ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ

alt

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်သည် တရုတ် လူမျိုး တို့၏ နှစ်သစ်ကူး ဖြစ် သည်။ တရုတ် တို့၏ ရိုးရာ အတိုင်း တိရိစာ္ဆန် (၁၂) ကောင် အား တနှစ်လျှင် တကောင်စီ ကို ကိုယ်စားပြု စေသည်။ 

၂ဝဝ၉ ခုနှစ် ကား “နွား”နှစ် ဖြစ်သည်။

ခုနှစ် တခုကို တိရစာ္ဆန် တကောင်ဖြင့် ကိုယ်စားပြု စေခြင်း မှာ ထိုနှစ် ကို မှတ်မိ ရ လွယ်ကူ စေရန် ဖြစ် သည်။ ဘယ် ခုနှစ် မွေးလဲ ဟု မေးလျှင် ခုနှစ် အတိအကျ ကို မှတ်မိ နိုင်စွမ်း မရှိသူများ ရှိတတ် သည်။ ဥပမာ ကလေး တယောက် သည် မည်သည့် ခုနှစ်တွင် မွေးဖွား သည် ကို မသိနိုင်ပဲ ရှိချင် ရှိမည်။ အသက်ကြီးသူ တချို့မှာ လည်း မည်သည့် ခုနှစ် ဆိုသည် ကို မေ့ကောင်း မေ့နေ နိုင်သည်။ သို့ဖြစ်ရာ တရုတ် လူမျိုး တို့၌ ဘယ်ခုနှစ် မွေးဖွားသလဲဟု မမေးပဲ ဘယ် တိရိစာ္ဆန်နှစ် မွေးသလဲဟု မေးသောအခါ ချက်ချင်း ပြန်ဖြေရန် လွယ်ကူ သွားသည်။

၂ဝဝ၉ ခုနှစ်သည် နွားနှစ် ဖြစ်၍လည်း တနှစ်ပတ်လုံး နွား ကဲ့သို့ ရုန်းကန် ရဦးမည်ဟု ခန့်မှန်း ကြသူများ ရှိသည်။ ယခုနှစ်ကား တကမာ္ဘလုံး ဘဏ္ဍာရေး အကြပ်အတည်းနှင့် ရင်ဆိုင် နေရသဖြင့် လည်ပတ်ငွေ အားနည်းသော ကြောင့် အလုပ်အကိုင်အသစ်များ ဖန်တီးရန် ခက်ခဲနေမည်ဖြစ်သည်။ စီးပွားရေးကို မည်သူမျှ အရှံုးခံ ၍လုပ်မည် မဟုတ်သောကြောင့် အလုပ်ဖြုတ် ရခြင်းများလည်း ရှိနေဦးမည်။ အလုပ်လက်မဲ့များ လျှင် ဝယ်ယူစားသုံးနိုင်စွမ်း ကျဆင်း တတ်သည့် အခြေအနေ မျိုးကဲ့သို့သော နောက်ဆက်တွဲ ဆိုးကျိုး များစွာ ရှိမည်။ ထို့ကြောင့်လည်း ရုန်းကန် ရမည်ဟု နိမိတ်ဖတ်ကြသည်ဟု ယူဆရသည်။

အမှန်စင်စစ် နွားဆိုသော သတ္တဝါ တမျိုးတည်းသာ ရုန်းကန်ရသည် မဟုတ်၊ သတ္တဝါတိုင်း အသက်ရှင်နိုင်ရေး အတွက် နည်းအမျိုးမျိုးဖြင့် အမြဲတစေ လှုပ်ရှားရုန်းကန်နေရသည်။ စားရေး သောက်ရေး လုံခြံုရေးတို့ကို အတတ်နိုင်ဆုံး ဂရုစိုက်မှသာ မနက်ဖြန်အတွက် အသက်ဆက်ရှင်နိုင်မည်ကို သဘာဝအားဖြင့် အလိုလိုသိနေ ကြသောကြောင့် ဖြစ်သည်။

ဤသည်မှာ အမြင်အားဖြင့်တွေ့ရှိနိုင်သည့် ပြင်ပလှုပ်ရှားရုန်းကန်မှုများ ဖြစ်သည်။ ခန္ဓာရှိ၍ အသက်ရှင်နေသော သတ္တဝါမှန်သမျှ ကိုယ်တွင်းခန္ဓာအစိတ်အပိုင်းများ အဆက်မပြတ်လှုပ်ရှားရုန်းကန်နေရသည်။ ကိုယ်တွင်းကိုယ်ပ ရုန်းကန်လှုပ်ရှားခြင်းသာ မရှိခဲ့သော် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ မည်သည့်သတ္တဝါမဆို ဖြုတ်ခနဲ အသက်ဆုံးသွားနိုင်သည်ချည်း ဖြစ်သည်။

သို့ဖြစ်ရာ နွားနှစ်ဖြစ်၍ ရုန်းကန်ရသည်ဟု မယူဆစေလို၊ ရုန်းကန်ရသော အကြောင်းရင်းခံ ရှိသောကြောင့်သာ ရုန်းကန်ရသည်ဟု သဘောပိုက်စေချင်သည်။

အေးချမ်းလှသည့် ဆောင်းမနက်တွင် ကျောင်းတက်ရမည့် ကလေးတဦးအဖို့ အိပ်ယာထဲ ကွေးမနေနိုင်။ မည်မျှပင် အိပ်ချင်နေစေကာမူ ရုန်းကန်ပြီး အိပ်ယာထလာရသည်။ ကျောင်းတက်ရမည့် တာဝန်က ရှိနေသကိုး။ အလုပ်သမားတဦးသည်လည်း လုပ်ငန်းခွင်ဝင်ရန် မထချင်ပဲ ထရဦးမည်။ လယ်သမားကြီးသည်လည်း သူ့လယ်ယာလုပ်ငန်းခွင်ကို သွားရန် အိပ်ယာထရမည်သာ။ “တာဝန်”ဖြစ်သည်ဆိုသော ဘဝပေးအသိအရ ပျင်းရိနေ၍မရ။ ဒီလိုကိစ္စမျိုးတွင် လုံ့လမစိုက်သော် ပို၍ပင်ပန်းဆင်းရဲတော့မည်မှန်း အလိုလို သိနေတတ်သည့် သဘာဝကြောင့် ဖြစ်သည်။

ဤသည်မှာ လူတိုင်းတွင် တာဝန်ကိုယ်စီ ရှိနေသည်ဆိုသော သဘောကို ထင်ထင်ရှားရှား ပြသနေသည်။ အမှန်ပင် လူတိုင်း၌ အနည်းဆုံး တာဝန်တခုမက ရှိကြသည်။ မိမိအတွက် ရုန်းကန်လှုပ်ရှားရခြင်းအပြင် မိမိနှင့် အတူ ယှဉ်တွဲနေထိုင်ကြသူများအတွက်ဖြစ်စေ၊ မိမိ၏ သားချင်းဆွေမျိုး၊ ချစ်သူခင်သူတို့အတွက်ဖြစ်စေ လှုပ်ရှား ရုန်းကန်ပေးနေရသည်ပင်။

အစိုးရတာဝန်တရပ်ကို ယူ၍ ထမ်းဆောင်နေကြသူတို့လည်း ထိုသဘောပင် တာဝန်ရှိကြသည်။ နိုင်ငံတိုးတက် စေရန်၊ လူထုအကျိုး သယ်ပိုးနိုင်ရန် နိုင်ငံရေးလုပ်ကြသူများ၊ တက်ကြွလှုပ်ရှားသူတို့လည်း ကိုယ်ရေးကိုယ်တာ အပြင် အများအတွက် လှုပ်ရှားရုန်းကန်ပေးရန် တာဝန်ရှိနေကြသည်။

လူတဦးချင်းအတွက် ပုဂ္ဂိုလ်ရေးရာတာဝန်ကို မိမိဘာသာ သတ်မှတ်နိုင်သည်။ အဖွဲ့အစည်းနှင့် တိုက်ရိုက် ပတ်သက်လျှင်မူ အဖွဲ့က တာဝန်ပေးမည်။ အဖွဲ့ဖြစ်လျှင် ခေါင်းဆောင်ရှိရသည်။ ခေါင်းဆောင်က ပေးသည့် တာဝန်ကိုယူပြီး လုပ်ဆောင်ပေးနိုင်မှ တာဝန်ကျေမည်။

သို့ဖြစ်ရာ ခေါင်းဆောင်က တာဝန်ပေးတတ်ရန် လိုအပ်လာသည်။ ခေါင်းဆောင်က ခေါင်းဆောင်အရည်အချင်း ပြည့်ဝ၍ ထိုက်သင့်မှန်ကန်သော တာဝန်ကိုပေးနိုင်မှ၊ တာဝန်ယူသူ အားလုံးတို့ကလည်း မပျင်းမရိ လှုပ်ရှား ရုန်းကန်ပေးမှ ထိုတာဝန်ကျေပွန်ကာ အဖွဲ့တိုးတက်မည် ဖြစ်သည်။

လောလောဆယ် အတိမ်းအစောင်းမခံနိုင်သော အခြေအနေကို ရောက်လာနေသည့် မြန်မာ့နိုင်ငံရေးတွင်လည်း ခေါင်းဆောင်တို့၏ အရည်အချင်း၊ နောက်လိုက်တို့၏ တာဝန်ယူ လှုပ်ရှားရုန်းကန်မှုများက အလွန်ပင် အရေးကြီး လာသည်။ အဓိကအကြောင်းကား နောက်ပြန် ဆုတ်၍ မရနိုင်လောက််အောင် ခေတ်-စနစ်တခုကို အသွင်ကူး ပြောင်းချိန်၊ တော်လှန်နေချိန်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

တချက်မှားလျှင် တသက် နာမည်ပျက်ရုံတင် မဟုတ်တော့၊ သမိုင်းတွင်မည့် နာမည်ဆိုး ဖြစ်သွားနိုင်သည်။ တချိန်တည်းမှာပင် တချက်ကလေး ပြင်လိုက်ရုံနှင့် သမိုင်းတွင်မည့် မော်ကွန်း ဖြစ်သွားနိုင်သည်။

ထိုတချက်ကလေးကား အခြားမဟုတ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးသာ ဖြစ်သည်။ တနိုင်ငံလုံးတွင် ဟက်တက်ကြီး ကွဲနေသော မြန်မာ့နိုင်ငံရေးကို ရင်ကြားစေ့နိုင်မှ အနာဂတ်တိုင်းပြည်အကျိုးကို အင်အား အပြည့်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိပေလိမ့်မည်။

မည်သည့်စနစ်ကိုပင် သုံးသုံး၊ ထိုစနစ်ကို လူထုက လက်ခံကျင့်သုံးမှ အောင်မြင်မည်။ လူထုက တညီတညွတ် တည်း မထောက်ခံပဲ ရှိနေသရွေ့ မည်သည့်ကိစ္စလုပ်လုပ် မအောင်မြင်နိုင်။ လူထုတရပ်လုံးက ညီညွတ်နေဖို့ ဆိုသည်မှာ မြန်မာနိုင်ငံ အနေအထားဆိုလျှင် “အမျိုးသားပြန်လည်သင့်မြတ်ရေး”မှလွဲ၍ အခြားမရှိနိုင်။

၂ဝဝ၉ ခုနှစ်သည် နွားနှစ်ဖြစ်၍ မြန်မာ့နိုင်ငံရေးအပေါ် နွားဥပမာအတိုင်း ပေးရလျှင် “ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်နိုင်မည့်နှစ်” ဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။ ခေါင်းဆောင်တို့သည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်သို့ ဖြောင့်ဖြောင့်သွားနိုင်ရန် အဆင်သင့် ဖြစ်နေကြပြီလော။ ခေါင်းဆောင်က ရှေ့မှသွားသော်လည်း နောက်မှ လိုက်မလာနိုင်လျှင်လည်း မဖြစ်။ သို့ဖြစ်ရာ နောက်လိုက်တို့ သည်လည်း ဖြောင့်ဖြောင့်လိုက်နိုင်ရန် အဆင်သင့် ဖြစ်နေကြပြီလော။

လွင်အောင်စိုး

၅ ဇန်နဝါရီ ၂ဝဝ၉

LEAVE A REPLY

Please enter your comment!
Please enter your name here