အမေရိကားနှင့် အလုပ်ခွင် စစ်ပွဲ

alt

အမေရိကားမှာ ပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်နေကြတာဟာ မကြာမီ အနားယူ တော့မဲ့ ရီပါပလစ်ကင် ဘုရှ်အစိုးရရဲ့ စီမံ ခန့်ခွဲမှု ညံ့ဖျင်းတာရယ်၊ သူ့ရဲ့ စီးပွားရေး မဟာဗျူဟာ အမှား ကို ပြုပြင်ခြင်း မရှိပဲ တရားသေ လက်ကိုင်ထားပြီး ခေါင်းမာတာရယ်၊ စစ်စရိတ် ထောင်းလို့ ဖြစ်ရ တာလို့

အမေရိကန် ပြည်သူတွေ က ပေါ်ယံရှပ် ပြီး ရှုမြင် ကြ ပါတယ်။

ဒီ စီပွားရေး လဲပြိုမှု ဂယက် နောက်ဆက် တွဲ ကို အမေရိကား ရောက် မြန်မာ တွေလည်း အဲဲဒီ အရှိန်ကို ခံစား စံစား ကြရ တာပါပဲ၊ အမေရိကန် နိုင်ငံ အနောက်ဖက် အခြမ်းမှာ တော့ ဝါရှင်တန် ပြည်နယ် ဆီအက်တယ်လ်မြို့ မှာ အခြေစိုက်တဲ့ ဘိုးရင်း လေယာဉ် ကုမ္မဏီ က အလုပ်သမား တွေ အရင်အလုပ်စ ပြုတ်ကြ ပါတယ်၊ မိုက်ခရိုချစ် ပရော့က် ဆက်ဆာ တွေ ထုတ်တဲ့ အင်တယ်လ် ကုမ္မဏီက သူတွေလဲ အနားပေး ခံရလို ခံရ၊ ကမာ္ဘကျော် နိုက်ကီ ဖိနပ် ကုမ္မဏီက တချို့လဲ အလုပ်ဖြုတ် ခံထိကြ ပါတယ်၊ တချို့ မလဲပြိုပဲ ယိုင်နဲ့နဲ့ ဖြစ်သွား တဲ့ အမေရိကန် ကုမ္မဏီ တချို့ တွေတော့ မက္ကဆီကို၊ တရုတ်နဲ့ ဗီယက်နမ်ကို ရွှေ့သွား ကြပါတယ်၊ လွန်ခဲ့တဲ့  ၂ ပါတ်ကျော်က သမတဘုရှ် ဟာ အေဘီစီ ရုပ်မြင်သံကြား မှာ သူ့ စီးပွားရေးဗျူဟာ မှန်တယ် လို့ကို သူ့ရဲ့ နောက်ဆုံးအချိန် အထိ ခုခံ ပြောဆို နေပါ သေးတယ်။

အမေရိကန် နိုင်ငံမှာ ၂၀၀၈ ခုနှစ် တနှစ်လုံး အတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ ရသူ စုစုပေါင်း ၂.၆ သန်းနီး ပါး ရှိနေပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တလ ထဲမှာပဲ အလုပ်လက်မဲ့ ၅၂၄,၀၀၀ ရှိနေ ပါပြီလို့ အမေရိကန် အစိုးရ ရဲ့ အလုပ်သမား ရေးရာ ဆိုင်ရာ ဌာနက ကြေညာချက် ထုတ်ပြန် ခဲ့တယ်၊ ယခင်နှစ်က အလုပ် လျှော့ချ သည့်နှုန်းထားမှာ ၁၉၄၅ နောက်ပိုင်းတွင် အဆိုးရွားဆုံး ဖြစ်ကာ အမေရိကန် အလုပ်သမား အစည်းအရုံး မှ ထုတ်ဖေါ် ပြောကြားရာ၌ အမျိုးသား အလုပ်လက် မဲ့နှုန်းမှာ ဒီဇင်ဘာလ က ရ.၂ ရာနှုန်းသို့ ရောက်ရှိခဲ့ပြီး ၁၆ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ကာ နို၀င်ဘာလက ၆.၈ ရာနှုန်းထက် စာပါက အညွှန်းကိန်း အတော်ကို ထောင်တက် သွားခြင်း ဖြစ်သည် လို့ ဖေါ်ပြ သွားပါတယ်။

အခု စာရေးသူ က အမေရိကန် နိုင်ငံ အတွင်း နေထိုင် ကြတဲ့သူများ၊ ရောက်လာ လတ္တ့ံသော မြန်မာ နိုင်ငံသားများ အတွက် အခြေခံပြီး ရေးသားမှာ ဖြစ်သလို အခြေခံ အလုပ်သမား တွေ အကြောင်း ကို ဇောင်းပေးမှာ ဖြစ်ပါတယ်၊ အမေရိကန် အစိုးရက လူသားချင်း စာနာ ထောက်ထား တယ်လို့ ကမာ္ဘအလယ် မှာ ပြောပြီး မြန်မာ့စစ်ပြေး ဒုက္ခသည် တွေကို နယ်စပ် ဒေသ ကနေ အလုံးအရင်း နဲ့ ခေါ်ယူတာဟာ တချို့ နေရာမှာ ရည်ရွယ်ချက် တွေ ရှိနေ ပါတယ်၊ သတင်းတပုဒ် အရ သုံးသပ်ရယင် ပြီးခဲ့တဲ့ နှစ်လည်ပိုင်းလောက်က အမေရိကန် နိုင်ငံတခွင် တရားမဝင် နေထိုင်သူတွေ ကို လိုက်လံ ဖမ်းဆီး နေရပ်ပြန်ပို့တဲ့ စစ်ဆင်ရေး လုပ်ပါတယ်၊ တက္ကဆတ် ပြည်နယ်က နာမည်ကျော် အမဲ သားသတ် စက်ရုံကြီး တခုမှာ တရားမဝင် တဲ့နည်းနဲ့ အလုပ် လာလုပ်ကြတဲ့ အိမ်နီးချင်း မက္ကဆီကို၊ ဂွာတီမာလာ စတဲ့ လက်တင် အမေရိကား နိုင်ငံသား အတော်များများ ဖမ်းဆီးခြင်း ခံရလို့ အဲဒီ တက္ကဆတ် ဟူစတန်က သားသတ် စက်ရုံ ပိတ်လိုက် ရပါတယ်၊ ဒီလိုနဲ့ ၂လအကြာ ချိန်သား ကိုက် ပြောရ မလားပဲ၊ တက္ကဆတ် ဟူစတန် ကို မြန်မာ ပြည်နယ် နယ်စပ် ဒေသက ကရင် အမျိုးသား တွေ တလှေကြီး ရောက်လာ လို့ စက်ရုံ ပြန်ဖွင့် နိုင်ခဲ့ရပြီလို့ နယူးယောက် ထိုင်း သတင်းစာမှာ ဖေါ်ပြ ထားတာကို ပြန်ပြောင်း သုံးသပ် ရယင်ဖြင့် ခေတ်သစ် ကျေးကျွန်တွေ အမေရိကန် နိုင်ငံက ကမာ္ဘ့ အလယ် မှာ ယဉ်ကျေးစွာ နဲ့ လူသားချင်း စာနာတယ်လို့ နာမည်ကောင်းယူ တံဆိပ် တပ်လိုက်ခြင်းခံ ရတယ် လို့ ထင်သာ မြင်သာ ရှိရ ပါတယ်။

အမှန်တော့ ဒီလိုရှုမြင်ချက်ဟာ အောက်ဖေါ်ပြပါ အချက်အလက်တွေက အထောက်ကူ ပြုပါ့မယ်၊ အမေရိကန် နိုင်ငံသား လို့ခေါ်တဲ့ ဒေသခံများ မှာ ပညာတတ် လူတန်းစား ပွားများ လာတာနဲ့ အမျှ စက်မှုနိုင်ငံ ဖြစ်တဲ့ အမေရိကန် စီးပွာရေး ရဲ့ ဒေါက်တိုင် တွေ ဖြစ်တဲ့ Manufacturing အပိုင်းက အခြေခံ အလုပ်သမား လိုအပ်ချက် တွေ များပြား လာပါတယ်၊ ဒီလို အပ်ချက်တွေ အတွက် ကမာ္ဘပေါ်က စစ်ဖြစ်တဲ့ ဒေသ၊ သဘာဝ ဘေးကပ်ဆိုးတွေ ကျရောက်ရာ ဒေသက  ဒုက္ခသည် တွေကို နှစ်စဉ် လူဦးရေ ခြောက်သောင်းခွဲ နီးပါးလောက် ခေါ်ယူ တင်သွင်းလာပြီး အလုပ်သမား လိုအပ်ချက် ကို ဖြည့်ဆည်း ပါတော့တယ်၊ ဒီထက် အနဲငယ်မြှင့်တဲ့ အတန်းအစား လိုအပ်ချက် တွေကို DV လို့ လူသိများ တဲ့ ဂရင်းကဒ် ထီ ဆိုတဲ့ အစီစဉ်နဲ့ ဘွဲ့ရမှတို့ အင်္ဂလိပ်လို နားလည် ရေးဖတ် နိုင်မှတို့ ပညတ်ချက် တွေနဲ့ အမေရိကန် နိုင်ငံထဲ ဆွဲခေါ်သွင်း ခဲ့တာပါပဲ၊ အတော်အတန် ဖေါက်ထွက်နိုင်တဲ့ သူများမှ အမေရိကား မှာ လူလူသူသူ ရပ်တည်ရေး အတွက် အလုပ်လုပ် ယင်း ကျောင်းတက်၊ ဘွဲ့ရ မှ ကော်လံဖြူ လောက ထဲ ဝင်တိုး နိုင်ကြ မှာပါ။

ဒီလို အမေရိကန် စီးပွားရေး ကျဆင်းမှု ရဲ့ နောက်ဆက်တွဲ မှာ အခြေခံ အလုပ်သမားတွေသာ အရင် ထိခိုက်ကြ ရတာပါ၊ ကမာ္ဘ အရပ်ရပ် က တသောသော ဝင်လာကြတဲ့ လူမျိုးစုံ အမေရိကားမှာ ကုမ္မဏီတွေ အလုပ်အကိုင် တွေက အနားပေး ခံလိုက်ရတဲ့ အလုပ်သမားများ အချို့ရဲ့ အလုပ်အကိုင် ရှာဖွေမှု အဓိ ပြဿနာ ကတော့ ဘာသာစကား ပြဿနာပါ၊ အင်္ဂလိပ်စာ၊ စကား၊ မရေးမဖတ် မပြောနိုင်ဖူး၊ အတိုင်းအထွာ တွေ၊ ဘလူးပရင့် မဖတ်တတ်ဖူး၊ ကွန်ပြူတာ အခြေခံ သုံးနည်းကို ကီးဘုတ် လောက်မှ မယှဉ်ပါး တဲ့သူတွေ ဟာ စက်မှုဖွ့ံဖြိုးတဲ့ နိုင်ငံကြီးမှာ “ကိုယ်ဟာ လူကြမ်းလေးပါ” သီချင်း ဆိုပြ စရာမလိုတဲ့ ခပ်ကြမ်းကြမ်း လူကြမ်းအလုပ်တွေပဲ လုပ်ရမှာမို့ အလုပ်ရှားပါးချိန်မှာ အင်တာဗျူးလောက်မှ ကိုယ်တိုင် မဗျူးနိုင်ဖူး၊ အွန်လိုင်းကနေ အပလီကေးရှင်း မတင်နိုင်ဖူး ဆိုယင်တော့ သူများနဲ့ သူတင်ကိုယ်တင် အလုပ်မရှာနိုင် တော့ပါဖူး၊ ဒီတော့ အခု နှစ်ပိုင်းအတွင်းမှာ ရောက်လာတဲ့ လူသစ်များ အဖို့ကတော့ အတော်အတန် ကသီလင်တ ဒုက္ခရောက်ကြရပြီး ( ဒုက္ခရောက်တယ် ဆိုတာကလည်း စားဖို့နေဖို့ ထောက်ပံ့ကြေး လောက်ဌယုံ အတိသာရပြီး အပိုငွေ လုံးဝ.. လုံးဝကို မရှိတာကို ပြောတာပါ )   နေသားကြ သူတွေတောင်မှ အထက်ပါ အချက်အလက်တွေမှာ ထိနေ ငြိနေယင်၊ အလုပ်ကောင်းတွေကို အလုပ်အကိုင် ရှာဖွေရေး ကုမ္မဏီတွေကသာ လက်ဝါးကြီး အုပ်ထားတတ်တဲ့ ဒီလို နိုင်ငံမျိုးမှာ ပြောမဆုံးပေါင် တောသုံးတောင် ပါပဲ။

ဥပမာ အမေရိကားမှာ နာမည်ကြီး ကုမ္မဏီတွေ ဖြစ်တဲ့ ဘိုးရင်း၊ မိုက်ခရိုဆော့(ဖ်)၊ အင်တယ်လ်၊ နိုက်ကီ၊ မဲလ်ရစ်၊ တက်ထရောနစ်၊ ဆစ်ကို၊ စတဲ့နည်းပညာ ကုမ္မဏီတွေကို ပါတ်သက်ရာ ပါတ်သက်ကြောင်းနဲ့ အလုပ်ရဖို့ ဝင်ယင်ဝင်၊ မဝင်ယင် အလုပ်အကိုင်ရှာဖွေရေး ကုမ္မဏီတွေ ဖြစ်တဲ့ အိတ်စပရက်၊ စတတ်ဖိုင်ဒါ၊ ဂျော့ဘ်ဒင်ဂို တို့လို စသဖြင့်တို့က ချုပ်ကိုင်ထား တတ်ကြပါတယ်၊ အပလီကေးရှင်း၊ စီဗွီ၊ ရဇူးမင်း ကိုသူတို့ ဆီမှာ တင်ရပါမယ်၊ အွန်လိုင်းကတင်လဲ ရပါတယ်၊ အင်တာဗျူးပြီးလို့ အလုပ်ရလို့ ကတော့ လုပ်ခရဲ့ နာရီတိုင်းမှာ တမတ်၊ ငါးမူး ဖြတ်နေတော့တာပါပဲ၊ အမေရိကား ထုံးစံအတိုင်း အစမ်းခန့် ၃လ ကနေ ၆လအကြာမှာ ဖြတ်စားလေ့ရှိပြီး အမြဲတမ်းခန့်မှ ငွေဖြတ်တာ ရပ်ပါတယ်၊ ဒီလိုနံမည်ကျော် ကုမ္မဏီတွေကလဲ ပညာရှင်ဆို ပညာရှင်မို့လို့၊ အလုပ်သမားဆို အလုပ်သမားမို့လို့ အခွင့်အလန်းတွေ ခံစားခွင့်တွေက သူမတူအောင် ကောင်းတတ်ပါတယ်။ ဒီတော့ ဥပဒေဘောင် အတွင်းက ဖြတ်စား လပ်စားကြတာ အရင်းရှင် စီးပွားရေး စနစ်ရဲ့ သရုပ်သကန်ပါ။

အမေရိကန် အစိုးရသတ်မှတ်နှုန်းထား ကတော့ လူတိုင်း ပုံမှန် ၁ရက် ၈နာရီနဲ့ ၅ရက် နာရီ၄၀လုပ်ရမှာပါ၊ တရက် ၁၂နာရီလုပ်ရတဲ့ အလုပ်ဆို ယခုအပါတ် ၄ရက်လုပ်ရပြီး၊ နောက်တပါတ်မှာ ၃ရက်ပါ၊ အမေရိကန်နိုင်ငံရဲ့ Floor Level လို့ခေါ်တဲ့ အခြေခံ အလုပ်သမားများဟာ ၁နာရီ လုပ်ခကတော့ ပြည်နယ် အလိုက်ကွာခြားပြီး ၈ဒေါ်လာကနေ ၁၂ဒေါ်လာ အထိပျမ်းမျှ နှုန်းထား ယခုနှစ်မှာ တရားဝင် ရှိနေပါတယ်၊ ပြီးခဲ့တဲ့ တပါတ်က ရေဒီယို အင်တာဗျူးတခုမှာ အချိန်မလုံလောက်မှုကြောင့် ထင်ပါတယ်၊ ထင်ယောင်ထင်မှား ဖြေထားတာ တခု ထောက်ပြချင်ပါတယ်၊ အလုပ်ပြုတ်သွားသူက အလုပ်လုပ်တုန်းက ၁ပါတ်ကို ဒေါ်လာ ၂၅၀ ရပါတယ်၊ အလုပ် အနားပေးခံရတော့ ဒေါ်လာ၂၄၀ ကျော်လောက် အစိုးရနဲ့ ကုမ္မဏီက ထောက်ပံ့ထားတယ်လို့ ဖြေတော့၊ အမေရိကန်နိုင်ငံ ပြင်ပကသူတွေက အလုပ် မလုပ်ပဲနေတာ ပိုကိုက်တယ်လို့ မြင်မိမှာမို့ပါ။

အမှန်က အင်တါဗျူး ဖြေကြားသူဟာ ၃နှစ်ဆက်တိုက် အလုပ်လုပ်ခဲ့တော့ သူမ အခွန်တော် ထမ်းခဲ့တဲ့ငွေတွေ ထဲက၊ ပင်စင်ယူရင် သုံးဖို့စုထားပေးတဲ့ ငွေတွေထဲကနေ ပြန်ထုတ်ပေးနေတာပါ၊ အလုပ် မလုပ်ခဲ့ဖူးသူ အခွန်တော် မထမ်းခဲ့ဖူးသူ တွေကိုတော့ ခံစားခွင့် အကျိူး မရှိပါ၊ သိပ်ခက်ခဲလွန်းလို့ စည်းမျဉ်း စည်းကမ်းနဲ့ ငြိရင် ခံစားခွင့် ပေးခဲ့ယင်လဲ နှောင်ကြိုးနဲ့ပါ၊ မိမိ အလုပ်လုပ်တဲ့ အခါ တဖြေးဖြေးနဲ့ အစိုးရက ပြန်နှုတ်ယူသွားပါတယ်၊ အလုပ်က အနားပေးခံရသူတွေ အကျိုးဆက်ရဲ့ နောက်ကွယ်မှာ အလုပ်သမား ရေးရာရုံးက ကြိုးကိုင်ထားပြီး ၁ပါတ်ကို ၁ကြိမ်အလုပ် ဘယ်မှာရှာနေကြောင်း အနည်းဆုံး အလုပ်ရှာ ကုမ္မဏီ၅ခုလောက် ရပို့တ် လုပ်ရပါတယ်၊ လိုအပ်ယင် အလုပ်ခွင် ကျွမ်းကျင်မှု သင်တန်းတွေ တက်ရပါတယ်၊ နောက် ကိုယ့်ဟာကို မရှာနိုင်တော့ဖူး ဆိုယင် Job counselor ၊ Job Coach ၊ Case Manager/ Worker တို့ကရှာပေးတဲ့ အလုပ်ကို လုပ်ရပါမယ်၊ အမေရိကားမှာ အလုပ်မရှိယင် ရပ်တည်ဖို့ မလွယ်ပါ၊ အစိုးရကလည်း အကြောင်းမဲ့ ငွေမပေးထားပါ၊ အမေရိကန်တွေ ပြောနေကြ စကားများလိုပါပဲ “Nothing get free, Anywhere !” ပါပဲ။

အထက်က ရေးသားဖေါ်ပြချက်များဟာ Laid Off လို့ခေါ်တဲ့ အလုပ်က အနားပေး ခံရသူများ အတွက်ပါ၊ အလုပ်ခွင်ကနေ ကိုယ်ဟာကိုယ် ထွက်လာခဲ့တာတွေ၊ ဖိုင်းယား လို့ခေါ်တဲ့ အလုပ်ခွင်မှုခင်း ပြစ်ဒါဏ် ထိသူတွေတော့ ယင်းခံစားခွင့်များ မရှိပါ၊ များသောအားဖြင့် လူကြမ်းအလုပ်တွေကို စိုက်ပျိုးရေး ဥယျာဉ်ခြံမြေလုပ်ငန်းများ၊ သားသတ်စက်ရုံ၊ သန့်ရှင်းရေး လုပ်ငန်းများ၊ စားသောက် ကုန်လုပ်ငန်းများ၊ အထည်အလိပ်ချုပ်လုပ်ခြင်း လုပ်ငန်းများ၊ အာရှစားသောက်ဆိုင် လုပ်ငန်းများ၊ စသဖြင့် 3D လုပ်ငန်းတွေမှာ လုပ်ကိုင်ရတာ များပါတယ်။

ကော်လံပြာ လူကြမ်းဘဝ ဖေါက်ထွက်ချင်သူ များအတွက်ကိုတော့ အလုပ်အကိုင်လေး တခုမြဲအောင်လုပ်၊ ပေးရမဲ့ လစဉ်ကြေး အကြွေးတွေ မှန်မှန် ရက်မလွန်အောင်ပေး၊ ကွန်မြူနတီ ကျောင်းတွေမှာ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းကလေးတက်၊ မြန်မာတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အိမ်တွင်း အကြမ်းဖက်မှု တွေကိုရှောင်၊ အရက်သောက်ပြီး ကားမမောင်းနဲ့၊ မသိတာကိုမေး ဗဟုသုတရှာမှီ၊ ဥပဒေကို လေးစား လိုက်နာနိုင်ခဲ့ယင် ဂျော့ရှ် ဒဘယူလ် ဘုရှ် ဖန်တီးခဲ့တဲ့ အလုပ်ခွင်စစ်ပွဲတွေကို အခွင့်အလန်းတွေနဲ့ ကျော်လွှားနိုင်မှာပါ၊

အိပ်မက်တိုင်းပြည်လို့ ခေါ်တဲ့ အမေရိကားဟာ အမှန်တော့ လူတွေ ထင်ထားသလို ရွှေမိုးငွေမိုးတွေ ရွာချတဲ့နိုင်ငံ မဟုတ်ပါဖူး ကြိုးစားခြင်း အခွင့်အလန်းတွေ ရှိတဲ့နိုင်ငံပါ၊ သေခြာတာဆို့လို့  ဘင်ဂျမင် ဖရန်ကလင် သမိုင်းဝင်ပြောခဲ့တဲ့ “ အမေရိကားရဲ့ သေခြာခြင်းဆိုတာ  Tax နဲ့ Death”  ပဲရှိတယ် ဆိုတာကိုတော့ မှတ်သား ထားရမှာပါ။    ။

LEAVE A REPLY

Please enter your comment!
Please enter your name here