လက်ခုပ် တီးမလား? ဒါမှမဟုတ် လက်ဖျောက် တီးမလား?

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တကွ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား ကို်ယ်စားလှယ်တွေ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဟာ

နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဆိုပြီး န.အ.ဖ စစ် အစိုးရနဲ့ အကျိုးရှိရှိ တွေ့ဆုံ ဆွေးနွေးကြဖို့တောင်းဆိုတာ၊ ကမ်းလှမ်းတာ၊ တိုက်တွန်းတာ၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ချပေးတာ စတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပမှာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့ကြ ပါတယ်။

 ဒါကို ကြည့်လိုက်ရင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တာဝန်ရှိသူတွေ သက်ဆိုင်သူတွေ  အားလုံးမှာ တွေ့ဆုံ ဆွေးနွေးဖို့ လမ်းကလွဲပြီး အခြားမရှိဘူး။ ဒါမှ မဟုတ် အဆင်သင့် မဖြစ်သေးဘူး ဆိုတာ အတိအလင်း ဖော်ပြနေပါတယ်။

ဘယ်လိုပဲ ကြိုးပမ်းနေခဲ့ ပေမယ့်လည်း အခုအချိန်ထိ မအောင်မြင်ရသေးတာ ကတော့ “န.အ.ဖ”လို့ အမည် တပ်ထားတဲ့ စစ်အာဏာရှင် လူတစုကြောင့် ဖြစ်တယ်လို့ ရာနှုန်းပြည့် လက်ညှိုးထိုးလို့ ရတဲ့အထိ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။

တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တန်ဖိုးရှိလှတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ တောင့်တတဲ့ ဒီမိုကရေစီကို ခံစားနိုင်ဖို့ အရေးထက် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သူတို့ရဲ့ အသက်၊ သွေး၊ ချွေးနဲ့ အချိန်ကို အဆမတန် ရင်းနှီးပေးဆပ်ရင်း နေလာခဲ့ကြရတာက အနည်းဆုံး ၁၉၉ဝ ရွေးကောက်ပွဲ ပြီးကတည်းကပါ။ အဲဒီအရင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကတည်းက ပြတ်ပြတ်သားသား ရှိခဲ့တဲ့ လူထုရည်မှန်းချက် ကတော့ ဒီမိုကရေရစီ ရရှိရေး ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေဟာ အဲဒီမူလ ရည်မှန်းချက်ကနေ တဆင့်လျှော့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ရည်မှန်းချက်ကို မျှော်လင့်ချက် နည်းနည်းနဲ့ လုပ်နေရပြီလို့ ယူဆရပါတယ်။ ဒီမိုကရေစီ ရရှိဖို့ အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံရမယ်ဆိုတဲ့ ရေရှည် အကျိုးကိုကြည့်ပြီး အကောင်းဘက်က တွေးခဲ့ကြတဲ့ အတိုင်း မူလရည်မှန်းချက်ကို တဆင့် လျှော့ခဲ့ကြတယ်လို့ သုံးသပ်စရာ ဖြစ်လာပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လမ်းစ ရှာမတွေ့နိုင်အောင် ချုပ်ကိုင်ထားတဲ့ န.အ.ဖဟာ ဘာတွေ လုပ်ထားနိုင်လို့ သူတို့ ရပ်တည်ချက်ကို ပြောင်းလဲ မသွားသလဲဆိုတာ သုံးသပ် ခန့်မှန်းရပါမယ်။ တကယ်လို့ သုံးသပ် ခန့်မှန်းနိုင်ပြီဆိုရင် တစုံတရာ အကျိုးရှိချင ်ရှိနိုင်ပါမယ်။

မြန်မာ နိုင်ငံတွင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင် ကန့်ကွက်တယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက်နဲ့ မားမားမတ်မတ် ရပ်တည် ဟစ်ကြွေးနေသူ တဦးမှ မရှိပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုမျိုး အကျိုးယုတ်စေမယ့် လမ်းညွှန် တိုက်တွန်းချက်တွေကို လုပ်ဆောင်နေခဲ့တာ မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အသံတိတ် ဆန့်ကျင် ကန့်ကွက်နေတာကတော့ န.အ.ဖ စစ်အာဏာရှင် အစိုးရနဲ့ သူ့ကိုမှီပြီး စီးပွားဖြစ်နေကြတဲ့ ပြည်တွင်းပြည်ပ ကိိုယ်ကျိုးရှာသူတွေ၊ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

န.အ.ဖက စစ်အာဏာရှင်ပီပီ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိမှ အာဏာကို ဆက်လက် ချုပ်ကိုင်လို့ရမယ် ဆိုတဲ့ သီအိုရီကနေ လုံးဝ အလျှော့မပေးခဲ့ပါဘူး။ ဒါဟာ အရင် တော်လှန်ရေးကောင်စီနဲ့ မ.ဆ.လမှာ ဥက္ကဌလုပ်ခဲ့တဲ့ စစ်အာဏာသိမ်း ခေါင်းဆောင် ဦးနေဝင်းရဲ့ သဘောတရားတွေ အတိုင်း ဖြစ်တယ် လို့ ဆိုနိုင်စရာ ရှိပါမယ်။ အာဏာရှင်နဲ့ ပေါင်းပြီး ကြီးပွားနေကြတဲ့ ပြည်တွင်းပြည်ပ ကိိုယ်ကျိုးရှာသူတွေ၊ နိုင်ငံတွေကလည်း အစားရ ချောင်နေတာကို အထိအခိုက် မခံနိုင်တဲ့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရေငုံ နှုတ်ပိတ် နေခဲ့ကြပါတယ်။

န.အ.ဖ စစ်အာဏာရှင်ဟာ သူ့ရဲ့သီအိုရီကို ကာကွယ်လိုတဲ့အတွက် သူတို့အာဏာ ဆက်ကိုင်နိုင်အောင် လမ်းဖွင့်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ “အမျိုးသား ညီလာခံအား ထိခိုက် ပျက်ပြားစေတဲ့ ဥပဒေ ၅ / ၉၆” ကို တချက်လွှတ် အမိန့်နဲ့ ပြဌာန်းလိုက်ပါတယ်။ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မလုပ်ဆောင်နိုင်အောင် သူတို့ စစ်အာဏာရှင် အဖွဲ့ကို သဘောထား တင်းမာတဲ့ ဘောင်အတွင်းမှာ ထိန်းလိုက်ရုံသာမက တတိုင်းပြည်လုံး၊ တကမာ္ဘလုံးက တောင်းဆို နေတာတွေကိုလည်း ပြတ်ပြတ်သားသား ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီ တချက်လွှတ်အမိန့် ၅ / ၉၆ ကို မဖျက်သိမ်းသရွေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

အဲဒီ တချက်လွှတ်အမိန့် ၅ / ၉၆ ကို ဖျက်သိမ်းနိုင်ဖို့ န.အ.ဖဟာ အရင်က ပြဌာန်းခဲ့တဲ့ တချက်လွှတ် အမိန့်တွေ ထဲက တခုချင်းကို ပယ်ဖျက် ရုပ်သိမ်းပေးကြောင်း ကြေညာ ပေးရပါမယ်။ ဥပမာ န.ဝ.တ ကြေညာချက် ၁ / ၉ဝ အပိုဒ် ၁၉ (က) ဖြစ်ပါတယ်။ ဒီလိုမျိုး တစတစ ဖျက်သိမ်းလာပြီ ဆိုရင် အမျိုးသားညီလာခံအား ထိခိုက် ပျက်ပြားစေတဲ့ ဥပဒေ ၅ / ၉၆ ကို ဖျက်သိမ်းဖို့အတွက် လမ်းခင်းပေးလာတာလို့ ဆိုနိုင်ပါလိမ့်မယ်။ အဲဒီတော့မှ ယနေ့ထိတိုင် တောင်းဆိုနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့နဲ့ တကွ နိုင်ငံရေးသမားတွေ ပြန်လည် လွတ်မြောက်လာနိုင်မှာ ဖြစ်ပါတယ်။

တချက်လွှတ် အမိန့် ၅ / ၉၆ ကို မဖျက်သိမ်းပဲ နိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးလိုက်ရင် န.အ.ဖဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေ သူတို့ကိုယ်တိုင် ခြေနဲ့ ပြန်နင်းသလို ဖြစ်နေမယ့် ကိစ္စကို လုပ်မှာမဟုတ်ဘူးလို့ ထင်ရပါတယ်။ ဒါကြောင့် အစ ကနဦးမှာ န.အ.ဖရဲ့ အခြား တချက်လွှတ် အမိန့်တွေကို အရင် ဖျက်သိမ်းပစ်ဖို့က အဓိကအချက် ဖြစ်ရပါမယ်။ အခြား ဖြစ်နိုင်စရာ လမ်းကြောင်းခွဲ တခုကတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်။ ဒါပေမယ့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် အကျဉ်းထောင် လူလျှော့တာမျိုးလောက် မဟုတ်ပဲ နိုင်ငံရေး အကျဉ်းသမား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးအရိပ်အရောင်ကို မြင်ရမှ မြန်မာ့နို်င်ငံရေး တိုးတက်အောင် စစ်အာဏာရှင်တွေ ဘက်က စလုပ်ပြီ လို့ ပိုင်ပိုင်နိုင်နိုင် ပြောလို့ရပါမယ်။ စစ်အာဏာရှင်တွေ ဘက်က စလုပ်လာမှလည်း ပိတ်ဆို့ခံနေရတဲ့ တရားဝင် နိုင်ငံရေးပါတီတွေက တုန့်ပြန်ပေးလို့ ရနိုင်ပါမယ်။

လက်ခုပ် နှစ်ဘက်တီးမှ အသံထွက်တဲ့ အမှန်တရား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေနဲ့ အတူ လက်တွဲနိုင်မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေး ဆိုတာ ဖြစ်လာပါလိမ့်မယ်။ စစ်အာဏာရှင်တွေရော၊ နိုင်ငံရေးပါတီတွေ နှစ်ဘက်စလုံးက သဘောတူတာ မရှိပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ပါဘူး။ အရင့်အယင် အချိန်တွေမှာ အများစု ဟာလည်း ဒီအမှန်တရားကို အခြေခံပြီး ချဉ်းကပ် ကြိုးစားနေခဲ့ကြတာ ဖြစ်ပါတယ်။

အကယ်၍ စောစောက နိုင်ငံရေး အရိပ်အရောင်ကို မမြင်ရသေးလို့ မြင်ဖို့လမ်းစ မရှိနိုင်တော့ဘူးလို့ အသေအချာ တွက်ချက်ဆုံးဖြတ်လိုက်ပြီ ဆိုပါတော့။ ဒါဆိုရင် ဒီမိုကရေစီ အင်အားစုတွေဟာ လက်တဘက် လှုပ်ရှားရုံနဲ့ အသံမြည်နိုင်မယ့် နည်းလမ်းကို ရှာဖွေအသုံးချရဖို့ပဲ ကျန်နေပါတော့တယ်။ ဒီနည်းလမ်းကတော့ လက်ဖျောက်တီးတာပဲ ဖြစ်ပါတယ်။

လက်ခုပ်တီးကြမလား…? ဒါမှမဟုတ် လက်ဖျောက်တီးမလား…? တခုခုကို ရွေးရပါတော့မယ်။ တိုင်းပြည်ရဲ့ အနာဂါတ် ကံကြမ္မာကို ပြောင်းလဲသွားစေမယ့် လမ်းဆုံလမ်းခွ (Crossroads) ရောက်နေပါပြီ။ ဒါမှမဟုတ် လမ်းဆုံလမ်းခွမှာ နိုင်ငံရေးပရိယာယ် ကြွယ်ဝစွာ လုပ်နိုင်မယ့် အခြား လမ်းခွဲတခု ရှိပါတယ်။ အဲဒါကတော့ လက်ခုပ်တီး ဟန်ဆောင်ပြီး လက်ဖျောက်တီးဖို့ အားယူနေတာပဲ ဖြစ်ပါတယ်။

လက်ခုပ် တီးတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တာဝန်ရှိသူ သက်ဆိုင်သူ အားလုံးတို့က နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာ ဖြစ်ပါတယ်။ လက်ဖျောက် တီးတာကတော့ တာဝန်ရှိသူ သက်ဆိုင်သူ အားလုံးတို့က နိုင်ငံရေးကို လူထုနည်းနဲ့ အကြမ်းမဖက် ဖြေရှင်းတာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ သဘောတူ လိုက်လျောလာမယ့် အချိန်ကို စောင့်မနေတော့ပဲ သူတို့က နောက်ဆုံးမှာ မဖြစ်မနေ သဘောတူ လိုက်လျောလာရမယ့် နိုင်ငံရေး အခြေအနေကို ဒီမိုကရေစီ အင်အားစုတွေက လူထုနည်းနဲ့ ဖန်တီးတာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် မိမိတို့ ပန်းတိုင်အတွက် လိုအပ်မယ့် နိုင်ငံရေး အခြေအနေကို မိမိတို့ ကိုယ်တိုင် ရယူဖန်တီး လိုက်တာပါပဲ။

ကိုယ့်အား ကိုယ်ကိုးပါ (Self-reliance)လို့ တိုက်တွန်း အားပေးတဲ့စကားသံတွေ ကြားရတာ အားရှိလှပါတယ်။ မိမိတို့ နိုင်ငံရေးရည်မှန်းချက် အတွက် အခြားသူတွေကို အားမကိုးပါနဲ့၊ သူတို့ အကူအညီကို စောင့်မနေပါနဲ့၊ သူတို့ သဘောတူ ခွင့်ပြုလာတဲ့အထိကို စောင့်မနေပါနဲ့ လို့လည်း အဓိပ္ပာယ် ကောက်ရပါတယ်။

လက်ဖျောက်တီးသံကို နားစွင့်နေမယ့် ပြည်သူတွေ အဆင်သင့် ရှိနေမယ့်အချိန် ရောက်လာ ပါတော့မယ်။ လက်ဖျောက် တီးမယ့်အချိန်မှာ နိုင်ငံရေးကို လူထုနည်းနဲ့ အကြမ်းမဖက် ဖြေရှင်းနိုင်ဖို့ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို အထိုက်အလျောက် ရေးဆွဲပြင်ဆင် လေ့ကျင့်ပြီး ဖြစ်ရပါမယ်။ လက်ဖျောက် တီးမယ့်သူကတော့ လူထုကြားက ထွက်ပေါ်လာမယ့် လူထုခေါင်းဆောင် ပါပဲ။

လွင်အောင်စိုး

လွန်ခဲ့သည့် (၂)နှစ် နီးပါးခန့်က ရေးခဲ့သည့် သုံးသပ်ထင်မြင်ချက် ဆောင်းပါးကို ပြန်လည်ဖော်ပြ လိုက်ပါသည်။ ဤ အတောအတွင်း အဓိက နိုင်ငံရေးဖြစ်ရပ်များ သိပ်မရှိလှပါ။ ၂ဝဝရ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေး၊ (၈၈) မျိုးဆက်ကျောင်းသားများနှင့် ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားသူများ အဖမ်းခံရမှု၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး နအဖ၏ နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းအပေါ် လူထုဆန္ဒ ခံယူပွဲ ကျင်းပခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ချုပ်နှောင်ထားသည်မှာ ဥပဒေအရ (၅)နှစ် ပြည့်သွားသော်လည်း န.အ.ဖ စစ်အစိုးရက ပြန်မလွှတ် ပေးသေးခြင်းတို့သာ ရှိနေခဲ့သည်။ ယခုချိန်ထိ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အမှန်တကယ် ပါဝင် ထိုက်သူများဖြင့် မစတင် နိုင်သေးသော်လည်း အချိန်မနှောင်းသေးပါ။ မြန်မာ့တပ်မတော်က အခြားသော ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းခြင်းသည် လက္ခဏာကောင်း တရပ် ဖြစ်သော်လည်း ဤကိစ္စမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး နိုင်ငံရေး လုပ်ငန်းစဉ် မဟုတ်သဖြင့် ငြိမ်းချမ်း ပြေလည်စွာဖြင့် ဒီမိုကရေစီ  အသွင်ပြောင်းရေးကို အထောက်အကူ ဖြစ်စေမည် မဟုတ်ပါ။ နိုင်ငံရေရှည် တည်တံ့ခိုင်မြဲမည့် အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ရန်မှာ သက်ဆိုင်သူ အားလုံးတို့က လူထုတရပ်လုံးကို ကိုယ်စားပြုလျှက် နိုင်ငံရေးအရ ပူးပေါင်း လက်တွဲကြရသည့် နည်းလမ်း တခုတည်းသာ ရှိသည်ကို သတိပြုအပ်ပေသည်။ ၂၈-၁-၂ဝဝ၉

LEAVE A REPLY

Please enter your comment!
Please enter your name here