သွေးသစ် လောင်းရမည့် အလှည့်အပြောင်း

alt

အလှည့် အပြောင်း ကာလ က အပြောင်းအလဲ ကို ဖန်တီး ပေးတတ် သည်။ သို့သော် အခြေအနေ က ပေးအပ် လာသည့် အပြောင်းအလဲ ကို လှမ်းဆွတ် ယူဖို့ အဆင်သင့် ဖြစ်မနေ ခဲ့ဘူး ဆိုရင်တော့ ရခဲ လှသည့် မဟာ အခွင့်အလမ်း များ ကို

လက်လွှတ် ဆုံးရှုံး သွားရမည် မှာ သေချာ နေပေ သည်။

ထိုကဲ့သို့ အပြောင်းအလဲများ နှင့် လမ်းလွဲ ခဲ့ရသည့် အဖြစ်အပျက်များ ကို ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းစာ မျက်နှာများ ပေါ်တွင် အထင်အရှား တွေ့ မြင် နေရသည်။ ကျောင်းသားများ၏ ဦးဆောင်မှု နှင့် လူထု တရပ်လုံး ပူးပေါင်း ပါ၀င် လက်တွဲဆင်နွဲ ခဲ့ကြခြင်း ကြောင့် ရှစ်ဆယ့်ရှစ် လူထု အရေးတော်ပုံကြီး က မ.ဆ.လပါတီ ၏ အုပ်ချူပ်ရေး ယန္တရားကြီး တခုလုံးကို ရပ်တန့် ပစ်နိုင် ခဲ့သည်။ သို့သော် ထိုကာလ ၌ ဒီမိုကရေစီစနစ် ကို အသက်သွင်း လိုသည့် အတိုက်အခံ နိုင်ငံရေးသမား သည် ကြားဖြတ် အစိုးရဖွဲ့ စည်းပြီး တိုင်းပြည်အား ထိန်းချူပ် ထားနိုင်ရန် အဆင်သင့် ဖြစ်မနေ ခဲ့ကြပါ။ ထိုမှတဖန် ၉၀-ခု ရွေးကောက်ပွဲ က ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုများကို တိုင်းပြည်အား ဒီမိုကရေစီ စနစ်ဆီသို့ ချီတက် သွားနိုင်သည့် မဟာ အခွင့်အရေး လမ်းကြောင်းကြီး တခု ခင်းချ ပေးခဲ့သည်။ သို့သော် ဤ တကြိမ်၌ လည်း အတိုက်အခံ နိုင်ငံရေး သမားများ သည် ဒီမိုကရက်တစ် အစိုးရဖွဲ့ စည်းရန် အဆင်သင့်ဖြစ် မနေ ခဲ့ကြပါ။ ဤသို့ဖြင့် အားလုံးသိရှိထားကြသည့် အတိုင်း မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးကြီး သည် အောင်မြင်မှု ကင်းမဲ့စွာ နှစ် ၂၀ သက်တမ်းကာလကို ကျော်လွန် ဖြတ်သန်း ခဲ့ရပြီး တဘက်တွင် အကြွင်းမဲ့ စစ် အာဏာရှင်စနစ် သည် သက်ဆိုး ရှည်သထက် ရှည်လာ နေ ပေသည်။

ဤကဲ့သို့နှစ် ၂၀ ပြည့်လွန်ကာလတွင် နိုင်ငံရေး သုံးသပ်သူများက အတိုက်အခံ အဖွဲ့အစည်း များကြားတွင် ညီညွတ်ရေး ကင်းမဲ့သောကြောင့် ယခုလို မြန်မာနိုင်ငံ၌ လက်တဆုပ်စာ စစ်ဝါဒီများ သက်ဆိုးရှည်နေရသည်ဟု ဝေဖန်ရေးသား လာကြသည်။ အကယ်၍ ဒီမိုကရေစီအင်အားစုများ ညီညွတ်နေလျှင် န.အ.ဖ စစ်အုပ်စုကို အောင်မြင်စွာဖြုတ်ချနိုင်ပြီး လူထုတရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ်သို့ အမြန်ဆုံး အသွင်ကူးပြောင်း နိုင်မည်ဟု မှတ်ယူထား ကြသောကြောင့် ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် ဤကဲ့သို့ ထင်မြင် ယူဆချက်သည် လူတိုင်း လက်ခံနိုင်ဖွယ်ရှိသော်လည်း အနှစ်သာရ အားဖြင့်တော့ ယေဘုယျ ဆန်လွန်းသည်ဟု ပြောရပေမည်။တကယ်တမ်း နိုင်ငံရေးဖြစ်စဉ်အား ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် ညီညွတ်ရေးသည် မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အဓိက လိုအင်မဟုတ်ပဲ ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၏ အနာဂတ်ကို အမြင်ကျယ်ကျယ် လှမ်းကြည့်နိုင်မှု ကင်းမဲ့နေခြင်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ အရရော နည်းဗျူဟာ ပိုင်းဆိုင်ရာအရပါ အဆင်သင့် ဖြစ်မနေခြင်းကသာ ချို့ယွင်းချက် ဖြစ်နေသည်ဟု ယူဆရပေမည်။

လူမျိုးပေါင်းစုံပါ၀င်သည့် မြန်မာ့လူထုသည် နိုင်ငံရေးနိုးကြားမှု မြင့်မားပြီး ညီညွတ်မှုကို အမြဲတမ်း ထုတ်ဖော်ပြသနေခဲ့ ကြသည်။ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး၊ ၉၀-ခု ရွေးကောက်ပွဲရလဒ် နှင့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးများသည် လူထု၏ စည်းလုံးညီညွတ်ခြင်းများမှ မွေးထုတ်ပေးခဲ့သည့် တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံရေး အသီးအပွင့််များဖြစ်သည်။ လူထု၏ အရေးကြုံလျှင် သက်လုံကောင်းသည့် နိုင်ငံရေးစိတ်ဓါတ်နှင့် ဒီမိုကရေစီလိုလားသည့် ဆန္ဒများကို အမြဲတမ်း ထင်ရှားစွာတွေ့ မြင်နေရသည်မှာ ခိုင်မာသည့် သွေးစည်းခြင်းနှင့် လူမှုရင်းမြစ်များ (Strong Solidarity and Social capital) ရှိနေခြင်း ကြောင့်သာ ဖြစ်သည်ဟု သုံးသပ်လျှင် ငြင်းဖွယ်ရာ မရှိဟု ထင်သည််။ အတိုက်အခံပါတီအဖွဲ့ အစည်းများကို လေ့လာကြည့်လျှင်လည်း အားလုံး တညီတညွတ်တည်း လက်ခံကျင့်သုံးသည့် ဒီမိုကရေစီရရှိရေး မူဝါဒကို တွေ့ရပေမည်။ ထို့ကြောင့် ညီညွတ်ရေး နိုးဆော်သံသည် အပေါ်ယံ နားထောင်၍ ကောင်းသော စကားလုံးမျှသာဖြစ် နေပြီး နိုင်ငံရေးပြဿနာအား လက်တွေ ့ ကျကျ လမ်းပြဖြေရှင်းပေးနိုင်မည့် အဖြေကောင်းတခုဖြစ် မလာနိုင်ဟု ထင်သည်။ တကယ်တမ်းတွင် မြန်မာ့ဒီမိုကရေစီ တပ်ဦးကို ဦးဆောင်နေကြသူများ၌ ကြည်လင်ပြတ်သားသည့် လားရာအမြင် (Clear and determined vision) မရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည့် စုပေါင်းဦးဆောင်မှု ကင်းမဲ့နေခြင်းသည််သာ အဓိက အားနည်းချက်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီတော်လှန်ရေး အထမြောက်အောင်မြင်နိုင်မည့် လူထု၏ စိတ်ဓါတ်ခွန်အားနှင့် အသက်စွန့် ကြိုးပမ်း လှုပ်ရှားမှုများကို အလဟဿ ဖြုန်းတီးပစ်နေခဲ့သည်ဟု ပြောရပေမည်။

၁၉ရာစု ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဤအတွေးအခေါ်နှင့် ဆင်တူသော ထာဝရ အကျိုးစီးပွါးကို လက်ကိုင်ထားပြီး ဦးတည်သွားလိုသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့်် တွေ့ဆုံဆွေးနွေးရေးသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်ကို ဆယ်စုနှစ် (၂) စု နီးပါးခန့် ဖုံးလွှမ်းထားနေခဲ့သည်။ သို့သော် နိုင်ငံရေးခရီးအား အတူလက်တွဲသွား လိုသည့်အမြင်သည် အသုံးဝင်နိုင်ပေမယ့် မြန်မာ ပြည်အတွက်အသုံးမတည့်သည့် ဖလောဆိုဖီ် တခုဖြစ်နေကြောင်းကို အချိန်ကာလများက သက်သေပြ ခဲ့သည်။ နိုင်ငံရေးအမြင် မရှိသော န.အ.ဖ စစ်အုပ်စုက ထာဝရအကျိုး စီးပွါးဆီ အရောက်လှမ်းနိုင်ဖွယ် ရှိသည့် အမျိုးသား ရင်ကြားစေ့ရေးကို သူတို့၏ အကျိုးစီးပွါးအား ခွဲဝေပေးရမည့် ခြိမ်းခြောက်မှု တခုအဖြစ် ရှုမြင်နေမည်မှာ သေချာသည်။ နားလည်မှု လွဲခဲ့ဟန်ရှိသည့် နောက်အချက်တခု ကတော့ နိုင်ငံရေးနှင့် နိုင်ငံရေးစနစ်ကို ရောထွေးပြီး ချဉ်းကပ််ခဲ့ခြင်းပင် ဖြစ်သည်ဟု ပြောချင်သည်။ ကမ္ဘာ့ သမိုင်းစာမျက်နှာ များပေါ်၌ နိုင်ငံရေးစနစ်တွင် အမြဲတမ်း ရန်သူရှိကြောင်းကို ခိုင်ခိုင်မာမာ မှတ်တမ်း တင်ထားသည်။ ပဒေသရာဇ်၊ ဖက်ဆစ်နှင့် ကွန်မြူနစ်စနစ်တို့သည် လစ်ဘရယ် ဒီမိုကရေစီစနစ် အတွက် အမြဲတမ်း ရန်သူဖြစ်နေခဲ့ကြပြီး ထိုစနစ်များ ပြိုလဲကျရှုံး ချူပ်ငြိမ်းသွားခဲ့ခြင်းကြောင့်သာ ကမ္ဘာပေါ်၌ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျယ်ပြန့်စွာ ထွန်းကားလာ ခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူ့သမိုင်းတွင် ပေါ်ထွန်းခဲ့သော ဘယ်စစ်အာဏာရှင်မှ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အာဏာအား အလွယ်တကူလက်လျှော့အရှုံးပေးသွားခဲ့ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိုရ သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ဆက်စပ်ပြီး ရင်ကြားစေ့ဆွေးနွေး လိုခြင်းသည် မှားယွင်းသည့်လားရာအမြင် (wrong vision) တခုဖြစ်နေရုံသာမက မအောင်မြင် သည့်မဟာဗျူဟာ (failed strategy) တခုလည်းဖြစ်သည်ဟု ကောက်ချက်ချ သုံးသပ်နိုင်မည် ထင်သည်။

တဘက်တွင် အားလုံး သိရှိထားကြသည့် အတိုင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်် ခံရခြင်းကြောင့် သိန်းချီသေဆုံးပြီး သန်းချီသော ပြည်သူလူထုများ အတိဒုက္ခရောက်ကာ ကယ်သူမဲ့ နေသည့်ကြားမှ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပ၍ န.အ.ဖစစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအား မေလ ၂၉ ရက် ၂၀၀၈ ခုနှစ်တွင် အတည်ပြု ခဲ့ကြသည်။ စစ်အာဏာရှင် စနစ်ဆိုးအား ဆွဲဆန့် သွားနိုင်ရေးကို အဓိကရည်မှန်းသည့် ဤဖွဲ့စည်းပုံအား အတည်ပြု လိုက်ခြင်းသည် ရာစုတဝက်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပြဿနာများကြောင့် အမှောင်အတိ ဖုံးလွှမ်းခံနေရသည့် တိုင်းပြည်အား ထပ်မံ၍အနက်ရောင်ချယ်သလိုက်ခြင်းသာ ဖြစ်သည်။ တနည်းပြောရသော် အမှောင်ထဲ၌ အမှောင်ကို ထွန်းညှိခြင်းသာ ဖြစ်ပြီး အလင်းကို ရှာဖွေခြင်း မဟုတ်ပါ။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် လူထုဆန္ဒမဲတပြားမှ မပါပဲ အခွင့်ထူးခံ အမတ်များအဖြစ် နေရာယူထားကြမည့် စစ်ဗိုလ်များကသာ ကြီးစိုးချယ်လှယ်ခွင့်ကို အပြည့်အဝ ပေးထားသည့် ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အခြေခံအနှစ်သာရနှင့် လုံးဝဆန့်ကျင် နေသည်မှာ အထူးပြောစရာ မလိုတော့ပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံအား အသက်သွင်းကျင့် သုံးလာမည့် အစိုးရကိုလည်း အရပ်သားအစိုးရဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ စင်စစ်အားဖြင့် လက်ရှိစစ်စနစ်အား ပုံစံတမျိုးဖြင့် မွမ်းမံချယ်သထားသည့် ပုံစံသစ်တခုသာ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ လွှတ်တော်များတွင် လူထုသဘောထားနှင့် ထပ်တူကျသော ဥပဒေပြုနိုင်မှုများ ကင်းမဲ့လာနိုင်သလို ဖွဲ့စည်းပုံပါ ပုဒ်မများအား ပြင်ဆင်ရေးဆွဲ ပြဌါန်းပိုင်ခွင့်ကိုလည်း တင်းကျပ်စွာ ထိန်းချူပ်ထားသည်ကို တွေ့ရသည်။

ပွင့်လင်းစွာ ပြောရလျှင် လက်ရှိမြန်မာပြည်၏ အခြေအနေသည် ဓားပြဂိုဏ်းကြီးတခုက ရွာတရွာ အား ၀င်စီးထားသည့် အနေအထားမျိုး ဖြစ်နေသည်။ မုဒိမ်းကျင့်၊ လူသတ်တတ်ပြီး နိုင်ငံရေး စီးပွါးရေးအမြင် လုံးဝမရှိသည့် န.အ.ဖစစ်အုပ်စုက ချူပ်ကိုင်ထားသော တပ်မတော်ဟု ခေါ်တွင်နေ သည့် ဒီနေ့ကာလ ဗမာစစ်တပ်သည် အပြင်ပန်းအားဖြင့်သာ နိုင်ငံတနိုင်ငံ၏ စစ်တပ်အဖြစ်သတ် မှတ်၍ ရနိုင်သော်လည်း အနှစ်သာရ အားဖြင့်တော့ ခိုးဆိုးလုယက် လူသတ်ခြင်းများကို လက်ရဲ ဇက်ရဲကျူးလွန်တတ်သော ဓားပြဂိုဏ်း အဆင့်သာသာ ရှိတော့သည်ဟု ပြောရပေမည်။ ထိုသို့ ဓားပြများ၏ ၀င်စီးခြင်းကို ခံထားရသည့် တိုင်းပြည်တွင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းဖြင့် နိုင်ငံရေးအသွင် ကူးပြောင်းရေးသည် မှားယွင်းသော အဖြေရှာမှုတခု ဖြစ်နေမည်ဟု ထင်သည်။

ရှေ့မတိုး နောက်မဆုတ်သာသည့် အခြေအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြီး နှစ်ပေါင်း (၂၀) လွန်လာခဲ့သည့် ဒီနေ့ ကာလသည် အလှည့်အပြောင်း အချိုးအကွေ့ တနေရာသို့ ရောက်ရှိလာနေသည် ဟု ပြောရပေမည်။ အခုလို အလှည့်အပြောင်းကို လက်ဦးမှု ရယူသည့်အနေဖြင့် န.အ.ဖ စစ်အုပ်စုက ၎င်းတို့၏ စစ်စနစ်ကို ပုံစံတမျိုး ဖန်တီးပြီး အသွင်ပြောင်းဖို့ ကြိုးစားလာနေသည်။ တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ အတိုက်အခံ အင်အားစုများ အတွက်လည်း မဟာဗျူဟာ နည်းဗျူဟာနှင့် နိုင်ငံရေးမျိုးဆက်ပါ လူစားလဲ သွေးသစ်လောင်းပြီး သမိုင်းဆိုင်ရာ အဆုံးအဖြတ် ပေးရမည့် အချိန်ကာလတခုသို့ ဆိုက်ရောက်လာနေသည်ဟု ထင်သည်။ ယေဘုယျဝါဒီများ၏ ခံစားမှု အဓိကပဓါနဝါဒကို ကိုင်စွဲပြီး ဒီမိုကရေစီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစား နေခြင်းထက် လူထုအခြေပြု ဗဟုဝါဒဖြင့် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးဖို့ ရေရှည်စီမံကိန်း ချနိုင်သူများကိုသာ မြန်မာ့လူ့ဘောင်က လိုလားနေသည်ဟု ယူဆမိသည််။

သေချာနေသည်မှာ လာမည့် နှစ်ကာလများတွင် လူမှုစီးပွါး အကျပ်အတည်းများ (Socio-economic Crises) ကြောင့် လူထုပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပြီး စစ်အုပ်စု၏ အုပ်ချူပ်ရေး ယန္တရားအား ရပ်တန့် ပစ်နိုင်လောက်သည့် လူထုသပိတ်များလည်း ဖြစ််ပေါ်လာနိုင်သည်။ သို့ကြောင့် နောက်ပြန်လှည့်ပြီး အတိတ်၏အောင်ပွဲကို တသသဖြင့် လွတ်သော ငါးကြီးနေခြင်းထက် ဂိမ်းအသစ်ကစားရမည့် ယခုလို အနာဂါတ် စိန်ခေါ်ပွဲတွင် လူဟောင်းများဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရ သော ယှဉ်ပြိုင်မှုကိုစွန့် လွှတ်၍ သွေးသစ်လောင်း လူသစ်လဲခြင်းဖြင့်သာ အလှည့်အပြောင်းက ပေးသော အပြောင်းအလဲ ရလဒ်ကောင်းကို ရယူနိုင်မည်ဟု ယုံကြည်မိပါတော့သည်။ ။ ။

ညီညီထွေး (နယ်သာလန်)

LEAVE A REPLY

Please enter your comment!
Please enter your name here