(၂၀၀၉)၊ ဂမ်ဘာရီနှင့် အနာဂါတ် ဒီမိုကရေစီ

alt

(၂၀၀၉) ခုနှစ်အတွင်း ချဉ်းနင်း ၀င်ရောက် လာသည်မှာတလပင် ပြည့်လုလု ရှိပြီ။ မြန်မာ ပြည်သူများ အနေနှင့်လောကငရဲ ကို ကျခံ နေရသည့် ကာလမှ လည်း (၂၀၀၈) ခုနှစ်မှ နောက်ထပ် တနှစ် တိုးလာခဲ့ပြီ ဖြစ်သည်။

 

စစ်အာဏာရှင် တို့၏ နိုင်ငံတော် အာဏာ ကို အာသာ ငမ်းငမ်း ဆုပ်ကိုင် ရယူထားမှု၊ နိုင်ငံရေး အကျဉ်းသားများ အား ဖမ်းဆီး ချုပ်နှောင်ပြီး မတရား ထောင်ဒါဏ်များ ချမှတ် နေမှုတို့သည် မမြင်ချင်၊ မကြားချင်မှ အဆုံး ဆက်လက် အရှိန်ကောင်း နေဆဲသာ ဖြစ်သည်။

 

ထိုအချိန်တွင် ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ အား မြန်မာနိုင်ငံသို့ စေလွှတ်ဦးမည်ဟု ဆိုလာ ပြန်ချေသည်။ ဂမ်ဘာရီသည် မြန်မာနိုင်ငံအရေး အတွက် ခပ်ရှင်းရှင်း ပြောရလျှင် ဘာမှ သုံးမရသည့် ပုဂ္ဂိုလ်တဦးမှန်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် သိရှိပြီးဖြစ်သော်လည်း နောက်တကြိမ် မြန်မာနိုင်ငံသို့ စေလွှတ်မှုသည် နှစ်သစ်အတွက် ထားရှိသော မြန်မာတို့၏ နိုင်ငံရေး မျှော်လင့်ချက််သစ် အတွက် ဆိုးရွားသော တုန့်ပြန်မှု တခုသာ ဖြစ်လာပါတော့သည်။

(၂၀၀၉)သည် ကမာ္ဘ့သမိုင်းအတွက် စကတည်းက ယဉ်သကိုဟု မော်ကွန်းရေးထိုးရမည့် ကာလလည်း ဖြစ်လာခဲ့သည်။ နှစ်သစ်ကူးတွင် အရှေ့အလယ်ပိုင်းဒေသ သေနတ်သံ၊ ဗုံးသံများက ကမာ္ဘပေါ်ရှိ နိုင်ငံအသီးသီးမှ ပြည်သူများ ဟစ်ကြွေးခဲ့သော “Happy New Year” ဆိုသည့် ပျော်ရွှင် အော်ဟစ်သံများထက် များစွာ ကျယ်လောင်နေခဲ့သည်။ လူတွေ သောက်သောက်လဲ သေကြေနေသည့် အစ္စရေး-ဟားမတ်အရေးကို မျက်ကွယ်ပြုပြီး ဥရောပဘက် မျက်စပစ်ကြည့်ပြန်တော့ ရေခဲမှတ်အောက် ဒီဂရီများစွာ ကျဆင်းနေသည့် အေးခဲသော ဆောင်းရာသီတွင် လောင်စာ မလုံလောက်သဖြင့် ကလေးငယ်များ၏ စာသင်ကျောင်းများကိုပင် ပိတ်ထားရသည့် စိတ်ညစ်ညူးဖွယ် ရုရှား-ယူကရိန်း ဓာတ်ငွေ့ အရေးအခင်းကို ကြံုရပြန်သည်။ ထိုအခြေအနေ များကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ကမာ္ဘက မျက်စိဒေါက်ထောက် ကြည့်နေသော အာရုံဝင်စားမှုသည် ကမာ္ဘ့အရေးများသို့ လမ်းကြောင်း ပြောင်းသွားခဲ့ရသည်။

ယခုတော့ ကုလသမဂ္ဂ အနေနှင့် အရှေ့တောင် အာရှဒေသ၏ အထီးကျန်ဆုံး နိုင်ငံဆီသို့ ပြန်လည် ဦးလှည့်ကာ ပြုပြင်မှုများ ပြုလုပ်ရန် ပြင်ဆင်လာခဲ့ပြီ ဖြစ်သည်။ (၂၀၀၉) ခုနှစ်အတွင်း အိုဘားမား အမေရိကန် သမတအဖြစ် ကျမ်းကျိန်မှုဆီ စိတ်ဝင်စားခဲ့ကြသည့် ကမာ္ဘ့နိုင်ငံ အသီးသီး တို့သည် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်ဆီသို့ သမင်လည်ပြန် ငေးမော လာခဲ့ကြပြန်သည်။ တကယ်တော့ မြန်မာနိုင်ငံသည် ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ ကမာ္ဘတလွှားမှ လေးစားကြည်ညိုရသည့် နိုင်ငံရေး ခေါင်းဆောင်များ ပေါ်ထွက်ခဲ့သော အစဉ်အလာကောင်းနှင့် ရပ်တည်နေသော နိုင်ငံတခုဖြစ်သည်။ သို့သော်လည်း ၀မ်းနည်းဖွယ် ကောင်းသည်က လက်ရှိ အချိန်တွင်မူ ကမာ္ဘပေါ်တွင် နိုင်ငံရေးသမားများကို အဆိုးရွားဆုံး နှိပ်ကွပ်နေသည့် အာဏာရှင် အစိုးရ လက်အောက် ကျရောက်နေခြင်းပင် ဖြစ်နေတော့သည်။

ယခုတခေါက် လာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အကျဉ်းသားများကို စစ်အစိုးရက (၁၀၄) နှစ်ထိ သက်တမ်းရှိသော ထောင်ဒါဏ်များ မတရား ချမှတ်နေမှုအား စစ်ဆေးရန် လာရောက်ခြင်း ဖြစ်ဖွယ်ရှိသည်။ ထိုကိစ္စသည် ကမာ္ဘသိ လုပ်ရပ်ကြီးဖြစ်ပြီး မြန်မာစစ်အစိုးရက ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့သော အဓမ္မ စီရင်မှုများ ဖြစ်သည်။ နည်းမှန်လမ်းမှန်ဖြင့် စစ်ဆေးမည်ဆိုလျှင် မြန်မာစစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများ ဘူးပေါ်သလို ဘွားကနဲ ပေါ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။ သို့သော်လည်း ထိုနေရာတွင် မေးစရာ မေးခွန်းတခု ရှိလာခဲ့ပြီ ဖြစ်သည်။ အကယ်၍သာ မြန်မာ စစ်အစိုးရ၏ လုပ်ရပ်များတွင် ပြစ်မှုထင်ရှားကြောင်း သေချာခဲ့မည် ဆိုလျှင် ကုလသမဂ္ဂ အနေနှင့် တရားမျှတသော အရေးယူ ဆောင်ရွက်ချက်မျိုး ပြုလုပ်နိုင်မည်လား ? ဆိုသည်မှာ စဉ်းစားစရာ အခြေအနေတခု အဖြစ် သတ်မှတ်လာရမည် ဖြစ်သည်။

အစ္စရေးနိုင်ငံက ဂါဇာဒေသသို့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေချိန်တွင် ကုလသမဂ္ဂလောက် အသံကျယ်ကျယ် ကန့်ကွက်သည့် အသင်းအဖွဲ့ မရှိခဲ့ပေ။ သို့သော်လည်း အစ္စရေးသည် (၂၂) ရက်ကြာ တိုက်ပွဲကြီးကို စိတ်ကြိုက်ဆင်နွှဲပြီး ပါလက်စတိုင်း (၇၀၀၀) ကျော်ကို သုတ်သင်သွားသည်။ စစ်ပွဲ ပြီးချိန်အထိ ကုလသမဂ္ဂ အနေနှင့် အစ္စရေးအား ထိုက်တန်သော အရေးယူမှု တစုံတရာ မလုပ်ဆောင်နိုင်ခဲ့ပေ။ ဂါဇာစစ်ပွဲကြောင့် ကုလသမဂ္ဂ အနေနှင့် သိက္ခာကျခဲ့သလို ထိုအဖွဲ့ အစည်းတခုလုံးသည် အမေရိကန်၊ တရုတ်နှင့် ရုရှားစသော ထိပ်တန်းအင်အားကြီး နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ကြောင်း ပေါ်လွင်လာခဲ့သည်။ ယခုလည်း မြန်မာအစိုးရ၏ လုပ်ရပ်များသည် တရားမဲ့ ယုတ်မာမှုများ ဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့်တိုင် တရုတ်နှင့် ရုရှားတို့က မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ပြုလုပ်လာမည်ဆိုလျှင် အဘယ်သို့ ရှိမည်နည်း။ သေချာပါသည်။ ဒုံရင်းက ဒုံရင်းသာ ဖြစ်ပါတော့မည်။

ပြီးခဲ့သော နှစ်အတွင်းက မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တော် အဖြစ် မစ္စတာဂမ်ဘာရီ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်က မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် မရခဲ့သလို အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံတွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။ ထိုဖြစ်ရပ်သည် ဂမ်ဘာရီ၏ အဆင့်ကို ပေါ်လွင်သွားစေခဲ့သလို မြန်မာ စစ်အစိုးရရော၊ ဒီမိုကရေစီ လိုလားသူ NLD ပါတီကပါ ကုလသမဂ္ဂ၏ စွမ်းဆောင်မှုကို တန်ဖိုးမထားကြောင်း သိသာစေခဲ့သည်။ အာဏာရ အစိုးရတခု အနေနှင့် နိုင်ငံတကာ အဖွဲ့ကြီးဖြစ်သော ကုလသမဂ္ဂကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခဲ့ခြင်း ဖြစ်သလို NLD ပါတီကလည်း ဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေး၊ လူ့အခွင့်အရေး ဖော်ဆောင်ရေးတို့ အတွက် လူမှန်နေရာမှန် ပုဂ္ဂိုလ်ဟု မယုံကြည်ကြောင်း အတိအလင်း ကြေငြာခဲ့သည်။ ထိုကဲ့သို့ နှစ်ဖက်စလုံးမှ တန်ဖိုးထား လေးစားမှုမရှိသော ကိုယ်စားလှယ်တော်ကြီးသည် မြန်မာနိုင်ငံသို့ နောက်တကြိမ် လာရောက်ပေဦးမည်။

တကယ်တော့ မြန်မာနိုင်ငံသည် တရားမျှတမှု ကင်းမဲ့ပြီး လူမွေးလူရောင် မပြောင်တော့အောင် စုတ်ပြတ်နုံချာသည့် အခြေအနေမျိုးကို စစ်အစိုးရ လက်ထက်တွင် ကာလရှည်ကြာစွာ ကြံုတွေ့ခဲ့ရပြီး ဖြစ်သည်။ လူသားတိုင်းသည် လွတ်လပ်မှုကို မြတ်နိုးသော စိတ်အခံ ရှိသည့်အတိုင်း မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အစိုးရကို တော်လှန်လိုသော ခံစားချက်သည် မြန်မာလူမျိုးတိုင်း၏ စိတ်နှလုံးတွင် စွဲမြဲထင်ဟပ်လျှက် ရှိသည်။ သို့သော်လည်း လက်နက်အားကိုးဖြင့် ရက်စက် ရမ်းကားသော စစ်ဘီလူးများ၏ သွေးဆာသော လူသတ်မှု များကြောင့် အားမတန်၍ မာန်လျော့နေခဲ့ရသည်။ နိုင်ငံရေး နယ်ပယ်အတွင်းမှ ကြိုးပမ်းခဲ့ ပြန်သော်လည်း ရှေ့နေပင် ငှားရမ်းခွင့်မရှိသော တရားခွင် နှင့် နိုင်လိုမင်းထက် ဥပဒေသများတွင် သေဒါဏ်ထက် ဆိုးသော နှစ်ရှည်ထောင်ဒါဏ်များ ချမှတ် ခံရပြန်သည်။ မြန်မာ ့နိုင်ငံရေးသမားများသည် ဆုပ်လဲစူး၊ စားလဲရူး အခြေအနေထဲတွင် တနှစ်ပြီးတနှစ် အလူးအလိမ့် ဖြတ်သန်းရင်း မျှော်လင့်ချက် အလင်းရောင်ကို မွတ်သိပ်စွာ မျှော်လင့် နေခဲ့ကြရသည်။

ယခုတော့ တနှစ်ပြောင်းခဲ့ ပြန်ချေပြီ။ နှစ်သစ်ကူးပြီး တလပြည့်လု အချိန်ထိ မြန်မာ့အရေး အတွက် ထူးခြားသော ပြောင်းလဲမှုကို အရိပ်အယောင်မျှ မမြင်ရသေး။ လမ်းပျောက်နေဆဲ အခြေအနေ အောက်တွင် မြန်မာအစိုးရသည် ပဒေသရာဇ် ခေတ်ဆီသို့ နောက်ပြန်ဆွဲပြီး အာဏာရှင်စနစ်ကို အသက်သွင်း နေသမျှကိုလည်း မဟန့်တားနိုင်သေး။ တိုးတက်မှုသည် မြန်မာ့နိုင်ငံရေးတွင် မသိသာသော်လည်း မြန်မာနိုင်ငံ၏ အကျဉ်းထောင် များတွင်မူ သိသာလာခဲ့သည်။ နိုင်ငံရေး အကျဉ်းသား (၂၁၀၀) တိုးလာသည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးနှင့် (၂၀၀၇) ခုနှစ် ရွှေအိုရောင် တော်လှန်ရေးကြီးအတွင်း လှုပ်ရှား ခဲ့ကြသူများသည် အဆိုပါ အကျဉ်းသားများ၏ အများစုအဖြစ် ပါ၀င်နေခဲ့သည်။ သို့သော်လည်း မြန်မာ စစ်အစိုးရ က ၎င်းတို့ နိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား မရှိပါဟု လက်ပါးစေ မီဒီယာများမှ တဆင့် အသံကောင်း ဟစ်လို့ ကောင်းနေဆဲပင်။

မြန်မာ စစ်အစိုးရသည် ခေတ်မီ နိုင်ငံတော်ကြီး တည်ဆောက်သွားမည့် ဥပဒေမူကြမ်းကို (၂၀၁၀) တွင် အတည်ပြုတော့မည် ဖြစ်သည်။ ပြည်သူများ၏ သောင်းသောင်းဖြဖြ ထောက်ခံမှုကြောင့် ဒီမိုကရေစီ ခေတ်သစ်ကြီး ဆီသို့ အရောက် လှမ်းနိုင်တော့မည်ဟု အစိုးရက အသံကောင်း ဟစ်နေဆဲပင်။ အခြေအနေသည် ကောက်ရိုးတမျှင်လောက်မှ မျှော်လင့်ချက် မရှိတော့ဟု သိနေသည့်တိုင် NLD အပါအဝင် မြန်မာ့နိုင်ငံရေး ပါတီများသည် သွေးရူးသွေးတန်းနှင့် ယုံကြည်ချက်ကို ဆုပ်ကိုင်ထားကြဆဲပင်။ မြန်မာအစိုးရသည် NLD ၏ အင်အားကို နည်းလမ်း မျိုးစုံနှင့် ဖြိုခွဲပြီးနောက် ၎င်းတို့ အလိုရှိသည့်အရာကို အရယူဖို့ အပြံုးမပျက် ခရီးဆက် နေဆဲပင်။

တနှစ်တော့ ကူးခဲ့ပြန်ပါပြီ။ ထို့အတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး မျှော်လင့်ချက်သည်လည်း အင်အား ပိုမိုချိနဲ့လာပြီ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် မစ္စတာ ဂမ်ဘာရီ ကတော့ လာပါဦးမည်။ ပြီးတော့ ပြန်သွားပါဦးမည်။ နိုင်ငံတကာသို့ မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများသည် ထင်သလောက် မလွယ်ကြောင်း အာပေါင် အာရင်းသန်သန် ရှင်းပြဦးမည်။ မြန်မာ စစ်အစိုးရကလည်း ထင်တိုင်း ကြဲဦးမည်။ NLD ကလည်း ဂမ်ဘာရီနှင့် ဘာဆိုဘာမျှ ဖြစ်လာမည် မဟုတ်ဘူးဟု အပြစ်တင်ဦးမည်။ အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ် သွားမည်သာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်များက သုံးသပ်ထားသည်။ (၂၀၀၉) ကို ၀င်ရောက်ခဲ့သည်မှာ တလပင် တင်းတင်းပြည့် ပေတော့မည်။ နှစ်သစ်တခု အတွက် ဖြစ်လာရန် ခဲယဉ်းသော မျှော်လင့်ခွင့် အသစ်အတွက် မြန်မာပြည်သူများ သွေးရူးသွေးတန်း မျှော်လင့်နေသော်လည်း ဂမ်ဘာရီတယောက် ထိုမျှော်လင့်ချက်များ အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုသည်ကတော့ အတော်လေး ဖြစ်နိုင်ချေ နည်းသေးကြောင်း လက်ခံရမည်သာ ဖြစ်ပါတော့သည်။

မင်းမင်း ( လူထုအသံ )

LEAVE A REPLY

Please enter your comment!
Please enter your name here