ဘက်ခမ်းကို ဆက်ခေါ်ထားဖို့ အေစီမီလန် ကြိုးပမ်း

အီတလီ ထိပ်တန်း ဘောလုံးကလပ် အေစီမီလန်သည် အင်္ဂလန် ဘော်လုံးစတား ဒေးဗစ်ဘက်ခမ်းကို ဆက်လက်စာချုပ်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ဘောလုံးလောက တွင်သာမက ဖက်ရှင်လောက တွင်ပါ ထိပ်ထိပ်ကြဲ နာမည်ကြီးနေသော ဘက်ခမ်းကို အီတလီ အမှတ်ပေးပြိုင်ပွဲ စီးရီးအေမှ မီလန်မြို့အခြေစိုက် အသင်းကြီးသည် အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ် ဂလက်စီမှ အငှားဖြင့် ခေါ်ယူထားခြင်း ဖြစ်သည်။ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲများ နားထားချိန်တွင် အဆိုပါ (၃၃)နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်ကို မီလန်က ကာလတို အငှားစာချုပ်တရပ်ဖြင့် ခေါ်ယူထားသော်လည်း ဘိုလော့ဂ်နာကို (၄-၁)ဖြင့် အနိုင်ရခဲ့သော ပွဲစဉ်အတွင်း မီလန်အတွက် တဂိုး သွင်းပေးခဲ့သည့် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် အသင်းကြီးများ၏ ကြယ်ပွင့်ဟောင်းကို အီတလီမြေတွင် ဆက်လက်ထားရှိရန် မီလန်တို့ဘက်မှ ကြိုးပမ်း လာခဲ့ခြင်း ဖြစ်သည်။

မီလန်အမှုဆောင် ဂယ်လီယာနီက ၎င်းတို့အသင်းသည် ဘက်ခမ်းကို ဆက်လက်ရှိနေရန် အမေရိကန် ဘောလုံးကလပ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု အီတလီ နာမည်ကျော် အားကစား စာစောင် Gazzetta dello သို့ ထုတ်ဖော် ပြောကြားခဲ့သည်။ အင်္ဂလန် လက်ရွေးစင်အသင်းတွင် ဆက်လက် ပါ၀င်လိုသော ဘက်ခမ်း အနေနှင့် ဥရောပတွင်သာ ဆက်လက် ဘော်လုံးကစားရန် အင်္ဂလန်နည်းပြကြီး ကာပယ်လို ကလည်း တိုက်တွန်း ထားသောကြောင့် ဘက်ခမ်းတယောက် အီတလီမြေတွင် ဆက်ရှိနေမည့် အရေးမှာ အကောင်အထည် ပေါ်လာနိုင်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here