အမေရိကန် အမျိုးသမီး (၈)မြွှာပူးမွေး

alt

အမေရိကန် မှ အာဖရိကန် အမျိုးသမီး တဦးသည် ကလေး(၈) မြွှာပူး မွေးဖွား ခဲ့ကြောင်း သိရှိရသည်။

 ထိုအမျိုးသမီး မတိုင်မီက အမေရိကန် သမိုင်းတွင် (၈) မြွှာပူး မွေးဖွားမှု တကြိမ် ရှိသော်လည်း ကလေးအားလုံး အောင်အောင်မြင်မြင် အသက် ရှင်နိုင် သည်မှာ ယခုတကြိမ် ပထမဆုံး ဖြစ်သည်။ လော့စ် အိန်ဂျယ်လိစ်မြို့ အနီး ဆေးရုံ တရုံတွင် ပြုလုပ်ခဲ့သော ကလေး မီးဖွားမှု အတွက် ဆေးဝန်ထမ်း (၄၆) ယောက်ထိ အင်အား ဖြည့်တင်းခဲ့ရပြီး ကလေးငယ် (၈) ဦးလုံးကို အထူး မှန်ပေါင်းချောင် အတွင်း အနည်းဆုံး သီတင်းပါတ် (၆) ပါတ်အထိ ထားရှိသွားမည် ဖြစ်သည်။

ယောက်ျားလေး (၆) ဦးနှင့် မိန်းကလေး (၂) ဦးတို့သည် ကိုယ်အလေးချိန် (၁)ပေါင် (၈) အောင်စမှ (၃) ပေါင် (၄) အောင်စထိ အသီးသီး ရှိကြပြီး ကလေးငယ်များ ကျန်းမာရေး ကို စောင့်ရှောက် ကြည့်ရှုသွားရန် လိုအပ်နေသောကြောင့် ဆေးရုံမှ ဆင်းခွင့် မပေးနိုင်သေးကြောင်း ဆရာဝန်များ က ဆိုသည်။ သားဖွားဆရာဝန် ဒေါက်တာ မန်ဟီဂက်ပ်တာ က ကလေးများကို ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရပြီး မိခင်ဖြစ်သူသည် အလွန်ကြံ့ခိုင် သည့် အမျိုးသမီး ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မိခင်အမည်နှင့် သူမသည် သန္ဓေဆိုင်ရာ ဆေးဝါးများ သုံးစွဲခဲ့ခြင်း ရှိမရှိစသည့် အသေးစိတ် အချက်အလက်များ သတင်း ထုတ်ပြန်ရန်မူ ငြင်းဆန်ခဲ့သည်။

သို့သော်လည်း ဆေးရုံမှ အရေးပါသူ တဦးက မိခင်ဖြစ်သူသည် ကလေး (၈) ဦးလုံးကို မိခင် နို့တိုက်ကျွေးရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ အမေရိကန် သမိုင်းတွင် ပထမဆုံး (၈) မြွှာပူး မွေးဖွားခဲ့သည်မှာ နိုက်ဂျီးရီးယားဖွား နာကမ်ချက်ခ်ဝူ ဆိုသော အမျိုးသမီးဖြစ်ပြီး (၁၉၉၈) ခုနှစ်အတွင်းက မွေးဖွားခဲ့ပြီးနောက် တစ်ပါတ်အကြာတွင် အငယ်ဆုံးကလေးမှာ နှလုံးနှင့် အဆုတ် အားနည်းမှုများကြောင့် သေဆုံးသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here