မြန်မာ ဒုက္ခသည်များအား ပြန်လွှတ်ပေးရန် ထိုင်းအစိုးရသို့ ဂျိုလီပန်ကြား

alt

ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီက ထိုင်းနိုင်ငံ အစိုးရ အနေနှင့် နိုင်ငံတွင်း ဖမ်းဆီး ထိမ်းသိမ်း ထားသော မြန်မာ ဒုက္ခသည်များကို ပြန်လွှတ် ပေးပါရန် ယမန်နေ့က ပန်ကြား တောင်းဆို လိုက်သည်။

 ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဘန်မိုင် နိုင်ဆွိုင် အရပ်ရှိ လူပေါင်း ၁၈၀၀၀ ကျော်ရှိသော ဒုက္ခသည် စခန်းသို့ ဇန်နဝါရီလ (၄)ရက်နေ့က အလည်အပတ် ရောက်ရှိခဲ့စဉ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အာဏာပိုင်များသည် မြန်မာ ဒုက္ခသည် (၅၀၀၀) ကျော်ခန့်အား ထိုင်းနိုင်ငံအတွင်း ဖမ်းဆီး ထိန်းသိမ်းထား နိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ဂျိုလီက နိုင်ငံရေး သဘောတရားများကို ဘေးဖယ်ပြီး လူသားချင်း စာနာသော စိတ်ဓာတ်ဖြင့် ဖမ်းဆီး ခံထားရသူများကို လွှတ်ပေးပါရန် ထိုင်းအစိုးရအား တောင်းဆိုလိုက်သည်။

မြန်မာနှင့် ထိုင်း နယ်နိမိတ်တလျှောက် မှတ်ပုံတင်ထားသည့် ဒုက္ခသည် ဦးရေ ၁သိန်း ၁သောင်းကျော်ခန့် ရှိနေကြပြီး အဆိုပါ စာရင်းတွင် မပါ၀င်သည့် မြန်မာများကို ထိုင်း အာဏာပိုင်များက တရားမဝင် ပိုင်နက်အတွင်း ဝင်ရောက် ကျူးကျော်မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျိုလီက မည်သည့် အခြေအနေတွင် မဆို လူသားများ၏ လွတ်လပ်ခွင့်နှင့် အသက်ရှင် ရပ်တည်မှုကို လေးစားသင့်ကြောင်း၊ ထိုင်းနိုင်ငံတော် အစိုးရသည်လည်း အဆိုပါ အခြေအနေကို မျက်ကွယ် မပြုသင့်ပါကြောင်း ထောက်ပြ ပြောကြားသွားကာ၊ ထိုင်း အစိုးရအနေဖြင့် ဒုက္ခသည်များဆိုင်ရာ အထူးသံအမတ်ဖြစ်သူ သူမနှင့် အတူလက်တွဲ အလုပ်လုပ်နိုင်မည်ဟု မျှော်လင့် ထားပါကြောင်း၊ ဒုက္ခ ရောက်နေသူများအား အန္တရယ်များလှသော ဋ္ဌာနေသို့ အတင်းအကြပ်ပြန် မပို့ရန် အထူး မေတ္တာရပ်ခံလိုက်သည်ဟု သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here