နှစ်ထောင့် တဆယ်သို့ ကြည့်မြင်ပုံ

alt

အာရောဂျံ ပရမံ လာဘံ၊ ကျန်းမာခြင်းသည် လာဘ်ကြီး တပါး ဖြစ်သည်ဟု အဆို ရှိသည် နှင့် အညီ၊ နှစ်ထောင့် တဆယ် ကို ရှင်းသန့် အေးမြသောလေကောင်း လေသန့်ကို ရှုရှိုက်၍၊ ကျန်းမာ သန်စွမ်းသော အတွေးများ (Healthy thoughts)၊ ခိုင်ခန့်သော၊ ကြီးကျယ်သော “ ငါ၏ ဦးခေါင်း က သွေးတို့ဖြင့် ချင်းချင်း နီဲ၏ ၊ သို့သော် ညွတ်ကား မညွတ် ဟူသော” အမြင်ကောင်းများဖြင့် မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကို ရေးဆွဲ ကြည့်ချင်မိသည်။

 

နှစ်ထောင့်တဆယ်ဟု ဆိုလိုက်သည်နှင့် မြန်မာတို့အတွက် စစ်ကျွန်ဘဝ လွတ်မြောက်ရေး၊ တရုတ်ကျွန် ဘဝ လွတ်မြောက်ရေး၊ အနောက်ကျွန် ဘဝ လွတ်မြောက်ရေးနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာ အယူဝါဒ ကွဲပြားမှုမျိုးစုံ၊ လူတန်းစားအားလုံး အတူယှဉ်တွဲ၊ သဘောထားကွဲလွဲ ငြင်းခုံ နေထိုင်နိုင်သော ကြွယ်ဝ တိုးတက် ချမ်းသာသော ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံတခု ပေါ်ထွန်းရေး အတွက် သွေးရဲရဲ၊ တိုက်ပွဲဝင်ရမည့် နှစ် တနှစ် ဖြစ်သည်ဟု အများစုက ရှုမြင်ကြသည်။

ဤသို့ အများစုက “တိုက်” ရမည်ဟု ယုံကြည်လျှင်၊ မည်သို့ မည်ပုံတိုက်ရမည်၊ မည်သို့ ရပ်တည်သွားရမည်ကို တွေးမြင်မှုအရ ရှင်းလင်းထားဖို့နှင့် လက်တွေ့မှာ ပြင်းထန်ဖို့ (ဆိုလိုတာက ရန်သူဘယ်သူလဲ၊ ဘာလဲ ရန်သူရဲ့ မိတ်ဆွေ၊ ရန်သူ့ရဲ့ ရန်သူ ဘယ်သူလဲ၊ ဘာလဲဆိုတာကို သိရှိလက်ခံပြီး၊ ရန်သူရဲ့ အား အနည်းဆုံး နေရာတိုင်းကို နည်းနည်း…နည်းနည်းနဲ့ ဖြည်းဖြည်း…ဖြည်းဖြည်းချင်းပဲ ဖြစ်စေ၊ အချိန်တိုင်း စက္ကန့်နှင့်အမျှ ဆင့်ကာ ဆင့်ကာ ထိုးနှက်သွားနိုင်ဖို့၊ လုံခြံုပြီး အခြေမပျက်တဲ့ ခံစစ်များကို တည်ဆောက်ဖို့၊ စည်းရုံးလို့ မရတဲ့၊ ကြားချလို့ မရတဲ့ ရန်သူရဲ့ မိတ်ဆွေ မှန်သမျှကိုလည်း “မစားရတဲ့ အမဲ သဲနဲ့ ပက်ဆိုသလို” မျိုး မဟာဗျုဟာမြောက် နာနာကျင်ကျင်လေး၊ ဥပမာ မျက်လုံးကို အုပ်ပြီး နှာနု ဖြတ်ရိုက်သလိုမျိုး၊ နားအုံကို အုပ်ပြီး ညှပ်ရိုက်သလိုမျိုး၊ အရှိုက်ကို ချက်ကျလက်ကျ ထိုးလိုက်သလိုမျိုး၊ အောက်ခြေ ပြိုကျသွားအောင် “န.အ.ဖ” ကို Supply မလုပ်နိုင်အောင် ( မလုပ်ရဲအောင်ကို ဆိုပါတယ်) လုပ်ဖို့ လိုအပ်ပါသည်။

ယခုတင်ပြချက်တွင် အတွေးအခေါ် သဘောတရားပိုင်းအရ ရှင်းလင်းမှုကိုပဲ အရင််ဦးစားပေး ခင်းကျင်း သွားမှာဖြစ်သည်။ ၂ ပိုင်းရှိသည်။ ပထမပိုင်းမှာ နှစ်ထောင့်တဆယ် ဆိုသည့်နှစ်မှာ “န.အ.ဖ” က ခင်းကျင်းပေးသော ရွေးကောက်ပွဲ ဆိုသည့် ထင်သာမြင်သာသော “သတ်ကွင်း” ကို မြန်မာ့ ဒီမိုကရက်တစ် အဖွဲ့များ၊ လူမျိုးစု အဖွဲ့အစည်းများက မည်သို့ ကျော်ဖြတ် သွားရမည်ဆိုသည် ဖြစ်ပြီး၊ ဒုတိယပိုင်း ကတော့ လူထုရုန်းကြွမှု တခုလုံး၏ ဖြစ်နေသော အခင်းအကျင်း အပေါ်ထားရှိသည့် အတွေးအခေါ် သဘောတရားပိုင်း ရှင်းလင်းမှုဖြစ်သည်။

အားလုံး မှတ်မိကြမည်။ သိကြသည်။ ၁၉၈၈ ခုနှစ်၊ မြန်မာ တမျိုးသားလုံး၏ ပါတီစုံ ဒီမိုကရေစီ စံနစ်ပေါ်ပေါက်ရေး၊ “မဆလ” တပါတီ အာဏာရှင်စံနစ် ကျဆုံးရေး “တို့အရေး” မျှော်လင့်ချက်များကို စစ်တပ်က စစ် ကျည်ဆံများဖြင့် တနိုင်ငံလုံးသို့ သွန်လောင်းချ အပြီး၊ ဦးညွတ် မသွားသော ရုန်းကြွမှုများ၏ မျှော်လင့်ချက် တပ်ဦးအဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေက ရွေးချယ်ပြီး၊ မျှော်လင့်ချက်များ အားစိုက် လမ်းဆက်လျှောက်ကြဖို ့ အနာဂါတ် အတွက် ပုံကာ ရပ်တည်ခဲ့ကြ၊ ယုံကြည်ခဲ့ကြသည်။

အနှစ် ၂၀ ခရီးကြမ်း တလျှောက် ဒါဏ်ရာ အနာတရနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယိုင်နဲ့ရင် ယိုင်နဲ့မည်၊ တခါ..တခါ နာကျင်လွန်း၍ တောက်ခေါက်ပြီး လဲကျရင် လဲကျသွားမည်၊ လမ်းဘေးကိုတော့ ရောက်မသွား၊ တွဲပေါ်က ခုန်မချ၊ ဖြားယောင်း သွေးဆောင်မှုများ အောက်မှာ မေ့မူးမသွား၊ ကြိုးဝိုင်း အပြင်ကို ထမ်းမထုတ် သွားရတဲ့ သက်လုံမျိုးဖြင့် ယနေ့တိုင် ရုန်းကြွမှုများ၏ မျှော်လင့်ချက်များကို ရှင်းလင်းခိုင်မာစွာ ပဲ့ကိုင်ပေးဆဲ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို ဘယ်လို သဘောထား ပေးသလဲ?

ရှင်းနေသည်။ မြန်မာအများစု နားလည်နိုင်သော မြန်မာဘာသာ စကားဖြင့်ပြောနေသည်။ ခံယူသူများက ကိုယ့်တိုင်းပြည်ပေါ်၊ ကိုယ့်လူမျိုးအပေါ် တကယ်ပဲ မလိမ်ညာတဲ့၊ ဂုတ်သွေး မစုတ်တဲ့၊ လက်ညှိုးထိုး ရောင်းမစားတဲ့ စေတနာမျိုး၊ စိတ်အခြေခံ ရိုးဖြောင့်မှု မှန်ခဲ့ရိုးရင် “န.အ.ဖ” က ကြိုးချည်ပေးပြီး ထမင်းရေသိုး ခပ်ချဉ်ချဉ် တိုက်မည့် ရွေးကောက်ပွဲ အပေါ် ဝေဝါးစရာ အကြောင်း လုံးဝ၊ လုံးဝ မရှိပါ။

    NLD ပြောသည်မှာ၊

  • ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အရ လွှတ်တော်ခေါ်ပေး
  • ယင်းလွှတ်တော်မှ ၂၀၀၈ အခြေခံ ဥပဒေ ပြန်လည်စစ်ဆေးရေး ကော်မတီဖွဲ့စည်းပေး
  • စစ်ဆေး တွေ့ရှိချက်များကို ပြင်ဆင် အတည်ပြုပေး
  • ရရှိလာသည့် အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပေးရး…တို ့ပဲဖြစ်သည်။

ဆိုတော့ NLD ကို လွတ်လပ်ပြီး ကြွယ်ဝချမ်းသာသော၊ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ပေါက်ရေး ရုန်းကြွမှုများ၏ တပ်ဦးအဖြစ် ပြည်သူတွေ လက်ခံဆဲ၊ ယုံကြည်ဆဲဆိုလျှင်၊ မြန်မာတမျိုးသားလုံး NLD၏ သဘောထားကို ၂၀၁၀မှာ ဝိုင်း၍ ကျည်ဖြည့် ပေးရုံသာရှိသည်။ မှန်အောင်ပစ်မှာ မနားတမ်း ပစ်မှာက NLD ဖြစ်သည်။

ထိုမှ ကင်းကွာ၍ ကွဲလွဲသော သဘောထားများ အမြင်များ ထုတ်ပြန်စရာ၊ လူတွေကို နားငြီးအောင် အခြား အချက်အကြောင်းများဖြင့် မှိုင်းတိုက်စရာ မလိုဟုထင်သည်။ ဒါက နှစ်ထောင့်တဆယ် တခုတည်းနှင့် ပါတ်သက်ပြီး ထားရှိရမည့် အတွေးအခေါ် သဘော တရားပိုင်းအရ ရှင်းလင်းမှု ဖြစ်သည်။

ဒုတိယပိုင်းက လူထုရုန်းကြွ အုံကြွမှုတခုလုံး၏ ဖြစ်နေသော အခင်းအကျင်းပေါ် ထားရှိရမည့် အတွေးအခေါ် သဘောတရားပိုင်းအရ ရှင်းလင်းမှုဖြစ်သည်။ ဆိိုုချင်သည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး (ဝါ) ရင်ကြားစေ့ရေး National Reconciliation ကို ချဉ်းကပ်ပုံဖြစ်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည်မှာ စိတ်ကူးစိတ်သန်း တခုသာဖြစ်သည်။ ပိုပြီးတိကျရရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုသည်မှာ Politics of Imagination လူအဖွဲ့အစည်း အတော်များများမှာ ရှိတတ်သည့် နိုင်ငံရေး စိတ်ကူးစိတ်သန်း တခုသာဖြစ်သည်။ စိတ်ကူစိတ်သန်းနှင့် ပတ်သက်၍ ကမာ္ဘကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အိုင်းစတိုင်း ကလည်း အခုလို ဆွေးနွေးဘူးသည်။

“စိတ်ကူးစိတ်သန်းဆိုတာ သတင်းအချက်အလက်၊ တတ်မြောက် သိကျွမ်းမှု၊ သို့မဟုတ် အကြောင်းအရာ ကိစ္စတခုကို လက်တွေ့ ဖြေရှင်းလိုပဲဖြစ်စေ၊ သဘောတရား အတွေးခေါ်အရ ပေါက်မြောက် ထိုးတွင်းသိမြင်၍ပဲ ဖြစ်စေ၊ ဆည်းပူး နားလည် သိရှိလာသော အထွေထွေ ဗဟုသုတ Knowledge ထက် စိတ်ကူစိတ်သန်းက ပိုအရေးကြီးသည်ဟု “Imagination is more important than knowledge” ဆိုဘူးသည်။

ဟုတ်ပါသည်။ လူ့လောက၊ လူ့ပါတ်ဝန်းကျင်ကို အလှဆင် ရေးချယ်မည့် စိတ်ကူးစိတ်သန်းသည် ကောင်း၏။ လိုအပ်၏။ ငြိမ်းချမ်းပြီး မတူကွဲအက်မှုများ အတူငြင်းခုံ နေထိုင်နိုင်သော လူ့ဘောင်အဖွဲ့အစည်း ပေါ်ထွန်း တည်ရှိရေးဆိိုသော ကြီးကျယ်ခန့်ငြားသည့် နိုင်ငံရေးစိတ်ကူးစိတ်သန်း မွေးမြူရှင်သန်ဖို့ ဆိုသည်မှာ မြန်မာပြည်သူ ပြည်သားများ အားလုံးအတွက် ပို၍ ကောင်း၏။ လိုအပ်၏။

လူ နှင့် မြွေ ဆိုတာ ကမာ္ဘ့အမြဲတမ်း ရန်သူတွေဖြစ်သည်။ လူက မြွေကို တွေ့ရင် ‘ရိုက်’ သလို မြွေက လူကို တွေ့ရင် ‘ကိုက်’ သည်မှာ ထုံးစံလို ဖြစ်သည်။ သို့သော် ဒီလူ နှင့် ဒီမြွေ၊ ကိုက်သူ နှင့် ရိုက်သူ အတူူတူ နေနိုင်အောင် ဖန်တီး တည်ဆောက်ထားသော နိုင်ငံရေး စံနစ် ကျင့်သုံးသည့် နိုင်ငံများကို ကြည့်မြင် နေရသည်မှာလည်း “သရေ တကျကျ…တမြမြ” ဖြစ်မိသလို၊ အဲဒီလို စိတ်ကူးစိတ်သန်း ချိုချိုမျိုး အမြဲရှင်သန်ဖို့ ဆိုတာလည်း ငြင်းစရာပင် မလိုတော့ပါ။

သို့သော် လူ့ အဖွဲ့အစည်း တရပ်လုံးရဲ့ ယဉ်ကျေးမှုများ အားလုံးကို ပြောင်းလဲပြီး၊ အသစ်တခု တည်ဆောက်ဖို့ရာ စိတ်ကူးစိတ်သန်းသည် Foundation အခြေခံသာဖြစ်ပြီး၊ အဆောက်အအုံ တခုလုံး ပြီးစီးပုံပေါ်ဖို့ အခြားလိုအပ်သော ကိရိယာ တန်ဆာပလာများလည်း ထည့်ဝင်ရမည်။ ထို ကိရိယာများမပါပဲ ဦးနှောက်မှာ ရေးခြစ်ထားသည့် စိတ်ကူးစိတ်သန်းများ အဆောက်အအုံ ဖြစ်မလာ ဆိုတာကို တဖက်မှာလည်း ကွဲပြားထားဖို့ လိုသည်။ National Reconciliation၊ သို့မဟုတ် ပြည်ထောင်စုစိတ်ဓာတ် One Nation တည်ဆောက်ရေးဆိုတဲ့ စိတ်ကူးစိတ်သန်းကို ၁၄ ကြိမ်မြောက် အမေရိကန် သမတကြီး အေဗရာဟင် လင်ကွန်း Abraham Lincoln ဆီမှာလည်း ရှိခဲ့ဘူးသည်။

“ဒီပြည်ထောင်စုကို ကယ်တင်ဖို့ စည်းရုံးအောင် တည်ဆောက်ဖို့ ဆိုရင် ကျွန်တွေကို မလွတ်မြောက် ရရင်လည်းရှိစေ၊ ကျွန်တွေ လွတ်မြောက်မှ ရမယ်ဆိုလည်း ဖြစ်စေ၊ သို့မဟုတ် တချို့ကို လွတ်မြောက်ပြီး ကျန်တာကို ကျွန်အဖြစ် ဆက်ထားရမယ်ဆိုလည်း အကြောင်းမဟုတ်၊ ဘယ်လိုနည်းမျိုးနဲ့ ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ်One Nation ကို တည်ဆောက်မယ်” ဆိုတာ သမိုင်းတွင် ကျန်ရစ်ခဲ့တဲ့ စကားတခုပါ။

ဒီစကားကို ရာစုနှစ် ၂စုကြာ၊ ခိုင်မြဲတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ပိုင်ဆိုင်တဲ့ ဒီမိုကရေစီ လမ်းပြနိုင်ငံတခုရဲ့ ကွန်ဂရက် (Congress) မှာ လင်ကွန်း တွေ့ဆုံ ဆွေးနွေး အဖြေမရှာနိုင် ခဲ့ပါဘူး။

အမေရိကန် နိုင်ငံရေး စိတ်ကူးစိတ်သန်းဆိုတာ သူတို့ဆီက ကြီးကျယ်ခိုင်ခန့်တဲ့ ဖီလော်ဆော်ဖါ များဖြစ်တဲ့ အရစ္စတိုတယ် Aristotle (384-322 BC)၊ သောမက်(စ်) အကွီနက်(စ်) Thomas Aquinas (1225-1274)၊ ဂျွန်လော(ခ်)John Locke (1632-1704) တို့က ပေါက်ဖွားလာသော်ငြား၊ ဒီ စိတ်ကူးစိတ်သန်းတွေ ကမာ္ဘမှာ နေရာယူဖို့ အတွက် လင်ကွန်း သူ့မြေ သူ့ရေကို မီးလောင်တိုက်သွင်း ပြာခင်းပစ်မဲ့၊ သူ့စိတ်ကူး စိတ်သန်းတွေကို ကောင်အထည် ပေါ်အောင်လုပ်ပေးမဲ့ နောက်လိုက် ရှာပုံတော် ဖွင့်ခဲ့ရသည်။

ဒီလိုနှင့် ယူလီစ ဂရန် ့(Ulysses S. Grant) တို့ အမေရိကန် တောင်းပိုင်းမှာ မြင်သမျှ ရွာ မီးရှို့၊ တွေ့သမျှ မြို့တွေထဲ အမြှောက်တွေ ပစ်ထည့်၊ စားလို့ရတာ အကုန်ယူ ကျန်တာ ဖျက်ဆီး၊ ယောကျာ်း၊ မိန်းမ မချန် သူ့မြေပုံပေါ်မှာရှိသည့် တွေ့… တွေ့သမျှသော ရန်သူ့ အမှတ်အသား မှန်သမျှ ရှင်းခဲ့ လင်းခဲ့ (လက်ခမောင်းခတ်—အမောက်ထောင်ပြခဲ့) ရသည်။ Total War ရန်/ငါ စည်းပြတ် ရှင်းရှင်း ဆက်ဆံခြင်းလို့လည်း နိုင်ငံရေးမှာ ဆိုနိုင်သည်။

၁၉ ရာစု၊ ၂၀ ရာစု၊ ၂၁ ရာစု၊ ကြိုက်သည့် ရာစုပဲ ဖြစ်ပါစေ၊ အင်အားနှင့် အကြမ်းဖက်မှုဆိုတာ သဘာဝတရား၊ အရှိတရားဖြစ်ပါသည်။ အင်အားနှင့် အကြမ်းဖက်မှုသည် အတွေ့အကြံု ဖြတ်သန်းမှုများအရ ဖြစ်စေ၊ အတွေ့အကြံု ဖြတ်သန်းမှုများကနေ လေ့လာ သင်ယူသိရှိ၍ ဖြစ်စေ တုန့်ပြန်လာသည့် တုန့်ပြန်မှုများ (Learned Behaviors and Learned Responses) မဟုတ်ပါ။ ကနေ့ ခေတ် ကောင်းမွန်မြတ်သော စိတ်ကူးစိတ်သန်းများနှင့် လူ့ဘောင်အဖွဲ့အစည်း များဆိုတာ အကြမ်းမဖက် တိုက်ပွဲဝင်မှုများကို ဖြတ်သန်းပြီး တည်ဆောက်လာသည်ထက်၊ အကြမ်းဖက်မှု များစွာကို ဖြတ်သန်း၍ တည်ဆောက်ခဲ့ကြသည်မှာ အထင်အရှားပါ။ ဆက်လက်၍လည်း တည်ဆောက်နေကြသည်မှာ မျက်မြင်ဖြစ်သည်။ ဗုံးတွေကြဲသည်။ သေနတ်တွေ ပစ်သည်။ လေယာဉ်တွေ စီးပြီး တိုက် ခွဲသည်။ ဒါဆို လူတွေ အရှိတရား၊ မျက်မြင်များကို ဘာကြောင့် လက်ခံရန် အကြောက်အကန် ငြင်းဆန် နေကြသနည်း။ အကြောင်းတော့ ရှိပါသည်။ အခုပြောလို့ မဖြစ်သေးပါ။

လိုရင်းကို ကောက်ရရင်၊ အဓိက အငြင်းပွားနေသည့် ပွိုင့် မှာ၊ မြန်မာပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး ပေါ်ပေါက်လာဖို့ အတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ အဖွဲ ့အစည်းများက သူ့ ရပ်တည်ရာ ကွဲပြားမှု၊ အခြေအနေ မတူညီမှု အပေါ်မှာ အခြေခံပြီး၊ ပုံသဏ္ဍာန်ခြားနားတဲ့ တိုက်ပွဲဝင်မှုများ၊ အာရုံထား လုပ်ဆောင် သွားဖို့ပဲ ဖြစ်သည်။

ဥရောပနိုင်ငံများ၊ အနောက်နိုင်ငံများ၊ ကွန်ဖရန့်များ (Conferences) များကို တက်ရောက်ပြီး၊ ကိုယ်လုပ်မည့် အစီအစဉ်များက်ို ရှင်းပြပြီး အကူအညီ တောင်းခံနေမှာထက်၊ ကိုယ်တိုင်က (န.အ.ဖ နဲ့ ပါတ်သက်ရာ ပတ်သက်ကြောင်း များကလွဲပြီး တတိုင်းပြည်လုံး ထမင်းရေ သောက်နေသည့် အချိန်မှာ) ပြည်သူများနှင့် လက်ရေ တပြင်တည်း၊ ငတ် အတူ၊ သေ အတူ တိုက်ပွဲဝင်သည့် ဒီမိုကရက်တစ်(အဖွဲ့)များ၊ ကွဲထွက်လာသည့် သီးသန့် လူတန်းစားများ မဟုတ်ပဲ ပြည်သူများ၏ အကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်သည့် လှုပ်ရှားမှုများ ပေါ်ထွက်လာအောင် ကျိုးပမ်းတိုက်ပွဲဝင်သည့် ခေါင်းဆောင်များ၊ အဖွဲ့များဖြစ်လာရင် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ ဆိုသည်မှာ ကိုယ်ရှိသည့်နေရာကို လာရောက်၍၊ ကိုယ့်လိုအပ်ချက်များကို မေးမြန်းပြီး အကူအညီ ပေးလာမှသာ မြန်မာပြည်ဒီမိုကရေစီ ရရှိရေး လမ်းကြောင်းမှန်ပေါ် ရောက်မည်ဟု သုံးသပ်နိုင်သည်။

အောင်ဆန်းပြောခဲ့သည့် “ရာဇဝင်တွေကို လေ့လာနေတာထက်၊ ရာဇဝင်ကို ကိုယ်တိုင်ရေးနိုင်သူ ဖြစ်အောင်လုပ်ရမယ်” ဆိုသည့် စကားသည် အတုယူစရာဖြစ်သည်။ ဆိုတော့ ကြားနေ မြင်နေရသည်မှာ ဒီမိုကရက်များ၊ ပြုပြင်ပြောင်းလဲ လိုသူများသည် အောင်ဆန်းကို စံပြ (Role Model) အဖြစ် ကိုးကားကြသည် ဆိုတော့၊ ကိုယ်တိုင် ရာဇဝင်မရေးခင် အောင်ဆန်းရေးခဲ့သော ရာဇဝင် ကိုတော့ လေ့လာတန်ရာ ကောင်းသည်။

လောက၌ ရွေးချယ်သူ နှင့် ရွေးချယ်ခံရသူ လူ့အမျိုးအစား ၂ မျိုးသာရှိသည်။ အောင်ဆန်းသည် မြန်မာ့ လွတ်လပ်ရေးကို ရွေးချယ်သူ အဖြစ်မှ ရယူခဲ့သည်။ အောင်ဆန်း၏ နောက်တွင် ပြည်သူရှိသည်။ စစ်တပ်ရှိသည်။ အခြေအနေကောင်း၊ အကြောင်းတရား ကောင်းတွေရှိသည်။ အောင်ဆန်း၏ အမြော်အမြင််ကျယ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ထပ်လောင်း ပေါင်းစပ်လိုက်သည့်အခါ၊ အင်္ဂလိပ်သည် အောင်ဆန်း၏ ရွေးချယ်မှုကို ခေါင်းညိတ်ရသည်။

အောင်ဆန်းသည် နိုင်ငံရပ်ခြားများက ရွေးချယ်ပေးသော တော်လှန်ရေး၊ လွတ်လပ်ရေးကို အရှင်းလက်မခံ၊ ကိုယ်တိုင် ရွေးချယ်ယူခဲ့… သူ၊ ပိုပြီး အနုစိတ်ရရင် မြန်မာ့လွတ်လပ်ရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်၍ ရယူခဲ့ … သူ၊ စိတ်ကူးနှင့် ပင် ရူးလို့ ရလောက်သည့် အာဇာနည် သူရဲကောင်းဖြစ်သည်။

မြင်ခဲ့သမျှ အားလုံးကို တကြောင်းထဲစုပြီး မီးမောင်းထိုးပြရယင်် ၂၀၁၀မှှာ မြန်မာအားလုံး NLD ၏ ရပ်တည်ချက်ကို ဝိုင်းရံပြီး၊ ရေရှည် လူထုရုန်းကြွမှုကို နိုင်ငံရပ်ခြားက ရွေးချယ်ပေးသော တော်လှန်ရေးများကို ငြင်းဆန်ပြီး၊ ကိုယ်တိုင်ရွေးချယ် ယူသော၊ အမြော်အမြင််ကျယ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသော တိုက်ပွဲတခုကို ရေးဆွဲ ကြည့်မြင်ကြပါစို့။

ကျော်ငြိမ်းမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here