄၄) ထပ်အမြင့်ရှိ ဆောက်လက်စ ဟိုတယ် အဆောက်အအုံကြီး မီးလောင်ကျွမ်းသွားမှု အတွက် ဖြေရှင်း ရတော့မည်ဖြစ်သည်။

 ရိုးရာ နှစ်သစ်ကူးလ ပွဲတော် အတွက် ခွင့်ပြုမိန့် မရှိသော မီးရှူး မီးပန်း ပစ်လွှတ်ရေး အဖွဲ့တခုကို ငှားရမ်းကာ မီးပန်းအလှများ ပစ်လွှတ်ခဲ့သော်လည်း ကံဆိုးစွာပင် ၎င်း CCTV နံဘေးမှ အဆောက် အအုံကြီးကို ပျက်စီး သွားစေခဲ့သည်။

တနင်္လာနေ့ ည ၈ နာရီ ၂၇ မိနစ်မှ စတင်လောင်ကျွမ်းပြီး အင်္ဂါနေ့  နေ့လည် ၂နာရီမှ မီးညွှန့် ကျိုးသွားသည်ဟု သိရှိရသည်။ မီးတောက်ကြီးများသည် ပေ (၂၀) မှ ပေ (၃၀) အထိ မြင့်တက်ခဲ့ပြီး လောင်ကျွမ်းနေသော အချိန် ကာလအတွင်း မီးသတ်များမှ မီးငြိှမ်းသတ်ရန် အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မျက်မြင်တဦးက ၎င်းသည် ပစ်လွှတ်နေသည့် မီးအလှများကို သဘောကျစွာ စောင့်ကြည့် နေခဲ့ကြောင်း၊ မီးပန်းများ အနက် အချို့တို့သည် ဆောက်လုပ်ဆဲ အဆောက်အအုံကြီးဆီ လွင့်သွားသည်ကို သတိပြုမိခဲ့ကြောင်း၊ မကြာမီမှာပင် အဆောက် အအုံကြီးဆီမှ မီးခိုးလုံးများ ထိုးတက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြန်လည် ပြောပြသွားသည်။ တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာ၏ အဆိုအရ လောင်ကျွမ်း ပျက်စီးသွားသော အဆောက်အအုံ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၇၃၁) သန်းခန့် တန်ဖိုးရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here