နိုင်ငံရေးဟု ထင်ရသော အမျိုး၊ ဘာသာ၊ သာသနာ

တိုင်းရင်းသား ဆိုသည်မှာဟု အရင် အနက် ဖွင့်ရမလား? တိုင်းရင်းသားများ၏ လက္ခဏာ များဟု ဆိုလေ ရပြန်မလား ? မသိ၊ လူမျိုး တမျိုးသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်း အစဉ်လာ များကို မြတ်နိုး တန်ဖိုးထားပြီး အသက်နှင့် ယှဉ်၍ ကာကွယ်ရသည်၊ ထိန်းသိမ်း ရသည်မှာ မွန်မြတ် လှသော အကျင့်ပေတည်း။

 ယုတ်စွဆုံး ဥပမာ ဥပမေယျ အရဆိုရလျှင် မွန်လူမျိုး ယောကျင်္ားလေး တယောက်က ကရင်လူမျိုး မိန်းကလေး တယောက်နှင့် အာဝါဟ ၀ိ၀ါဟ သဘောတရားဖြင့် လက်ထပ် ပေါင်းသင်းနေသည်ကိုပင် မိမိတို့ နိုင်ငံသားများ၏ ပတ်သက်ရာ အသိုင်းအဝိုင်းများ ကြားတွင်မူ ထိုသူတို့အား အမျိုးကို သစ္စာဖောက်သူ၊ အမျိုးအနွယ်ကို မစောင့်ရှောက်သူဟု ကဲ့ရဲ့ အပြစ်တင်ကြသည်၊ ငြိုငြင်ကြသည်။

ထို့အတူ မျိုးနွယ်စုသည် မိမိတို့ မျိုးနွယ် တိမ်ကော ပပျောက်သော ရန်မှ ကာကွယ်ခြင်း အလို့ဌာ မိမိတို့ အဝန်းအဝိုင်း အတွင်းသို့ အခြားမျိုးနွယ်များ စိမ့်ဝင် ပြန့်နှံ့လာသည်ကို မလိုလားပေ။ ထိုကဲ့သို့သော အပြုအမူများကို လုပ်ဆောင်မှ သာလျှင် အမျိုးကို စောင့်ရှောက်ရာ ရောက်၏။ အချုပ်အခြာကို စောင့်သိရာ ရောက်ပေ၏။ ယနေ့ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံ အကြားဒေသတွင် မြန်မာနိုင်ငံသားများ နည်းတူ ဘင်္ဂလားဒေရှ့်မှ လူမျိုး တချို့သည်လည်း ရိုဟင်ဂျာဟု ခေါ်ဝေါ်နေသော လူမျိုးများနှင့် အတူ ရောနှော နေထိုင်ကြသည်မှာ မည်သူမှ မငြင်းနိုင်ပေ၊ ထိုကဲ့သို့သော နှစ်ပေါင်းများစွာမှ နေထိုင်လာသော သူများ မဟုတ်ပဲ၊ ရွှေ့ပြောင်းလာသော သူများအား တိုင်းရင်းသား ရိုဟင်ဂျာဟု သတ်မှတ် ပေးရမည်လား? ။

လူသာလာပါ ဧည့်သည် မခေါ်လာပါနှင့် ဆိုသလို၊ ယခု အနေအထားက လူရော ဧည့်သည်ကိုပါ နိုင်ငံအတွင်း မူရင်းဌာနေ တိုင်းရင်းသား တခုအဖြစ် သတ်မှတ်ပေးရမည်ဟု တဖက်သတ် အော်နေသည်ကို လက်ခံနိုင်စွမ်း မရှိပေ၊ တကယ်လို့ မိမိလူမျိုးအား တိုင်းရင်းသား အဆင့်အတန်း ရရှိစေလိုလျှင် ထိုအဆင့်အတန်းနှင့် တန်သော အမျိုးနွယ်ကို ထိန်းသိမ်းခြင်း ဂုဏ်ကို စောင့်သိရမှ သာလျှင် တိုင်းရင်းသား အဆင့်အတန်းတခုကို ရရှိနိုင် ပေလိမ့်မည်။ ပမာပြုရသော် ပထမ ဖယောင်းတိုင်တွင် တောက်လောင်နေသည့် မီးတောက်အား ဒုတိယ ဖယောင်းတိုင်သို့ ကူးပြောင်း ထွန်းညှိလိုက်သော် ထိုမီးတောက်အား ပထမ မီးတောက်ကဲ့သို့ ဖြစ်ရမည် ဟု သင်ထင်ပါသလား? … မထင်ပါ၊

မြန်မာနိုင်ငံ၏ အနောက်ဖက် ဒေသတွင် ရှိသော ရိုဟင်ဂျာများကို တချို့သော သူများ ထောက်ပြကြသည်က သူတို့သည် နှစ်ပေါင်းများစွာ အတွင်းက နေထိုင်လာခဲ့သော သူများဖြစ်ကြောင်းနှင့် ဦးနု အစိုးရသည်လည်း ဒီလူမျိုးများ အပေါ် မူရင်းဌာနေ တိုင်းရေးသား အဆင့်အတန်းထက် မနိမ့်သော အခွင့်အရေးပေးခဲ့သည့် အဆိုပြုချက်ကိုလည်း စာရေးသူတို့ လက်ခံ၏။ အစွန်းမရောက်ပါ။ သို့သော် နှစ်နိုင်ငံ အကြားဒေသများ အနေအထားကို အောက်တွင် ဖေါ်ပြထားသော အိမ်နီးချင်း ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ် သည့် အခြေအနေများဖြင့် နှိုင်းယှဉ်ပြချင်သည်။

ရှေးပဝေသဏီ နှစ်ပေါင်းများစွာက နေထိုင်ခဲ့ကြသော လူများအား နိုင်ငံသား အတင့်အတန်း လက်ခံသည်ကို ထောက်ခံ၏။ သို့သော် နောက်ထပ် ထိုဒေသသို့ မျိုးနွယ်တူများ ရွေ့ပြောင်း ၀င်ရောက် လာသောသူများအား အဆင့်တူ မြန်မာနိုင်ငံသားဟု ခေါ်ဆိုရမည်လား? ရောထွေးခြင်း မရှိလိုက်ပါနဲ့၊ ခွဲခွဲခြားခြား သိမြင်စေချင်သည်။ အစွန်းတဖက်ကို ရပ်ပြီး လိုရာ ဆွဲပြော လာရင်တော့ ၀မ်းနည်ရပါ၏။ စစ်အစိုးရနှင့် သဘောထားချင်း နည်းနည်း ဆင်သဖြင့် စစ်အစိုးရ အားပေးသည်ဟု မထင်မှတ်လိုက်ပါနဲ့။ သေသည့်တိုင် အာဏာရှင် စစ်အုပ်ချုပ်ရေးကို လက်မခံပါ။ မှန်ကန်တဲ့ သဘောတရား တခုကို ချပြသည့် ဆန္ဒသဘောထားမှ လွဲ၍ ဆန္ဒဇော ဘာမှ မရှိပါ။ နောက်ပြီး ဗုဒ္ဒဘာသာဝင် တယောက်အဖြစ် မိမိယုံကြည်သည့် ဘာသာတရားကို ကာကွယ်ခြင်းဖြင့်လည်း သက်ဆိုင်ပါသည်။ လွတ်လပ်စွာ ကိုးကွယ်ခြင်းဆိုသော အမျိုးဘာသာကို ကာကွယ်သော သဘောထားဖြင့် မှန်ကန်သည်ဟု ထင်သော အနေအထားတခုကို တင်ပြခြင်း တခုသာ ဖြစ်သည်။

အခု တလော ရိုဟင်ဂျာတွေနှင့် ပတ်သက်ပြီး ထိုမျိုးနွယ်စုအား တိုင်းရင်းသားအဖြစ် လက်ခံခြင်းနှင့် လက်မခံခြင်းကို အွန်လိုင်း စာမျက်နှာများတွင် သဘောထား နှစ်မျိုး ကွဲလွဲနေသည်ကို တွေ့ရ၏။ လက်ခံသည့် သူများက ပါလီမာန် ဒီမိုကရေစီ လက်ထက်ကပင် ရိုဟင်ဂျာ လူမျိုးစုအတွက် လွှတ်တော်အမတ်များ ထားရှိခြင်း၊ မြန်မာ့အသံက ရိုဟင်ဂျာ ဘာသာ ထုတ်လွှင်ပေးခြင်း၊ ရှေးမြန်မာ ဘုရင်များထံ အမှုတော် ထမ်းရွက်ခြင်း စသော စသော အကြောင်းပြချက်များဖြင့် တိုင်းရင်းသားဟု ထောက်ခံ ပြောဆိုနေသည်။ ဒီနေရာမှာ တခု ထောက်ပြချင်သည်။ နိုင်ငံတခု အတွင်းမှ တိုင်းရင်းသားဟု ခံယူထားသော လူမျိုးအနွယ်စုသည် မိမိနှင့် အုပ်ချုပ်သူများ ပဋိပက္ခများ ဖြစ်ပွားနေလျှက် ပင်မူ အမျိုးနွယ်ကို စောင့်ရှောက်ခြင်း ဆိုသော နိုင်ငံတော်၏ အချုပ်အခြာကို ကာကွယ် စောင့်ရှောက်ကြသည်။ ဆိုလိုသည်မှာ မိမိတို့ အသိုင်းအဝိုင်း အတွင်းသို့ တခြားအခြားသော လူမျိုးများအား စိမ့်ဝင်ပျံနှံခြင်း၊ လူမျိုးရေးအရ ရောထွေးခြင်းများ မဖြစ်ခံခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရသည်။

ဤသို့သော အပြုအမူသည် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြကုန်သော မူရင်းဌာနေ တိုင်းရင်းသားများ၏ သမိုင်းပေး တာဝန်တရပ်ဖြင့် ကာကွယ် စောင့်ရှောက်မှသာလျှင် အချုပ်အခြာကို စောင့်သိခြင်း ဂုဏ်မြောက်မည် ဖြစ်သည်။ ယနေ့ ထိုဒေသအတွင်း လူဦးရေ တသောင်း ရှိသည် ဆိုပါစို့၊ ထိုဒေသ အတွင်းရှိ လူများသည် ရှေးမြန်မာ ဘုရင်များထံတွင် အမှုထမ်းခဲ့သူများ၊ ဦးနု အစိုးရ လက်ထက်က နိုင်ငံသားလက်မှတ် ထုတ်ပေးခဲ့သော သူများ အားလုံးတော့ မဟုတ်တန်ရာ၏၊ ဦးနေဝင်းအစိုးရ လက်ထက်ကလည်း စိမ့်ဝင်ပျံနှံမှုများ ရှိခဲ့သောကြောင့် ဒုတိယကမ္ဘာ့စစ် နောက်ပိုင်း ရောက်ရှိလာသော သူများကို နိုင်ငံသား ခံယူခွင့် မပေးခဲ့ပါဟု ဖတ်မှတ်ခဲ့ဖူးသည်။

” ၁၈၂၄ ခုနှစ်၊ ပထမ မြန်မာ အင်္ဂလိပ်စစ်ပွဲ အပြီးတွင် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်း သတ်မှတ်၍ အင်္ဂလိပ် ကိုလိုနီအတွင်းသို့ သွတ်သွင်းခဲ့သည်။ အင်္ဂလိပ် အုပ်ချုပ်စဉ် မှတ်တမ်းများအရ ၁၈၂၄ မှ ၁၉၄၈ လွတ်လပ်ရေးရသည့် အချိန်အထိ အင်္ဂလိပ် မှတ်တမ်းတွင်များတွင် ရိုဟင်ဂျာလူမျိုးဟု အသုံးအနှုန်း မတွေ့ရပေ၊ တဖန် စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး အရေးပိုင်မင်း မှတ်တမ်းများအရ ဤဒေသရှိ လူမျိုးများကို စစ်တကောင်းလူမျိုး ( စစ်တကောင်းနီးရန်း ) ဟုသာ ဖေါ်ပြသည်။ ဗြိတိသျှအစိုးရက ရိုဟင်ဂျာလူမျိုးဟု တခွန်းမှ ညွှန်းဆို မသွားသည့် အတွက် ကိုလိုနီခေတ်တွင်လဲ မရှိခဲ့ပေ၊ ထို့ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ပြောရလျှင် ထိုလူမျိုးသည် ကိုလိုနီခေတ်၌ မရှိဘူး၊ မရှိခဲ့ဘူး၊ ဖြစ်သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ ၁၈၂၃ခုနှစ် မတိုင်မှီက မြန်မာနိုင်ငံအတွင်း နေထိုင်သော လူမျိုးစုများကိုသာ တိုင်းရင်းသားလူမျိုးဟု သတ်မှတ်သည်ဟု ဥပဒေရှိနေပါသည်။ ဦးနု မိန့်ခွန်းများ၌ တိုင်းရင်းသားဟု ပြောဆိုခြင်း မရှိခဲ့ပါ၊ ၁၉၆၀ ခုနှစ် မူဂျာဟစ် သူပုန်များ လက်နက်ချသည့် အခမ်းအနား၌ ဦးဗဆွေ၊ ဗိုလ်အောင်ကြီး မိန့်ခွန်းများတွင်လည်း ရခိုင်ပြည်နယ်နှင့် တဖက်နိုင်ငံ နယ်စပ်မြစ်ဖြစ်သော နတ်မြစ်၏ ဟိုတဖက်ကမ်း ယခင် အရှေ့ ပါကစ္စတန် ( ယခု ဘင်္ဂလားဒေရှ် )အတွင်း လူမျိုးများသည် ရိုဟင်ဂျာလူမျိုးနှင့် ယဉ်ကျေးမှု ဘာသာ စကားတူသော လူများ နေထိုင်ကြသည် ဖြစ်သဖြင့် အတူတူဖြစ်ကြောင်း၊ တိုင်းရင်းသားဟု အသိအမှတ် ပြုခဲ့သည်ကို မတွေ့ခဲ့ကြောင်း ” သမိုင်း ပညာရှင် ဒေါက်တာ ဦးအေးချမ်းက ၆ ရက်နေ့၊ ဘီဘီစီ၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေး ကဏ္ဍတွင် သမိုင်းစာအုပ်များ ကိုးကားပြီး အမှန်ကို ထောက်ပြခဲ့သည်။

အင်ဒိုချိုးနား ကျွန်းဆွယ်ဟု ခေါ်ဆိုသည့် ဒေသ အစအတွင်းသို့ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူမျိုးစု အနွယ်ဝင်များသည် ရေကြည်ရာ မြက်နုရာဆိုသလို မျိုးနွယ်အလိုက် ပြောင်းရွေ့ နေထိုင်ခဲ့ကြသည်၊ ထိုကဲ့သို့ အတိုင်းအတာ တခုအထိ ကျယ်ဝန်းလှသော ဒေသအတွင်း လူမျိုး တမျိုးနှင့် တမျိုးဟာ မိမိတို့ အမျိုးအနွယ် အကျိုးစီးပွား အလို့ငှာ သူတပါး နယ်မြေများကို ကျူးကျော် တိုက်ခိုက်ပြီး ဩဇာအာဏာ တည်ဆောက်ကြသည်။ ဥပမာ။ ။ ပထမမြန်မာနိုင်ငံ ထူထောင်ခြင်း၊ ဒုတိယ မြန်မာနိုင်ငံထူထောင်ခြင်း။ မွန်လူမျိုးများ ကြီးစိုးသောခေတ်၊ ရှမ်းလူမျိုးများ ကြီးစိုးသည့် ခေတ်။ ထိုကာလများ၌ နယ်နမိတ် အကျယ်အဝန်း အမြောက်အမြားကို ပိုင်ဆိုင်သော လူမျိုးနွယ်တို့၏ စစ်တပ်တွင် ၎င်းလူမျိုး တမျိုးတည်းသာ ရှိခြင်းမဟုတ်ပါ၊ သုံပန်းအဖြစ် ဖမ်းဆီးရထားသော လူမျိုးခြားများ၊ လက်ဆောင် ပဏ္ဍာဆက် သစ္စာခံ လူမျိုးစုမှ ဆင့်ခေါ်ထားသည့် စစ်သားများ၊ တိုင်းပြည် ဩဇာ ကြီးထွားလာပြီး စီးပွားရေး ချောင်လည် လာသောကြောင့် ကမ္ဘာအရပ်ရပ်မှ ၀င်ရောက်ခဲ့သည့် တပါးသော လူမျိုးများ တိုသည့် အင်ပါယာ ဘုရင့်တပ်များတွင် အမှုထမ်း ခဲ့ကြသည်။

ထို မျိုးနွယ်စု၏ ခေါင်းဆောင် သို့မဟုတ် ဘုရင်တပါးထံ တပါးသော အရပ်မှ အနွယ်အစုများအား ကိုယ်ပိုင်စစ်တပ်တွင် သွတ်သွင်းခြင်းဖြင့် ဘုန်းလက်ရုံး တိုးသည်ဟု ထင်မြင်ခဲ့သည်။ ထိုခေတ်ကလည်း လူအင်းအားဖြင့် စစ်တိုက်ရသဖြင့် လူသူလေးပါး စုဆောင်း လက်ခံသည်မှာ မလွဲပေ၊ မြန်မာပြည် အလယ်ပိုင်းရှိ ရွှေဘို၊ ရေဦး၊ ပျဉ်းမနား၊ တပ်ကုန်း၊ စသောဒေသများမှ ဘုရင်ဂျီဘာသာဝင်များသည် ရှေးမြန်မာဘုရင်များ အာဏာထူထောင်စဉ်က အခစားဖြင့် မင်းမှုထမ်း နေထိုင်ခဲ့သော ပေါ်တူကီစစ်သားများ၏ မျိုးနွယ်စုလက်ကျန် ဘုရင်ဂျီဘာသာဝင်များကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။ နောက်ပြီး ရှမ်းပြည်နယ်တွင် ရှိသော အင်းလေးဒေသ၌ အင်းသားတို့သည် မြန်မာပြည် တောင်ပိုင်းဒေသဖက်က လူမျိုးနှင့် ဓလေ့တချို့ တူညီနေသည်ကို တွေ့ရသည်။

ထိုအင်းသားများသည် မိမိတို့၏ အမျိုးအနွယ် အတွင်းသို့ လူမျိုး များပြားလှသည့် ရှမ်းဒေသမှ လူမျိုးများ၏ ဓလေ့ ထုံးထမ်းများ မဝင်ရောက်နိုင်အောင် တမျိုး၊ လူမျိုးတမျိုး၏ ရောနှောခြင်းရန်မှ ကာကွယ်မှုဖြင့် တဖုံ၊ အမျိုးဂုဏ်ကို ယခုအထိ စောင့်ရှောက်နေသည်။ ထိုနည်းတူစွာ လူမျိုးနွယ် စောင့်သိခြင်း ဟူသည်ကို ဘုံရန်သူဖြစ်သော မြန်မာစစ်အစိုးရကပင် ရခိုင်လူမျိုးများ၏ လူမျိုးနွယ် စောင့်သိမှုအား တခုတ်တရ ချီးကျူးဖူး၏ ဆိုလိုသည်မှာ ရခိုင်မှာ ကုလားကို မယူ၍ ရခိုင်ကုလားဟု မရှိပဲ ရခိုင်ပြည်၌ နေသော ကုလားသာ ရှိသည်ဟု ရခိုင်လူမျိုးတိုင်း လက်မထောင် ပြောပြဖူးသည်၊ ဤထောက်ပြ ပြောဆိုချက်မှာ ဒေသတခု အတွင်းသို့ တပါးသော လူမျိုးများ ၀င်ရောက်လာ အခြေချလာပုံကို ပဒေသရာဇ်ခေတ်၏ အားနည်းချက် တခုအရ ထောက်ပြခြင်းသာ ဖြစ်သည်။

ထိုင်းနိုင်ငံ အရှေ့ဖက် နယ်စပ်တကျောတွင် တချို့သော မွန် ကရင် လူမျိုးသည် ထိုင်းနိုင်ငံ နယ်နမိတ် အတွင်း နှစ်ပေါင်းများစွာ ကပင် နေထိုင် လာခဲ့သောကြောင့် ထိုလူမျိုးအနွယ်များကို ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံသားနှင့် အဆင့်အတန်းနှင့် တူသည့် နိုင်ငံသားအဖြစ် ခံယူခွင့်ပေးခြင်း၊ တောင်ပေါ်သား ( ဒုတိယ နိုင်ငံသား အဆင့်အတန်း ) လက်မှတ်များ ထုတ်ပေးခဲ့သည်။ နိုင်ငံသားအဖြစ် ခံယူလိုက်သော သူသည် ထိုင်း လူမျိုးကဲ့သို့ ထိုင်း ဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံ အချုပ်အခြာ အာဏာကို သစ္စာ စောင့်သိမှသာလျှင် နိုင်ငံသား အဆင့်အတန်းနှင့် ညီမျှသည်။

နှစ်အနည်းငယ် ကြာလာသောအခါ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် စီးပွားရေး တိုးတက် ချောင်လည်လာသဖြင့် မြန်မာပြည်ဖက်မှ တိုင်းရင်းသားများ ထိုင်းနိုင်ငံအတွင်းသို့ တစစ ပျံ့နှံနေထိုင်လာသည်ကို ထိုင်း အစိုးရအနေဖြင့် ထိုသူများအား နှစ်ပေါင်းများစွာက နေထိုင်ခဲ့သူများနှင့် တတန်းစားတည်း မသတ်မှတ်ခဲ့ပေ၊ တချို့သော အဆက်အသွယ် ကောင်းမွန်သော သူများမှ သာလျှင် တောင်ပေါ်သားကဒ် ကိုင်ဆောင်ခွင့် ခံစားခွင့်သာ ရရှိခဲ့ကြရသည်။ ( ယနေ့ မြန်မာနိုင်ငံတွင် တရုတ်အနွယ်များ F.R.C ဟုခေါ်သော ဧည့်နိုင်ငံသား မှတ်ပုံတင် ရသကဲ့သို့ပင် )၊ သို့ပေမဲ့ ထိုသူများသည် ဘန်ကောက် ကဲ့သို့သော မြို့ကြီးပြကြီး အရပ်ဒေသများတွင် နေထိုင်ခွင် ့မရှိပါ၊ တွေ့ရှိပါက ဖမ်းဆီး အရေးယူခြင်း ခံရသည်။ ထို့ကဲ့သို သတ်မှတ်ခြင်း ခံလိုက်ရသော သူသည်လည်း ထိုင်းစကားနှင့် ထိုင်းစာကို တတ်မြောက်ခြင်းသာ မက ထိုင်းလူမျိုး အာဏာပိုင် တယောက်က အာမခံ ထောက်ခံချက် ပေးမှသာ ဒုတိယနိုင်ငံသား အခွင့်အရေးရှိသော တောင်ပေါ်သား လက်မှတ်ကို ကိုင်ဆောင်ရရှိ ခံစားနိုင်သည်။

စီးပွားရေးအရ ရွေ့ပြောင်း နေထိုင်သော သူများကို နိုင်ငံသား ခံယူပိုင်ခွင့် လုံးဝ မရရှိကြပါ၊ ထိုထက် အဆင့်နိမ့်သော အလုပ် လုပ်ခွင့် လက်မှတ်ကိုသာ ရရှိသည်။ ထို့အပြင် ထိုလက်မှတ် ကိုင်ဆောင်သူများအား ထိုင်းနိုင်ငံအတွင်း ကလေး မွေးဖွားခွင့်ကို အထူးတလည် တင်းကြပ် ထားပြန်ပေသည်။ ထိုင်းအခြေခံ ဥပဒေအရ ထိုင်းနိုင်ငံအတွင်း မွေးဖွားခဲ့သော ကလေးအား နိုင်ငံသားအဖြစ် ရယူခွင့် ရှိသော ဥပဒေက ရှိနေသောကြောင့် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသည့် ကိုယ်ဝန်ဆောင် မိခင်ကို ထိုင်းနိုင်ငံအတွင်း မွေးဖွားခွင့် မရရှိစေပဲ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း ခံရတတ်သည်။ ဤသည်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားများ အပေါ် ထားရှိသော လူဝင်မှုကြီးကြပ်ရေး မူဝါဒ သဘောထားတခု ဖြစ်သည်။

ထို့နည်းတူစွာ အမေရိကန် ပြည်ထောင်စုအတွင်း အကြောင်းမျိုးမျိုးဖြင့် အခြေချနေထိုင်သော သူတယောက်သည် နိုင်ငံသားအဆင့် မဟုတ်သောသူသည် အမြဲတမ်း နေထိုင်ခွင့်ကို အချိန်ကာလတခု စောင့်ဆိုင်းပြီးမှ သာလျှင် လျှောက်ယူခွင့် ရရှိသည်။ ထိုအမျိုးစားကို ဂရင်းကဒ်ဟု ခေါ်သည်။ ချွင်းချက် အနေဖြင့် ကံစမ်းမဲ ပေါက်ပြီး ရောက်ရှိလာသော သူကိုမှာမူ ထိုကဒ်ကို ရောက်ရောက်ခြင်း ကိုင်ခွင့်ပေးသည်။ ဂရင်းကဒ်ကို ကိုင်ဆောင်ခွင့် ရလိုက်သည်နှင့် တပြိုင်နက် ထိုသူအား နိုင်ငံသားဟု မသတ်မှတ်သေးပေ၊ နိုင်ငံအတွင်း အခြေချ နေထိုင်ခွင့်ဟူသော တရားဝင် နေထိုင်ခွင့်မျှသာ ခံစားခွင့် ရှိသည်။ နိုင်ငံသားများနှင့် တန်းတူ ရည်တူသည့် အခွင့်အရေး ဥပဒေများ အကျိုး မခံစားရပေ၊ ငါသည် အမေရိကန်နိုင်ငံသား တယောက်ဟု ပြောခွင့်မရပါ။

ထို နေထိုင်ခွင့် ရရှိသောသူသည် တခြားနိုင်ငံသို့ ပြောင်းရွေ့ခွင့် မရရှိပေ၊ အကယ်၍ နိုင်ငံတခု အတွင်း နေထိုင်ခွင့် ရသော တစုံတယောက် (သို့) အစုအဖွဲ့ တခုသည် တခြား နိုင်ငံသွား တရားမဝင် ၀င်ရောက်ခဲ့သော် လူဝင်မှု ဥပဒေ ပုဒ်မများဖြင့် ဆောင်ရွက် အပြစ်ဒဏ် ချမှတ်နိုင်သည်။ ထိုအပြစ်မှုကြောင့် လက်ခံထားသည့် နိုင်ငံကလည်း နိုင်ငံသားဖြစ်ခွင့်ကို လုံးဝ ပေးမည်မဟုတ်ပေ၊ နိုင်ငံတခု အတွင်းသို့ အလည်အပတ် သွားလျှင်တောင်မှ သက်ဆိုင်ရာ သံရုံးများသို့ ဗီဇာလျှောက်ရပြီး သူတို့ ခွင့်ပြုမှ ထိုနိုင်ငံအတွင်းသို့ ၀င်ရောက် လည်ပတ်ခွင့် ရသည်၊ ရမည်။ ထို့အတူ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံအများအပြားတွင်လည်း လူဝင်မှုကြီးကြပ်သည့် အခြေအနေအား ဤသို့ ဤပုံ ပြုလုပ်နေသည်ကို တွေ့ရသည်မှာ နိုင်ငံတကာ မူတခုအနေဖြင့် ကမ္ဘာက လက်ခံနေသည်ကို တွေ့ရသည်။

ထပ်တိုး နောက်တခု ပမာပေးချင်သည်က သီရီလင်္ကာတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည်လည်း နိုင်ငံရေး ပြဿနာထက် အမျိုး ဘာသာ သာသနာက ရှေ့တန်းက ရှိနေတဲ့ ပြဿနာပါ၊ အိန္ဒိယ တောင်ပိုင်းတွင် နေထိုင်သော ဘာသာခြား တမီးလ်ပြည်နယ်ကြီးကို ကျောထောက် နောက်ခံပြုပြီး သီရီလင်္ကာ အတွင်းရှိ တမီးလ် လူမျိုးများက တိုင်းပြည် တောင်းနေခြင်း ဖြစ်သည်ဟု ထင်၏။ ထိုသည်လည်း အိန္ဒိယ နိုင်ငံခြားရေး မူဝါဒကြောင့်ဟု ဆိုရပေမည်။ နောက်ပြီး ကျွန်းနေ သီရီလင်္ကာ လူမျိုးအနေဖြင့်လည်း ကုန်းမကြီးမှ လူမျိုးကြီးတခု ၀ါးမြှိုသည့် ရန်မှ ကာကွယ်နေခြင်း ဖြစ်သည်ဟု ထင်၏။

ကမ္ဘာ့တွင် ထေရဝါဒ လက်ခံသည့် နိုင်ငံ လက်ချိုး ရေတွက်လို့ ရသည့် အနေအထား တခုကိုပင် ဖြစ်နေသည်၊ သင်သည် ကမ္ဘာ့ မြေပုံတချပ်ကို စိတ်ထဲ အာရုံသွင်းလိုက်ပါ၊ ထေရဝါဒ ကိုးကွယ်နေသော နိုင်ငံ နယ်နမိတ်ကို စိတ်ကူးဖြင့် ကြည့်လိုက်ပါ မြင်နိုင်၏။ တတ်နိုင်သည့်ဖက်က ကာကွယ်ပြောဆို ပါရစေ၊ အခုလို ရိုဟင်ဂျာလှေစီး ဒုက္ခသည်များအား ထိုင်းအစိုးရ အနေဖြင့် လက်မခံ လိုက်သည်ကလည်း ထိုပြဿနာ၏ ရင်းမြစ် ထိပ်က ပါ၀င်နေသည်ဟု ထင်မြင်ပါ၏။ ထိန်းသိမ်းခွင့် ပေးပါ၊ အေးချမ်းစွာဖြင့် တည်ဆောက်ထားသည့် ဘာသာတရား တခုဟာ ကမ္ဘာ့သမိုင်းတွင် မပျောက်ကွယ်လိုသည့် ဆန္ဒသည် ထေရဝါဒ ဗုဒ္ဒဘာသာတိုင်း၏ တာဝန်ဖြစ်သည်။ တပါးသော ဘာသာတရားများကို စည်းရုံး သိမ်းသွင်းခြင်း တိုက်ဖျက်ခြင်း ပုတ်ခတ်ခြင်း အလျင်းမရှိသော အေးမြလှသည့် ထို ဘာသာတရားလေးကို ကိုးကွယ် ရှင်သန်ခွင့်ပြုပါ၊ ဤ ရိုဟင်ဂျာ ပြဿနာသည် ၀ါးမြှိုခြင်းဆန်သည့် အပြုအမူ တခုဖြစ်လိမ့်မည် ထင်၏၊ လတ်တလော အနေအထားကို ထောက်ရှု့ ပြောဆိုခြင်း မဟုတ်ပါ၊ နောက်နှစ်ပေါင်းများစွာ လာလတ္တံသည့် အချိန်ကာလများတွင် ကြီးမားသော အကျိုးအဆက်ကို တွေးမြင်နေမိ၏။

မြန်မာ၊ လော၊ သီရီလင်္ကာ၊ ကမ်ပူးချား နှင့် ထိုင်း နိုင်ငံများတွင်သာ တွေ့မြင်နေရသည့် ထေရဝါဒ နေရာကလေးသည် ကမ္ဘာ့မြေပြင် ရေပြင်တို့နှင့် နှိုင်းယှဉ်ကြည့်လိုက်ရင် ကွင်းကွင်းကွက်ကွက်လေးသာ ကျန်နေတော့သည်။ နောင်တွင် ထေရဝါဒ ရှေ့တန်း အမာခံနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် သီရီလင်္ကာ နိုင်ငံများတွင် ထိုပြဿနာသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်သော ပဋိပက္ခများဖြင့် ကြံုကြရမည် ဆုံကြရမည် မလွဲပါ။ ထို့ကြောင့် သတိပြု စောင့်ရှောက်ခွင့် ပေးသနားတော်မူပါ၊ လူမျိုးကြီး တမျိုးသည် လူမျိုးငယ်များ အပေါ်တွင် ထားရှိသည့် သဘောထား အပြုအမူကဲ့သို့ ကမ္ဘာ့ဘာသာကြီး ဖြစ်သော ဘာသာတခုက ၀င်ရောက် ထိုးဖေါက်နေသလို ခံစားမိပါသည်။ ဘာသာရေး ပဋိပက္ခ တခုအား ဖေါ်ဆောင်လိုသည့် အနေအထားဖြင့် ရေးသားရခြင်း မဟုတ်ရပါကြောင်း ကြိုတင် တောင်းပန်သမှု ပြုသည်၊ မိမိကံကြမ္မာ မိမိ ဖန်တီးခွင့်ဆိုသော ဘောင်အတွင်းမှသာ မိမိ သဘောထား အမြင်ကို ထင်သာ မြင်သာ လှစ်ဟပြသည့် စိတ် စေတနာတခုပါ။

တခါတရံတွင် လူမျိုးကြီးတမျိုးမှ ကျဉ်းမြောင်းသော လူမျိုးရေး အမြင်ရှိသည့် လူတယောက်က တိုင်းရင်းသားများကို ဒုတိယ နိုင်ငံသား အဆင့်တန်းလောက်သာ သဘောထားရှိသလို၊ အာဏာ ရှိသူများသည် သူတို့ကပဲ ပြည်ပနှင့် ဆက်ဆံခွင့် အထူးကို ရနေသကဲ့သို့ အတိုက်အခံများကို ပြည်ပ အားကိုးဆိုပြီး ဆောင်ပုဒ်မျိုးဖြင့် ထိုးနှက် တိုက်ခိုက်သလို၊ အခုလည်း အမျိုးဘာသာ သာသနာအတွက် ကာကွယ် ရေးသားနေသော သူများကို ဘာသာရေး ပဋိပက္ခ တခုအဖြစ် ဖန်တီးနေသယောင်ယောင် တရားခံရှာ ရေးသားနေသည်မှာ စိတ်ပျက်စွာ တွေ့မြင်နေရသည်။ ပြဿနာကို အစပျိုးလာသူက မည်သူဖြစ်သနည်း? ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို မည်သူက စတင် ချိုးဖောက်လာသနည်း? ထို့ကြောင့် ထေရဝါဒ ဗုဒ္ဒဘာသာအား နောက်လာမည့် မိမိတို့၏ မျိုးဆက်များကို ဆက်လက် ထိတွေ့စေချင် လိုသောကြောင့် မေးလိုက်ပါရစေ..? မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် မပေးတော့ဘူးလား…?

ဘလော့ဂ်ဂါ လူလ

ရွှင်လန်း ချမ်းမြေ့ပါစေ…

LEAVE A REPLY

Please enter your comment!
Please enter your name here