မြန်မာဒုက္ခသည်များ အတွက် ထိုင်းအစိုးရ လုပ်ဆောင်မှု အပေါ် ကုလသမဂ္ဂ စိုးရိမ်

alt

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အဖွဲ့က ထိုင်းနိုင်ငံတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်ဟု ယူဆရသော မြန်မာလှေစီး ဒုက္ခသည်များ အတွက် အလွန် စိုးရိမ်မိကြောင်း ကြေငြာလိုက်သည်။

ထိုင်းနိုင်ငံအတွင်း လှေများဖြင့် ခိုးဝင်လာသည့် အဆိုပါ ဒုက္ခသည်များအား ပင်လယ်ထဲသို့ လှေငယ်များဖြင့် ပြန်လွှတ်ခြင်း မပြုပါရန် ကုလသမဂ္ဂက ထိုင်းအစိုးရထံ တရားဝင် ပန်ကြား ထားသော်လည်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကမူ ၎င်းတို့အား လက်ခံထားရန်မှာ နိုင်ငံ၏ စည်းမျဉ်းများ အရ မဖြစ်နိုင်ကြောင်း ငြင်းချက် ထုတ်ထားသည်။ ကုလသမဂ္ဂ၏ အာရှတိုက်ဆိုင်ရာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ကစ်တီ မက်ကင်ဆီက လောလောဆယ်တွင် ဒုက္ခသည်များနှင့် စပ်လျဉ်းပြီး မည်သို့ ဆောင်ရွက်ပေးရမည်ကို မကြံတတ်အောင် ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။ မြန်မာလူမျိုး ဒုက္ခသည်များသည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုင်းအစိုးရ အနေနှင့် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ရှိမရှိကို မသိရသေးချေ။

ကုလသမဂ္ဂ သည် ထိုမြန်မာ နိုင်ငံသားများ အားလုံးကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိများ က လှေများဖြင့် ပြန်လည် မျှောချလိုက်ပြီဟု ယုံကြည်နေပြီး အဆိုပါ စွပ်စွဲမှုအတွက် ထိုင်းနိုင်ငံက တစုံတရာ တုန့်ပြန်မှု မရှိခဲ့ချေ။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ခိုးဝင်လာသူ ရာနှင့်ချီမျှရှိသော ဒုက္ခသည်များ ပင်လယ်အတွင်း ပျောက်ဆုံးသွားကြောင်း အခိုင်အမာ ပြောဆို နိုင်လောက်သည့် အထောက်အထားများ ရှိနေကြောင်း ကုလသမဂ္ဂက ကြေငြာချက် ထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here