ထူး မခြားနား နိုင်ငံရေး ပွဲစားများ

¨စိန်ဝင်း မှတပါး တခြား လူမရှိ¨


လို့ ဆောင်ပုဒ် တွင်လောက်တဲ့ ထူးမခြားနား နိုင်ငံရေး ပွဲစားများ နဲ့ ထပ်မံဖွဲ့ စည်းလိုက်ကြတဲ့ လူတစုဂိုဏ်းရဲ့ ထုတ်ပြန် ကြေငြာချက်ကို အွန်လိုင်း စာမျက်နှာတခု ပေါ်မှာ ဖတ်လိုက်ရတယ်။

အပြင်ပန်း အားဖြင့် လူတစု အပေါ်မှာပဲ အခြေတည် ထားပါစေ ပြည်ပ အစိုးရ ဖြစ်လာတာကို အငြင်းပွါး စရာမရှိပေမဲ့ အနှစ်သာရ အားဖြင့်တော့ အစိုးရ တရပ်ရဲ့ အင်္ဂါရပ်များ နဲ့ ကိုက်ညီ ပြည့်စုံမှု မရှိတဲ့ ထိုကဲ့သို့သော အဖွဲ့အစည်းများဟာ အနာဂါတ် ကာလမှာ စိန်ခေါ်မှု များစွာနဲ့ ရင်ဆိုင်ကြုံတွေ့ လာနိုင်တာတော့ သေချာတယ်။ ဝေ့လည်ကြောင်ပတ် နိုင်တဲ့ နိုင်ငံရေး ပွဲစားဉာဉ် နဲ့ တာဝန်ခံ တာဝန်ယူမှု ကင်းမဲ့ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းများကြောင့် လူတွေရဲ့ ယုံကြည်မှုများ ပျောက်ရှနေချိန်မှာ အခုလို ခေါက်ရိုးကျိုးနေတဲ့ မဲပြာပုဆိုးကို ထပ်ပြီး ၀တ်ပြလိုက်တော့ ပြောစရာ နည်းနည်းရှိလာတယ်။

alt

ဖြစ်သင့်တာက

  • ပြည်ပလူထုကို အခြေပြုတဲ့ ဒီမိုကရက်တစ် အစိုးရပီသတဲ့ ပြည်ပအစိုးရ နိုင်ငံတကာအဖွဲ့ အစည်းများရဲ့  အချက်အလက်တွေ အရ ပြည်ပမှာ မြန်မာနိုင်ငံသား ၅ သန်းကျော်လောက် ပုံစံ အမျိုးမျိုးနဲ့ ရောက်ရှိနေထိုင် နေကြတယ်။ ဒီ လူတွေထဲမှာ ၉၀ ခုနှစ် ရွေးကောက်ပွဲ ကာလတုန်းက မဲ မပေးခဲ့ဖူးတဲ့ လူတွေ လည်းအများကြီး ပါ၀င်နေတယ်။ ၁၉၉၀ ကာလနဲ့ ၂၀၀၉ ကာလဟာ ထပ်တူမကျဘူး ဆိုတာတော့ မျက်နှာသစ်များနဲ့ ကမ္ဘာ့ အခင်းအကျင်း အပြောင်းအလဲများ ကို ကြည့်ရင် သိနိုင်တယ်။ တကယ်လို့ ဒီလူတွေကို ကိုယ်စားပြုတဲ့ အစိုးရမျိုး ဖွဲ့စည်းမယ် ဆိုရင်တော့ ပြည်ပရွေးကောက်ပွဲ လုပ်ရလိမ့်မယ်။ အိုင်တီနည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူဦးရေ ငါးသန်းလောက်ရဲ့ သဘောထား ဆန္ဒများကို ကောက်ခံယူဖို့ ဆိုတာ သိပ်ပြီးတော့ မခဲယဉ်းပါဘူး။ လူထုဆန္ဒကို အမှီသဟဲ ပြုတာကြောင့် လူထုရဲ့ ပံ့ပိုးမှုနဲ့ ထိရောက်ခိုင်မာတဲ့ အစိုးရမျိုး ဖြစ်လာနိုင်တယ်။ လူထု၊ နိုင်ငံရေးနဲ့ နိုင်ငံရေးသမား များကြားမှာ အရင်ဆုံး အမျိုးသား ရင်ကြားစေ့ရေး လုပ်ခြင်းမျိုး ဖြစ်လာနိုင်ပြီး သွေးစစ်တဲ့ ညီညွတ်ရေး အင်အားကြောင့် တချိန်ချိန်မှာ စစ်အုပ်စုနဲ့ စစ်စနစ်ကို အပြီးသတ် နိဂုံးချူပ် ဇာတ်သိမ်း ပေးလာနိုင်မယ်။
  • ဒီမိုကရေစီ အနှစ်သာရနဲ့ ကိုက်ညီတဲ့ ဦးဆောင်နိုင်စွမ်း တာဝန်ယူ တာဝန်ခံ နိုင်စွမ်းနဲ့ ပြည်စုံတဲ့ အစိုးရ NCGUB၊ NCUB၊ MPU၊ NLD-LA စတဲ့ ပါတီ အဖွဲ့အစည်းတွေ ကြားမှာ စစ်ပထွေး မသေခင် အမွေတောင်းပြီး အချင်းချင်း လူချဖို့ စုပေးထားတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်ရှိ လူထုက ရွေးကောက်တင်မြှောက်တဲ့ လူထုထဲက လာတဲ့ ခေါင်းဆောင်မှု အရည်အချင်းများ ရှိခြင်းကို အခြေခံထားတဲ့ လူပုဂ္ဂိုလ်များနဲ့ အစိုးရမျိုး ဖွဲ့စည်းခြင်းဖြင့် မြန်မာလူမျိုးများရဲ့   ပြည်ပနိုင်ငံရေး ပုံစံသစ် တခုအဖြစ် ကမ္ဘာ့အသိုင်းအဝိုင်း ကပါ လေးစား တန်ဖိုးထား ထောက်ခံ လာနိုင်တယ်။ အပြောင်းအလဲကို လိုချင်ပေမဲ့ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲရမှာ ကြောက်နေတဲ့ တနပ်စာ အတွေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုကို မှီခိုပြီး ဘဝရပ်တည် နေကြတဲ့ နိုင်ငံရေးပွဲစားများကို အနားပေးပြီး တကယ် အနစ်နာခံ ကိုယ်ကျိုးစွန့်မယ့် လူသစ်များနဲ့ အနာဂါတ်ကို မျှော်ကာ မျိုးဆက်သစ်ကို လက်တွဲခေါ်ရဲတဲ့ အကျင့်ကို ကျင့်သုံးနိုင်မှသာ ဒီမိုကရေစီ ရှင်သန် ဖြစ်ထွန်းလာနိုင်သလို လူမဆန်တဲ့ န.အ.ဖ စစ်အုပ်စု ကိုလည်း ပြတ်ပြတ်သားသား နိုင်ငံရေးအရ စိန်ခေါ်နိုင်တဲ့ အဆင့်ကို ရောက်လာ နိုင်မယ််။

ဖြစ်လာတာက

  • လူဦးရေ (၂၀) ၀န်းကျင်ခန့် တက်ရောက်တဲ့ လူတစု အစည်းအဝေးမှာ ထုံးစံအတိုင်း ကိုယ့်ကိုကိုယ် ဆန္ဒခံမဲပေးပြီး အစိုးရ ဖွဲ့လိုက်ကြတယ်။ နိုင်ငံရေး ပွဲစားအများစု က တလကို ဒေါ်လာ နည်းနည်းပါးပါး မဆွတ်မပွတ် ရနေခြင်း၌ ခုံမင် နေကြသောကြောင့် ဒီမိုကရေစီ မျက်နှာကို မမြင်ချင်ယောင် ဆောင်ပြီး ပရောဂျက် ရှာပေးနေကျ လူကိုပဲ နေရာထပ် ပေးထားလိုက်ကြ တယ်။ လူထုနဲ့ အဆက်ပြတ်ပြီး အထီးကျန် ဖြစ်နေပါစေ လူတစု အဆင်ပြေရင် ကျေနပ်တယ်ဆိုတဲ့ မိရိုးဖလာ ဗမာပဒေသရာဇ် ဉာဉ်ဆိုးက ၂၁-ရာစုတိုင် အသက်ဝင် နေဆဲပဲ ဆိုတာ ဒီနေရာမှာ သက်သေခံ ပြနေတယ်။
  • ထုံးစံအတိုင်း NGOs များကို အခြေပြုတဲ့ အစိုးရ ဖြစ်လာသောကြောင့် နေရာတိုင်းမှာ ကန့်သတ်မှုတွေ ရှိနေမယ်။ လူအများရဲ့  ဆန္ဒကို မျက်ကွယ်ပြုသောကြောင့် တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီး နောက်ဆုံး လူတောမတိုးတဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ ပိုဆိုးတာက ဒီမိုကရေစီ တော်လှန်ရေး မအောင်မြင်ရတာ ဒီလို ဒီမိုကရေစီ မျက်နှာကို အိုးမဲ သုတ်နေတဲ့ နိုင်ငံရေးပွဲစားများရဲ့ ပယောဂ မကင်းဘူးဆိုပြီး နောင်တချိန်မှာ သမိုင်း တရားခံဘွဲ့ပါ အဆစ် ရလာနိုင်သေးတယ်။ သေချာတာက စစ်အုပ်စုကို ဖြုတ်ချဖို့ အရေအတွက်ရော အရည်အချင်းပါ လိုနေသေးတယ်။ သွေးသစ်လောင်းရမယ့် ကာလ မှာ လက်ပန်းကျနေတဲ့ မျက်နှာဟောင်းတွေနဲ့ပဲ ကြိတ်ဝိုင်းဖွဲ့ပြီး နိုင်ငံရေး ကစားနေတာကို ရပ်သင့်တယ်။

ပြည်တွင်းမှာ ဗိုလ်သန်းရွှေက မသေမချင်း သမတ လုပ်သွားဖို့ တာစူ နေတယ်။ တဘက်မှာ မ.ဆ.လ လူထွက် ဘောင်းဘီချွတ်များကလည်း မသေမချင်း ဗဟိုကော်မတီဝင် လုပ်နေချင် ကြတယ်။ တချိန်တည်းမှာ ပြည်ပရောက် ထူးမခြားနား နိုင်ငံရေးပွဲစား များကလည်း နှစ် (၂၀) လွန်လာပေမဲ့ ဒီမိုကရေစီ တော်လှန်ရေးကြီးကို အရင်ပုံစံဟောင်း အတိုင်းပဲ အ ရောင်းအဝယ်လုပ်ဖို့ ကြိုးပမ်းနေကြတယ်။ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ကြားမှာ ဒုက္ခရောက်ခဲ့ရတဲ့ ဆင်ကြီးတကောင်ရဲ့ ပုံပြင်လို ကိုယ့်စိတ်ကူးနဲ့ ခင်းထားတဲ့ လမ်းမထက် လက်တည့် စမ်းသွားနေကြတဲ့ လူတွေကြားမှာ တိုင်းပြည် နာတာပဲ အဖတ်တင် နေတယ်။ တပ်မှူးဟောင်းကြီး ဦးအောင်ရွှေ ကတော့ ပြောတယ် “အနာဂါတ်မှာ ဘာ…မျှော်လင့်ချက်မှ မရှိဘူး” တဲ့။ သေချာတယ်။ မျှော်လင့်ချက်ကို သူ…ကိုယ်တိုင် အသေသတ် လိုက်မှတော့ ရက်လည် ဆွမ်းသွတ် အနုခြွေ ကြွေကြေ ပြီးသား ဖြစ်သွားတာပေါ့။

ဒါပေမဲ့ ဒီနေရာမှာ ဆုံးဖြတ် ပေးနိုင်တာက နိုင်ငံရေးရဲ ့မူလပိုင်ရှင်ဖြစ်တဲ့ လူထုပါပဲ။ လူထုထဲက ခင်ဗျားတို့ ကျနော်တို့ နဲ့ မျိုးဆက်သစ်တွေ ဘယ်လို နိုင်ငံရေး အပြောင်းအလဲမျိုးကို လိုချင်တာလဲ? လတ်ဆတ် လန်းဆန်းတဲ့ ခေတ်ရနံ့ နဲ့ နိုင်ငံရေးသစ်လား ? ဒါမှမဟုတ် ပြန်ဆိုတေးကိုပဲ ထပ်ကာတလဲလဲ နားထောင် နေလိုခြင်းလား? တခုခုကိုတော့ ရွေးချယ်မှ  ရလိမ့်မယ်။

မော်ဒန် ကဗျာဆရာကြီး မောင်သာနိုး ရဲ့ ထင်းရူးပင်ရိပ် စာအုပ်ထဲက ဘာသာပြန် စာသားလေးလို

“ ဒီခေတ်၊ ဒီအခြေ၊ သည်မင်း၊ သည်စိုး၊ သည်သူခိုး နဲ ့ သည်မိုး၊ သည်လေ၊ သည် လူတွေ” ကို လက်ပိုက်ကြည့် နေရင်တော့ တိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာ ရောက်တယ် ဆိုတဲ့ စကားပုံ ဆိုရိုးအတိုင်း ကျုပ်တို့ ကိုယ်တိုင် “စစ်စနစ် သက်ဆိုးရှည်လာခြင်း နဲ့  တိုင်းပြည် ပျက်သွားခြင်း”ကို သွယ်ဝိုက်ပြီး ထောက်ခံနေတဲ့ အလိုတူ အလိုပါများ ဖြစ်သွားလိမ့်မယ်။ ။ ။

ညီညီထွေး (နယ်သာလန်)

၂၆.၀၁.၂၀၀၉

LEAVE A REPLY

Please enter your comment!
Please enter your name here