ပြောစရာ ဖြစ်တဲ့ နေပြည်တော် အကယ်ဒမီည

alt

(၂၀၀၇) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်နေ့က မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 ထို အခမ်းအနားသို့ မြန်မာစစ်အစိုးရ တာဝန်ရှိသူများ၊ ရုပ်ရှင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များ၊ စာနယ်ဇင်းများ တက်ရောက်ခဲ့ကြသည်။ (၂၀၀၇) ခုနှစ်အတွက် အောင်ပွဲခံခဲ့သည့် ရုပ်ရှင်ဇာတ်ကားမှာ “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားဖြစ်ပြီး ပေးအပ် ချီးမြှင့်ခဲ့သည့် ဆု(၆)ခု အနက် (၅)ခုကို ထိုဇာတ်ကားမှ ဆွတ်ခူးနိုင်ခဲ့သည်။

အကောင်းဆုံး ဇာတ်ကားဆုကို “ကိုးဆယ်ဆ သာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားက ရရှိခဲ့ပြီး မင်းသား ကျော်ရဲအောင်က အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိသည်။ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကိုလည်း ထိုရုပ်ရှင်မှ မိုးဒီ ကပင် ဆွတ်ခူးနိုင်ခဲ့သည်။ အကောင်းဆုံး အသံဆုကို “ကိုးဆယ်ဆ သာလိမ့်မယ်”မှ စိန်မွတ္တား ကလည်းကောင်း၊ ဒါရိုက်တာဆုကို ထိုဇာတ်ကားအား ရိုက်ကူးခဲ့သည့် မောင်ယဉ်အောင် ကလည်းကောင်း ရရှိသွားသည်။

နာမည်ကြီးနေသည့် “ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီ”ကမူ ရုပ်ရှင်ဓာတ်ပုံဆု တဆုသာ ဆွတ်ခူးနိုင်ခဲ့ပြီး ထိုဇာတ်ကားမှ ဓာတ်ပုံပညာရှင် ကျောက်ဖြူ (ပဒေသာ) က ရရှိခဲ့ခြင်းဖြစ်သည်။ (၂၀၀၇) ခုနှစ်၊ အကယ်ဒမီဆု ပေးအပ်ချီးမြှင့်မှု အခမ်းအနား၏ ထူးခြားသော ဖြစ်ရပ်တခုမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုနှင့် အမျိုးသမီး ဇာတ်ပို့ဆုတို့ကို ရွေးချယ် ပေးအပ်ခဲ့ခြင်း မရှိသောကြောင့် ဆုယူ စင်မြင့်ပေါ်သို့ အမျိုးသမီး တဦးမှ တက်ရောက်ခွင့် မရခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုအခမ်းအနားသို့ တက်ရောက်ခွင့် ရှိသူတဦးမှ “စစ်အစိုးရ ယတြာ ချေသလော” တီးတိုး သဖန်းပိုး ပြောဆိုလျှက် ရှိကြောင်း အရပ်သတင်း သုံးသပ်လျှက် ရှိကြောင်းပြောဆို သွားသည်။

၂၀၀၇ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ရရှိသူများမှာ အောက်ပါ အတိုင်းဖြစ်သည်။

ဇာတ်ကားဆု – ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု – မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု – ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု – မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)

ရုပ်ရှင်ဓါတ်ပုံဆု – ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု – စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်) တို့ဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here