တော်လှန်ရေး အကြောင်း ….?

“တော်လှန်ရေးကြီး ဘာကြောင့် မအောင်မြင် ရသေးသလဲ” ဆိုတဲ့ စကားမှာပဲ တော်လှန်ရေး မပြီးဆုံးသေး ဘူးလို့ အဓိပ္ပာယ် ပါဝင်နေပြီး ဖြစ်ပါတယ်။ ဒါကြောင့် မပြီးသေးတဲ့ တော်လှန်ရေးမှာ အဆုံးသပ် ပွဲပြီးတဲ့ အရှံုးအနိုင်ကို ကြိုပြောလို့ မရနိုင်သေးပါဘူး။

ဒါပေမယ့် “မအောင်မြင်သေး” ဆိုတဲ့ စကားအရ တော်လှန်ရေးရဲ့ ဖြစ်စဉ်တခုခုကို စမ်းကြည့် ခဲ့ဖူးတယ် ဆိုတာ ကတော့ ထင်ရှားနေပါတယ်။

တော်လှန်ရေး ဖြစ်လာအောင် လူတွေက ရည်ရွယ်ချက်နဲ့ လုပ်ပုံ လုပ်နည်းကို ပေါင်းစပ် ယူလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှု တခုခုကို ရယူချင်လို့ ဖြစ်ပြီး လုပ်ပုံ လုပ်နည်းမှာတော့့ အဆင့်ဆင့် အကြိမ်ကြိမ် လုပ်ယူရတာမျိုး ဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်ပြီး ပြောင်းလဲယူမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း တော်လှန်ရေး ဆိုတာ ရှိပါတယ်။ သေနတ်တချက်မှ ပစ်ဖောက်တာ မရှိပါဘူး။ မိသားစုထဲမှာ တော်လှန်တာက အစ နိုင်ငံတခု အတွင်းမှာ တော်လှန်တာ အထိ တော်လှန်ရေးပေါင်းစုံ ရှိပါတယ်။ ဒီ့ထက်တောင် ရှိတာက ကမာ္ဘ့နိုင်ငံရေး စနစ်ကြီးတွေမှာ ဖြစ်ပါတယ်။

ကွန်မြူနစ် စနစ်ကို ကမာ္ဘပေါ်မှာ ပြန့်နှံ့သွားအောင် တချိန်က ကြိုးပမ်းတာ တွေဟာ တော်လှန်ရေး တရပ်ပါ။ ကမာ္ဘ့အင်အားကြီး ဆိုဗီယက်က ဦးဆောင်ပြီး လုပ်တာတောင် မအောင်မြင် နိုင်ခဲ့တဲ့ သက်သေတွေ အများကြီး ရှိနေပါတယ်။

ကနေ့ ခေတ်မှာလည်း ဒီမိုကရေစီ စနစ်ကို ကမာ္ဘ့နိုင်ငံတွေမှာ ကျင့်သုံး လာရအောင် ဝိုင်းဝန်းကြိုးပမ်း နေကြပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲဖို့ လုပ်ကြတာဟာလည်း တော်လှန်ရေး တရပ်ပါပဲ။ အခုချိန်မှာတော့ အဆုံးသပ် အောင်ပွဲကို မရသေးပါဘူး။ ကမာ္ဘ့နိုင်ငံများ အားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့နေ့ဟာ ဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးတဲ့နေ့ ပါပဲ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ် မရတော့တဲ့ မှတ်တမ်းတခုမှာ ကမာ္ဘ့နိုင်ငံ အားလုံးအနက် (၃)နိုင်ငံက လွဲပြီး မိမိတို့ နိုင်ငံဟာ “ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ အညီ ဖြစ်ပါတယ်” လို့ ကြေညာထား ကြတာကို အင်္ဂလိပ်လို ဖတ်မိပါတယ်။ ဗဟုသုတ အနေနဲ့ပြောရရင် အဲဒီ မကြေညာနိုင်သေးတဲ့ (၃)နိုင်ငံကတော့ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ကျနော်တို့ရဲ့   ရွှေမြန်မာ နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။

ဒီအတိုင်းဆိုရင် ကမာ္ဘပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ရွှေမြန်မာ နိုင်ငံမှာလည်း ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးပါဘူး။

ကိစ္စတခုဟာ အများအကျိုးအတွက် တကယ်တမ်း ထိုက်တန်တဲ့ တန်ဖိုးတခုကို ပေးဆောင် နိုင်တယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးသေးရင် ပြီးအောင် လုပ်ရမှာက တာဝန် တရပ်ပါပဲ။

  • ဘယ်သူတွေ တာဝန်ယူ မလဲ?
  • တာဝန် ယူသူတွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ?
  • ဘာတာဝန်တွေ ယူကြမှာလဲ?
  • တာဝန်တွေကို ဘယ်လို ခွဲဝေထားကြ မလဲ?
  • ဒီတာဝန်တွေ လုပ်ဖို့ အရည်အချင်းတွေ ဘယ်လို မြှင့်တင်ပေး မလဲ?
  • အရည်အချင်း ရှိသူတွေ ရလာပြီဆိုရင် ဘယ်နေရာတွေမှာ တာဝန် ထမ်းဆောင်စေမလဲ?

ဒီမှာတင်ပဲ မေးခွန်းတွေက များလာပြီး လေးလေးနက်နက် တွေးလေ၊ ပိုပြီး နက်ရှိုင်းလေ၊ လုပ်စရာတွေ များလေ ဖြစ်နေပါပြီ။

ကြီးကြီးကျယ်ကျယ် ဆိုပေမယ့် စနစ်ကျအောင် လုပ်နိုင်ရင် ကောင်းတာမို့ “မဟာဗျူဟာ” ဆိုတာ ရှိရပါ တော့မယ်။ ဒါဆိုရင် မဟာဗျူဟာ ရေးမယ့်သူတွေ၊ အကောင်အထည် ဖော်မယ့်သူတွေ လိုအပ်လာပါပြီ။ တဆက်တည်းမှာပဲ “နည်းဗျူဟာ”တွေ ပါလာတော့မယ်။ လေ့ကျင့် ရတော့မယ်။ လေ့ကျင့်ဖို့ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မှန်းရ လွယ်သလောက်၊ ထားရ လွယ်သလောက် လက်တွေ့မှာ လုပ်ရတဲ့ နည်းလမ်းနဲ့ အားထုတ်ပုံတွေက အများကြီး ပိုခက်ရုံမက ပိုပြီး ကြန့်ကြာ တတ်ပါတယ်။

အားမလို အားမရ ဖြစ်လွန်းလို့ အချိန်မတန်ပဲ ထ,လုပ်လိုက်ရင် ဟိုး အရင် မြန်မာ ဘုရင်ခေတ်တွေက အစည်းပြေနေတဲ့ ဝါးတချောင်းချင်းနဲ့ အင်္ဂလိပ် နယ်ချဲ့ကို လိုက်ရိုက်နေသလို ဖြစ်နေမှာပါပဲ။

တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ အင်မတန် ကောင်းတဲ့ သမိုင်း အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒါကို မငြင်းနိုင်အောင် ရှိပေမယ့် တော်လှန်ရေးနဲ့ ဆိုင်တဲ့ တန်ဖိုးတခုခု အမြတ်မထွက်ပဲ ပေးဆပ်လိုက်ရတာ တော်လှန်ရေး အတွက် နစ်နာ ဆုံးရှံုးမှုတခုလည်း ဖြစ်နေ ပြန်ပါတယ်။

မြန်မာ ့ဒီမိုကရေစီ တော်လှန်ရေး ဆိုတာက ကမာ္ဘ့ ဒီမိုကရေစီ တော်လှန်ရေးနဲ့ တဆက်တည်း တစပ်တည်း ဖြစ်လို့ ကမာ္ဘ့ ရေစီးကြောင်းနဲ့အတူ လိုက်သွားဖို့လည်း ရှိပါတယ်။ စံနမူနာတောင် ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။

တော်လှန်ရေး တရပ် ဖြစ်ပေါ်လာနိုင်ဖို့ မခံမရပ်နိုင်တဲ့ အကြောင်းရင်းတခု ရှိနေရပါမယ်။ ပြီးရင် အဆင့် (၄)ခုနဲ့ ဖြတ်သန်းရပါတယ်။ အဓိက အကျဆုံး အချက်ကတော့ လူထုက ပါဝင် ထောက်ခံ အားပေးတာ ရှိနေရပါတယ်။

လူထု ဆိုတာ အာဏာနဲ့ နောက်ထပ် အမိန့်ပေးတာ မခံရတော့တဲ့ ခေါင်းဆောင်နဲ့ သူ့အလိုကို လိုက်ပြီး လုပ်ပေးနေကြတဲ့ လူတစုက လွဲ၍ ကျန်နေသူ အားလုံးကို ခေါ်ပါတယ်။ ဒါကြောင့် အစိုးရ ဝန်ထမ်းတွေနဲ့ တကွ တပ်မတော်သားတွေ၊ ရဲတွေလည်း လူထု ဖြစ်ပါတယ်။

အကြောင်းရင်းတွေမှာ အဓိက အချက်က မတရားတာကို သီးမခံနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ အမျိုး-ဘာသာ- သာသနာကို ထိခိုက် စော်ကားတာကို လက်မခံ နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစိုးရကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။

ဘယ်လိုပဲ အကြောင်းရင်းပဲ ဖြစ်ဖြစ် ပထမဦးဆုံး အဆင့်မှာ သဘောမကျ ဆန့်ကျင်သူတွေ တဦးချင်း ကနေ၊ တဖြည်းဖြည်းနဲ့ လူစုလူဝေး ပုံစံမျိုးအထိ ထွက်ပေါ် လာကြပါတယ်။ သူတို့ဟာ တက်ကြွ လှုပ်ရှားသူတွေပါပဲ။

လူစုလူဝေးက တညီတညာတည်း ကန့်ကွက် တောင်းဆိုတာတွေ ဖြစ်လာရင် ပုံမှန် လှုပ်ရှားနေတာတွေဟာ ထူးခြားတဲ့ အရှိန်တခုနဲ့ အလျင်အမြန် ပြောင်းလဲ သွားရုံမက ငြိမ်နေတာတွေလည်း နိုးကြား လာပါတယ်။ လူထု ထောက်ခံမှုကို တဖြည်းဖြည်း စရလာပါတယ်။ အစိုးရ ဆန့်ကျင်တဲ့ နိုင်ငံရေး သမားတွေလည်း ပါဝင်လာကြပါတယ်။

အဲဒီလို ဖြစ်တာတွေ များလာရင် တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အားပေး ထောက်ခံတဲ့ လူထုဟာ သူတို့ရဲ့ နေ့စဉ် ပုံမှန်ကိစ္စတွေကို အဖျက်ခံပြီး အရှိန် ကောင်းသထက် ကောင်းအောင် ကြိုးပမ်း လာတာကြောင့် အစိုးရ ယန္တယားဟာ ထိန်းမနိုင် သိမ်းမရနဲ့ စပျက် လာပါတော့တယ်။

အစိုးရလို့ ခေါ်တဲ့ လူတွေကလည်း ဒါကို မဖြစ်ဖြစ်အောင် ဖြိုခွဲ နှိပ်ကွပ်တတ်ကြပါတယ်။

အဲဒီလို ဖြိုခွဲ နှိပ်ကွပ်နေတာတောင် တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုဘက်မှာ အင်အား၊ စိတ်ဓါတ်၊ နည်းပညာအပြင် အခြားပ့ံပိုးမှုတွေ အလုံအလောက် ရှိနေသေးတယ် ဆိုရင် တော်လှန်ရေး တရပ်ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပဲ လူထ ုကြားထဲကနေ မွေးဖွား ပေးလိုက်နိုင် ပါတော့တယ်။

ဒါက လူထုနဲ့ လူထုကို မကြိုက်တဲ့ အစိုးရ အကြား တော်လှန်ရေးတရပ် ပေါ်ပေါက်လာပုံပါ။

လွင်အောင်စိုး (၂-၂-၂ဝဝ၉)

LEAVE A REPLY

Please enter your comment!
Please enter your name here