အရှေ့တောင် အာရှ ဘိန်းထွက်ရှိမှု ပိုမို များပြားလာ

ကုလသမဂ္ဂ မူးယစ်ဆေးဝါး မှုခင်းဌာနမှ ထုတ်ပြန်ချက် အရ အရှေ့တောင် အာရှတွင် ဘိန်း စိုက်ပျိုးနေမှုမှာ တဖြည်းဖြည်း တိုးများ လာနေဆဲဖြစ်ပြီး အဆိုပါ ဒေသအတွင်း မြန်မာနိုင်ငံတွင် အသိသာဆုံး ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

သီးနှံ စိုက်ခင်းများအတွင်း ဘိန်းကို ရောနှော စိုက်ပျိုးလျှက်ရှိပြီး ဘိန်း အထွက်နှုန်းမှာလည်း တိုးပွားလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ကြေငြာသည်။ အရှေ့တောင် အာရှတွင် (၂၀၀၈) ခုနှစ်အတွင်း ဘိန်းစိုက်ဧက ဟက်တာ(၃၀၀၀၀) ကျော်ထိ ရှိခဲ့ကြောင်း၊ သို့သော်လည်း အခြားသော သီးနှံများနှင့် ရောနှောပြီး ပုန်းလျှိုးကွယ်လျှိုး စိုက်ပျိုးမှုကြောင့် ယခု ခန့်မှန်းသည်ထက် ပိုမို များပြားလာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အဆိုပါ ပမာဏသည် (၂၀၀၆) ခုနှစ် စစ်တမ်းထက် (၂၆) ရာခိုင်နှုန်း တိုးပွား လာခြင်းဟုလည်း သိရသည်။ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်ကြောင်းလည်း အရှေ့အာရှနှင့် ပိစိဖိတ်ဒေသ ဆိုင်ရာ လုံခြံုရေး အရာရှိ ဂယ်ရီလီးဝစ်က ၀န်ခံခဲ့သည်။

သီးနှံ စိုက်ခင်းနှင့် ဘိန်းခင်းကို ခွဲခြားရန် အလွန် ခက်ခဲလာနေမှုသည် အဓိက ပြဿနာဖြစ်ပြီး (၁၉၉၈) ခုနှစ်မှ (၂၀၀၆) ခုနှစ်အတွင်း အရှေ့တောင် အာရှတွင် သီးနှံစိုက်ပျိုးသော မြေနေရာ (၈၃) ရာခိုင်နှုန်းထိ ထိုးကျသွားကြောင်း လီးဝစ်က ဆိုသည်။ ကုလသမဂ္ဂ စစ်တမ်းအရ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ဘိန်းစိုက်ဧက တဖြည်းဖြည်း တိုးပွား လာနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here