သက်ဆင် နိုင်ငံရေး လောကထဲ ပြန်လာမည်ဟု ကြံုးဝါး

alt

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ္ထရာ က ၎င်းသည် တရား မျှတမှုနှင့် ၎င်းကို အားပေးထောက်ခံသည့် ပြည်သူများအတွက် နိုင်ငံရေး လောကအတွင်း တကျော့ပြန် ၀င်ရောက် လာဦးမည်ဟု ယမန်နေ့က မီဒီယာများသို့ အသိပေးခဲ့သည်။

 ပွာထိုင်း ပါတီဝင်များနှင့် တယ်လီဖုန်း ဆွေးနွေးမှု ပြုလုပ်ပြီးနောက် သက်ဆင်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မူလက ၎င်း၏ လက်တွင် စွန်းထင်နေသော နိုင်ငံရေး အညစ်အကြေးများကို အပြီးတိုင် ဆေးကြော ပစ်တော့မည်ဟု ပြောကြား ထားသူဖြစ်သည်။

ဖေဖော်ဝါရီလ (၂)ရက်နေ့က သက်ဆင်၏ ကြေငြာမှုကြောင့် ထိုင်း နိုင်ငံရေးတွင် အပြောင်းအလဲ တစုံတရာ ပေါ်ပေါက်လာဖွယ် ရှိကြောင်းလည်း ထိုင်းနိုင်ငံရေး အကဲခတ်များက သုံးသပ် ပြောဆိုထားသည်။ သက်ဆင်က ၎င်းသည် အမှန်တရားအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။ ၎င်းအနေနှင့် မူလက နိုင်ငံရေးနှင့် ကင်းကင်းနေရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်း မကျူးလွန်သော ပြစ်မှုများအတွက် အစွပ်စွဲ ခံရခြင်းသည် အသည်းနာစရာ ဖြစ်ရသည်ဟု ယူဆမိ သဖြင့် ၎င်း၏ အတိုက်အခံများကို တိုက်ပွဲဝင်ရန် နိုင်ငံရေး လောကသို့ ခြေချ လာဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သက်ဆင်သည် လာဘ်စားမှု များကြောင့် ထိုင်းတရားရုံးမှ ၀ရမ်းထုတ်ပြီး ထောင်ဒါဏ် ချမှတ်မှု ခံထားရသော်လည်း ၎င်းကိုယ်တိုင်ကမူ မည်သည့် အရာကိုမျှ ကြောက်ရွံ့နေမည် မဟုတ်သလို မည်သည့် အကြောင်းကြောင့်မှ နောက်မဆုတ်ဟု ကြေငြာထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here