ဆွီဒင် ရဲသင်တန်းကျောင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဦးရေပိုများလာ

alt

ဆွီဒင် နိုင်ငံရှိ ရဲသင်တန်းကျောင်းသို့ တက်ရောက်လာသူများ အနက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး ဦးရေက အမျိုးသားဦးရေ များထက် ပိုများခဲ့ကြောင်း သိရှိရသည်။

 အူမီယို နှင့် ဗက်စ်ဂျုယ် ရှိ သင်တန်းများသို့ ဇန်နဝါရီလ အတွင်း စာရင်းပေးသူ (၁၅၈)ဦး ရှိခဲ့ရာ (၈၁)ဦးမှာ အမျိုးသမီးများ ဖြစ်ပြီး အမျိုးသား အရေ အတွက်မှာမူ (၇၇)ဦးမျှသာ ရှိနေခဲ့သည်။ ဆွီဒင်နိုင်ငံ ရဲသင်တန်းကျောင်းမှ တာဝန်ရှိသူ တဦးဖြစ်သည့် အက်ဘာဆဗာနီ အာဗီလ်က ယခု ဖြစ်ရပ်သည် နိုင်ငံအတွင်း ရဲဝန်ထမ်း တာဝန်ကို ထမ်းဆောင်လိုမှု တိုးတက် လာခြင်း၏ သက်သေဖြစ်ပြီး အမျိုးသမီးရော၊ အမျိုးသားပါ ရဲဝန်ထမ်း ဖြစ်လာချင်သည့် ဆန္ဒရှိမှုကို ဖော်ပြ နေမှုကြောင့် ဂုဏ်ယူ မိကြောင်း ပြောကြားခဲ့သည်။

လူတန်းစား အလွှာ အသီးသီးမှ အမျိုးသား၊ အမျိုးသမီး များသည် ရဲဝန်ထမ်း ဖြစ်လာရန် စိတ်ဝင်စား နေကြပြီး ဆွီဒင်ရဲမေ ဖြစ်လာရန် ကိုယ်တိုင်လည်း စိတ်အား ထက်သန်သောကြောင့် သင်တန်းသို့ လျှောက်လွှာ တင်ခဲ့ကြောင်း ရဲမေသစ် တဦးဖြစ်သည့် မော်နီကာ လန်ဒါဂတ် ကဆိုသည်။ အမျိုးသမီး ရဲမေများ အရေအတွက် များပြားလာခြင်းသည် လိင်ခွဲခြားမှု ပပျောက်လာသည့် အထိမ်းအမှတ် တခုလည်းဖြစ်ပြီး ပြည်သူများကို အကာအကွယ် ပေးနေသည့် ရဲဝန်ထမ်း အလုပ်အတွက် ဂုဏ်ယူသူ အရေအတွက် များပြား လာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း မော်နီကာက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here