ဖွံ့ဖြိုးရေး ၏ အခြေခံကို ပုံဖော်ခြင်း

alt

စာဖတ် ပရိသတ်အတွက် ခေတ် ရေစီးကြောင်း ၏ အခြေအနေ (Current Issue) မဟုတ် သော်လည်း ကာလရှည်ကြာ တအုံနွေးနွေး ဖြစ်နေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ တနံတလျား ပတ်သက်ရာ ပတ်သက်ကြောင်း

တွေကို တစစီ ဆွဲပြီး ခြံုငုံ မိအောင် မိတ်ဆက် ပေးသွား ချင်ပါ တယ်။ အရှင်း ဆုံးဖြစ်တဲ့ ဖွံ့ဖြိုးရေး ဆိုတဲ့ ဝေါဟာရကပဲ စကြည့် လိုက် ရအောင်။

 

ဖွံ့ဖြိုးမှု နိမ့်ကျခြင်း (Underdevelopment) ကို တီထွင် ဖန်ဆင်းခြင်း

ဖွံ့ဖြိုးရေး ဆိုတာ မဖွံ့ဖြိုးတာ ရှိနေလို့ လို့ နားလည်နိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန် ဟာ ကမ္ဘာပေါ်မှာ မဟာ အင်အားကြီး ဆူပါ ပါဝါနိုင်ငံ ဖြစ်လာပါတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ သူများနဲ့ မတူတဲ့ တစ်နေရာကို ဖန်တီးဖို့ လိုအပ်လာပြန်တယ်။ ဒီလို အကြောင်း ကမ္မရှာနေတုန်း ၁၉၄၉ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဟာရီ အက်စ် ထရူးမန်း (Harry S. Truman) က သူရဲ့ သမ္မတသစ် အဖြစ် ကျမ်းကျိန်တဲ့နေ့ မိန့်ခွန်းထဲမှာ ကမ္ဘာ့ တောင်ဘက်ခြမ်းဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဝန်းကျင်တွေ (Underdevelopment Areas) ဖြစ်တယ်ဆိုပြီး ညွန်ပြ ပြောဆိုလိုက်ပါတယ်။ အဲဒီနေ့မှာပဲ ကမ္ဘာ့တောင်ဘက်ခြမ်းက ၂ ဘီလီယံသော (သန်းနှစ်ထောင်သော) လူတွေဟာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်သူတွေ ဖြစ်သွားရပြီး “မဖွံ့ဖြိုးသေးသော” ဆိုတဲ့ ကိစ္စဟာ ဒီအချိန်ကမ္ဘာ ဇာတ်ခုံပေါ် တဟုန်ထိုး တက်လာတော့တာပဲ။ ဒါနဲ့ပဲ စာဖတ်သူတို့ ကျနော်တို့ဟာ ဖွံ့ဖြိုးမှု လေ့လာရေး ဆိုတာကို ဘွဲ့ဒီဂရီအတွက် လေ့လာရတဲ့ အခြေအထိ ရောက်ကြရတယ် ဆိုပါတော့။

ကမ္ဘာ့ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ အတွင်းရေးမှူးဟောင်း အဖွဲ့ဝင်ဖြစ်ဖူးတဲ့ ဝယ်လ်ဖရက် ဘင်ဆန် (Wilfred Benson) က သမ္မတ ထရူးမန်း ထက် ပိုစောပြီး အဲဒီစကားလုံးကို သုံးဖူးပေမယ့် ကျွမ်းကျင်သူတွေ၊ လူထုတွေကြား ပျံ့နှ့ံလောက်တဲ့ အထိ မဖြစ်ခဲ့ပါဘူး။ သမ္မတ ထရူးမန်းက သူ့ပေါ်လစီရဲ့ အသုံးအနှုန်းအဖြစ် ကောက်သုံးလိုက်တော့မှ ပညာရှင်တွေအကြား ပွထ လာတာဖြစ်ပါတယ်။ အဲဒီကစလို့ ဖွံ့ဖြိုးမှု နောက်ကောက်ကျ တာကနေ လွတ်မြောက်ဖို့ရာ “ဖွံ့ဖြိုးရေး”ဆိုတာကို ဆွေးနွေး ပြောဆို လာကြတော့တာပါပဲ။ ဖွံ့ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းနဲ့ စပ်လျဉ်းပြီး မြောက်များစွာသော ယူဆချက်တွေလည်း ပေါ်ပေါက်လာပါတယ်။

နိုင်ရီရီ (Nyerere) ရဲ့ “ဖွံ့ဖြိုးရေး ဆိုတာ ကိုယ်စီ ရည်မှန်းချက်တွေ အတွက် အာရုံညွှတ်တဲ့၊ လူတွေရဲ့ နိုင်ငံရေး တက်ကြွ ထက်သန်မှုပါပဲ” စတဲ့ ယူဆချက်တွေ ပေါ်လာတာပါ။ ဖွံ့ဖြိုးတယ်၊ မဖွံ့ဖြိုးဘူးဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင် တချို့ရဲ့ သိသင့်တဲ့ အယူအဆ တွေကတော့ – ကိုယ့်ရဲ့ ယုံကြည် ပိုင်းဖြတ်မှုပါပဲ သို့မဟုတ် ကိုယ်ထင် ကုတင်ရွှေနန်း ပါပဲ (ရိုဒေါ်လ်ဖို စတာဗင်ဟာဂျင် – Rodolfo Stavenhagen)၊ အောက်ခြေက စပြီး ထိုးထွက် လာသည့် ဖွံ့ဖြိုးရေး သို့မဟုတ် လူဆင်းရဲတွေ အတွက် ထွက်ရပ် လမ်းရှိသည့် ဖွံ့ဖြိုးရေး (ဂျီမို အိုမို-ဖာဒကာ – Jimoh Omo-Fadaka)၊ အားလုံး ပူးပေါင်း ပါဝင်မှုရှိတဲ့ ဖွံ့ဖြိုးရေး သို့မဟုတ် လူစုံတက်စုံ ဖွံ့ဖြိုးရေး (အော်လန်ဒို ဖဲလ်စ် ဘော်ဒါနှင့် အနီဆာ ရာမန် – Orlando Fals Borda and Anisur Rahman) ဒါတွေဟာ နောက်ပိုင်း တွင်ကျယ်လာတဲ့ အယူအဆတွေပေါ့။

ဖွံ့ဖြိုးမှု ရဲ့ ပုံဖမ်းမရသော သမိုင်းနဲ့ ထပ်တူပြု တင်စားချက်

ပထမဆုံး ပြောရရင်တော့ သတ္တလောကရဲ့ ဖွံ့ဖြိုးရေး (Development) ဒါမှ မဟုတ် ပြောင်းလဲ တိုးတက်မှု ဖြစ်စဉ် (Evolution) ဆိုတာ ဇီဝဗေဒ (Biology) မှာ စသုံးတာပါ။ မျိုးဗီဇ အလားအလာများ အောင်မြင်လာတဲ့ အင်္ဂါအစိတ်အပိုင်း (Organism) တွေရဲ့ ဖြစ်စဉ်ကို ရည်ညွှန်း ပြောဆိုတာပါပဲ။ နောက်တော့ ဖွံ့ဖြိုးရေးဟာ မာ့က်စ် (Marx) ရဲ့ သဘောတရား တွေမှာလည်း အထင်ကရ အနေနဲ့ ပါလာပါတယ်။ သဘာဝဓမ္မ (Natural Law) တွေရဲ့ သဘောသဘာဝ လိုအပ်ချက်တွေ အတိုင်း လက္ခဏာပြ နေတဲ့ သမိုင်းဆိုင်ရာ ဖြစ်စဉ်ပါပဲလို့ ကားလ်မာ့က်စ်က ထုတ်ဖော်ခဲ့ပါတယ်။ ရှင်းရှင်း ပြောရရင်တော့ သမိုင်းဖြစ်စဉ် တစ်ပတ်လည် တာပဲလို့ ဆိုလို တာပါပဲ။ တစ်ခုရှိတာက သိပ္ပံနည်းကျ စည်းကမ်းချက် တွေဟာ ဖွံ့ဖြိုးရေးကို ဖွင့်ဆို သရုပ်ပြရာမှာ နေရာယူလာတယ် ဆိုတာကိုပါ။

၂၀ ရာစုဦးမှာ “ဖွံ့ဖြိုးရေး” ဝေါဟာရဟာ တွင်ကျယ်လာတယ်။ ရာစုနှစ် တစ်ခုလုံးမှာ မြို့ပြဖွံ့ဖြိုးရေးနဲ့ ကိုလိုနီ ဖွံ့ဖြိုးရေးဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ လုံးလည် ချာလည် လိုက်နေတယ်။ ဟက်ကယ် (Haeckel) က “အခု ကာလကစပြီး ဖွံ့ဖြိုးရေးဆိုတာ မှော်ဂါထာလိုပဲ ကျုပ်တို့ ဒုက္ခဝေနေတဲ့ ပြဿနာကို ကုစားနိုင်မယ့်၊ ထွက်ရပ်လမ်းကို ပြနိုင်မယ့် ဟာလိုဖြစ်နေတယ်”လို့ ပြောခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံး ကိုယ်နှိုက်က ရာစုနှစ် နှစ်ခုလောက်ကြာအောင် လူမှုရေးဆိုင်ရာ အနက်ကောက်ယူ ဖော်ပြမှု (ဝါ) လူမှုရေးရာ အဓိပ္ပါယ်သွင်းဖော်ပြမှု (Social Construction) တွေမှာ နက်နက်နဲနဲ အမြစ်တွယ် လာနေတော့တယ် ဆိုတာပါပဲ။

နယ်ချဲ့ ဆန့်ကျင်ရေးဝါဒကို ခြေချခြင်း

လတ်တလော လက်တွေ့ဝါဒီ တချို့ကတော့ ဖွံ့ဖြိုးရေးရဲ့ အတွင်းအပြင် မျက်နှာစာတွေဖြစ်တဲ့ ကုန်သွယ်ရေးရာ၊ မျှတမှုမရှိတဲ့ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေ၊ ကိုယ်ကျိုး ကာကွယ်ရေးဝါဒ (အနောက်နိုင်ငံများ မသိမသာ ကျင့်သုံး)၊ ဈေးကွက် စီးပွားရေးစနစ်ရဲ့ ဟာကွက်တွေ၊ လာဘ်စားမှုတွေ၊ ဒီမိုကရေစီ မရှိတာတွေ၊ စွန့်ဦး တီထွင်မှုစနစ် အကောင်အထည် မပေါ်တာတွေကို အာရုံထားကြပါတယ်။ အဲဒီလို မဆောင်ရွက်နိုင်တာတွေကို အကြောင်းပြုပြီး ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှား တောင်းဆိုမှုတွေလည်း ပေါ်ပေါက် လာပါတယ်။ လက်တင် အမေရိကရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဝါဒီတွေ (Dependency Theorists) နဲ့ လက်ဝဲယိမ်း ပညာတတ် (Leftist Elite) တွေရဲ့ အလိုအရ “အတိတ်ကာလက ကိုလိုနီစနစ်ကြောင့်ရော၊ လက်ရှိကာလ အရင်းရှင်စနစ်နဲ့ ပြည်တွင်းအတိုင်းအတာ၊ နိုင်ငံတကာ အတိုင်းအတာနဲ့ ခေါင်းပုံဖြတ်မှုတွေကြောင့် နောက်ကောက်ကျနေရတာ (Backwardness)၊ ဆင်းရဲတွင်းက မထွက်နိုင်တာ (Poverty) တွေ ဖြစ်ရတယ်၊ “မဖွံ့ဖြိုးဘူး ဆိုတာ ဖွံ့ဖြိုးသွားတာ တွေရဲ့ ဓားစာခံပါပဲ”လို့ ဆိုကြ ပါတယ်။ ( မြန်မာပြည် မှာ ဒီလို သဘောတရားတွေ ထွန်းကားတာ တွေ့နိုင်ပါတယ်။ ကျန်နေတဲ့ သယံဇာတ တွေကို ခေတ်သစ်မှာ ဘယ်သူတွေက ဆွေမျိုးကောင်း စားရေးအတွက် အသုံးချနေသလဲ ဆိုတာလည်း သတိပြုရမှာပါ။)

အယူအဆများ ပွထလာခြင်း

နောက်ပိုင်းမှာ ဖွံ့ဖြိုးရေးဟာ မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ စီးပွားရေးအရ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုနဲ့ အဲဒီတိုးတက်မှု ကျဆင်းနေခြင်းဆီ ခြေဦးလှည့် လာပြန်ပါတယ်။ ပေါလ် ဘရန်း (Paul Baran) က တိုးတက်မှု (Growth) သို့မဟုတ် ဖွံ့ဖြိုးမှု (Development) ဟာ တစ်ဦးချင်းဆီရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ထုတ်လုပ်နိုင်မှု တိုးတက်ခြင်းဖြစ်ပြီး၊ တချိန်တည်းမှာပဲ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက အခြေခံ လူမှုဖူလုံရေးတွေ တိုးတက်လာစေဖို့ ကြိုးပမ်းနေတာ လို့ ဖွင့်ဆိုပါတယ်။ နောက်ပိုင်းမှာ စီပွားရေးဖွံ့ဖြိုးမှု (Economics Development) နဲ့ အပြိုင် လူမှုဖွံ့ဖြိုးရေး (Social Development) ကို (အဓိပ္ပါယ် ဝေဝါး နေသေးသော်လည်း) တဖြည်းဖြည်း မိတ်ဆက် တင်ပြလာကြပါတယ်။ ၁၉၆၂ မှာ ကုလသမဂ္ဂ က ဒီဖွံ့ဖြိုးရေး ရှုထောင့် နှစ်ခုကို ပေါင်းစပ်ဖို့ လမ်းကြောင်း ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေရဲ့ ပြဿနာ ဟာ တိုးတက်ရေး (Growth) မဟုတ်ဘူး၊ ဖွံ့ဖြိုးရေး (Development) ဖြစ်တယ်၊ ဖွံ့ဖြိုးရေးဆိုတာ တိုးတက်မှု (Growth) နဲ့ ပြောင်းလဲလာမှု (Change) ကို ပေါင်းစပ်ထား တာဖြစ်တယ်လို့ ဖော်ထုတ် လာပါတယ်။ လူမှုဘဝ အရည်အသွေး တိုးတက်လာမှုလို့ ဖွင့်ဆိုပါတယ်။

Growth + Change = Development
တိုးတက်မှု + ပြောင်းလဲနိုင်စွမ်း = ဖွံ့ဖြိုးမှု

၁၉၇၄ မှာ ကိုကိုယော့ ကြေညာချက် (Declaration of Cocoyoc) က ဖွံ့ဖြိုးရေးရဲ့ ဦးတည်ချက် ဟာ ရုပ်ဝတ္ထု ဖွံ့ဖြိုးရေး မဟုတ်ဘူး၊ သက်ရှိ လူသားတွေရဲ့ ဖွံ့ဖြိုးရေး ဖြစ်သင့် တယ်လို့ ဇောင်းပေး ဖော်ပြ ခဲ့ပါတယ်။ ကိုကိုယော့ ကြေညာ စာတမ်းဆိုတာ ၁၉၇၄ အောက်တိုဘာ မှာ ထွက်ပေါ် လာတဲ့ တတိယ ကမ္ဘာ နိုင်ငံများ ရဲ့ စီးပွားရေး ဆိုင်ရာ အခွင့်အရေး သဘောတူ ညီချက် ဖြစ်ပါ တယ်။ ဒီကြေညာချက် မှာ ဖွံ့ဖြိုးရေး ဆီသို့ ချဉ်းကပ်ရာ မှာ မတူ ကွဲပြား တဲ့ နည်းတွေရဲ့ ချဉ်းကပ်ဖို့ လိုတယ်လို့လည်း ထောက်ပြ ခဲ့ပါတယ်။ ဒီအိုင်ဒီယာ ကနေ လူသားဗဟိုပြု ဖွံ့ဖြိုးရေး (Human-Centered Development) ဆီ ဦးတည် လာတာပါပဲ။ ၁၉၈၀ ဝန်းကျင် ကာလကို ဖွံ့ဖြိုးရေး ပုံပျောက် နေတဲ့ ကာလလို့ ဆိုကြပါတယ်။ ၁၉၉၀ နှစ်များကတော့ ကမ္ဘာ့တောင်နဲ့ မြောက်ခြမ်းမှာ ဖွံ့ဖြိုးရေး လက္ခဏာသစ်တွေ မွေးဖွားတဲ့ ကာလ ဖြစ်ပါတယ်။ အဲဒီနှစ်မျိုး က လားရာ မတူကြပါဘူး။

  • ကမ္ဘာ့မြောက်ခြမ်း (ဖွံ့ ဖြိုးပြီးနိုင်ငံများ) အဖို့က ဖွံ့ဖြိုးရေး ဆိုတာ (ရုပ်ဝတ္ထု) ဖွံ့ဖြိုးမှုအရှိန်ကို ချဖို့၊ သို့မဟုတ် ရပ်ပစ် ဖို့ပါပဲ။ ယခင်ဖွံ့ဖြိုး ခဲ့ပြီး ဖြစ်တဲ့ ဓာတု ဆေးဝါးလုပ်ငန်းတွေ၊ နူကလီးယား စက်ရုံတွေ၊ သံမဏိ လုပ်ငန်းတွေ ကို ဖျက်ဆီးဖို့၊ ဖြုတ်သိမ်းဖို့၊ ပြည်ပ (ဈေးချိုတဲ့ဆီ) မှာ သွားလုပ်ဖို့ နဲ့ အစားထိုး လုပ်ငန်းတွေ နဲ့ လဲလှယ် ဖို့ပါပဲ။
  • ကမ္ဘာ့ တောင်ခြမ်း (ဖွံ့ဖြိုးဆဲ နိုင်ငံများ) ရဲ့ ဖွံ့ဖြိုးရေးကတော့ ၁၉၈၀ နှစ်များ ဆီက ကမ္ဘာ့ တောင်ခြမ်း နိုင်ငံ တွေ ချန်ထား တဲ့ နျူကလီးယား စွန့်ပစ် ပစ္စည်းတွေ၊ စက်ရုံက စွန့်ထုတ်တဲ့ ညစ်ညမ်းမှု တွေ၊ အဆင့်အတန်းမှီ ဈေးကွက်တင် ရောင်းမရတဲ့ တားမြစ် ကုန်ပစ္စည်းတွေ စုပုံနေတာကို ရှင်းပစ်ရေးပဲ ဖြစ်တယ်။

အယူအဆရေး အရရော နိုင်ငံရေးအရပါ ဖွံဖြိုးရေး ပြန်လည် ဦးမော့ဖို့ဆိုတာ သို့မဟုတ် ပြန်လည်ဖွံ့ဖြိုး ရေးဆိုတာ ရေရည် တည်တံ့သော ဖွံ့ဖြိုးရေး (Sustainable Development) ကို ပုံသဏ္ဍာန် ဆောင်လာတာပါ။ ၁၉၉၀ ပြည့်နှစ်တုန်းက UNDP ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီး နောက်ပိုင်း လူသားဖွံ့ဖြိုးမှု (Human Development) ကို လူသားတွေရဲ့ သက်ဆိုင်ရာ ရွေးချယ်မှု အလိုက် ဋီကာချဲ့လာပါတယ်။ အဲဒီ အစီရင်ခံစာ ကနေပဲ လူမှုဖွံ့ဖြိုးရေး ညွှန်းကိန်း (HDI – Human Development Index) ကို ဖော်ထုတ်ခဲ့တာပါ။ ဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ နိုင်ငံပေါင်း ၁၃၀ ကို အခြေခံပြီး လူ့ဘဝသက်တမ်း အသီးအသီး၊ စာတတ်မြောက်မှု နှုန်းနဲ့ တကယ့် တစ်ဦးချင်းစီရဲ့ GNP (စုစုပေါင်း အမျိုးသားထုတ်ကုန်) ကွဲပြားမှု တွေကို ထည့်သွင်း တွက်ချက် ဖော်ပြတဲ့နည်းပါ။

ရှားပါးမှုကို ရမယ် ရှာခြင်း

ဖြစ်ပေါ်နေတဲ့ စီပွားရေး တန်ဖိုးထားမှုတွေဟာ ရှိနှင့်ပြီးသား လူမှုတန်ဖိုးတွေကို ချပစ်နေတယ်။ ကျွမ်းကျင်မှု သီးသန့်စီကို ခေတ်မမီတဲ့ အတတ်တွေ အဖြစ်၊ သဘာဝ ပတ်ဝန်းကျင်ကို အသုံးချ သယံဇာတ အဖြစ်၊ လူသားကို လုပ်အားထုအဖြစ်၊ အစဉ်အလာ တန်ဖိုးတွေကို ဝန်ထုပ်ဝန်ပိုး အဖြစ်ပေါ့။ အစောပိုင်း ဘောဂဗေဒ ပညာရှင်တွေ ဟာ သူတို့ရဲ့ သဘောတရားတွေကို ရှားပါး ပြတ်လတ်မှု (Scarcity) ပေါ်မှာ ခြေကုပ် ယူခဲ့ကြတယ်။ ရှားပါး ပြတ်လပ်မှုဆိုရာမှာ မပြည့်စုံမှု၊ လက်လှမ်းမီဖို့ ခက်မှု၊ အလိုရှိမှု၊ မလုံလောက်မှုအပြင် ချွေတာနေရမှုတွေ ပါဝင်ပါတယ်။ ဘောဂဗေဒ ဆရာတွေရဲ့ ရှားပါးပြတ်လတ်မှု တရားကတော့ “လူတွေ လိုချင်တာကများ၊ သဘာဝ သယံဇာတ ရှိတာ က အတိုင်းအထွာ နဲ့” ဆိုတဲ့ ကိစ္စပါပဲ။ အဖြေရှာရေးကို ဘောဂဗေဒ ဆရာတွေ ဆေးညွှန်း ထုတ်တာကတော့ ဈေးကွက်ကို စီမံရေးပါပဲ။ အများစုသော စီးပွားရေး နိဿယတွေဟာ ခေတ်သစ်လူမှု အသိုင်း အဝိုင်းရဲ့ ဆိုးဆိုး ရွားရွား ကြံုနေရတဲ့ မပြည့်စုံမှု၊ ရှားပါး ပြတ်လပ်မှုကို အခြေတည် ထားတာပါပဲ။

ခြံုငုံ ပြောကြကြေးဆိုရင် စီးပွားရေးမှာ ကျားကွက် ရွှေ့နေသူတွေ၊ စီးပွားရေး ဂုရု တွေဟာ ဖွံ့ဖြိုးရေး အကြပ်အတည်းကို မျက်နှာချင်းဆိုင်ဖို့ အံဝင်ဂွင်ကျ ဖြေရှင်းနည်း မတွေ့ကြပါဘူး။ ဘောဂဗေဒ ဆရာတွေရဲ့ စီပွားရေး သဘောတရား ဆိုတာလည်း ခေတ်သစ်လူမှု အဖွဲ့အစည်းကို စိတ်ဖြေစရာ ဥပဒေသ ချပေးရုံကလွဲပြီး ဘာမှ မဖြစ်မြောက်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေနဲ့ လူမှု အဖွဲ့အစည်းဟာ စီပွားရေး သက်သက် အတွက်ပဲ မဟုတ်လို့ ပါပဲ။ ပြောရရင် အခု ကိုးကား ရေးသားနေတဲ့ ဆောင်းပါး စာတမ်းထဲမှာ ဂတ်စတာဗို အက်စ်တီဗာ က လူတွေကို စီးပွားရေး ဘောင်ထဲက ရှု့မြင်ခံရသူတွေ အဖြစ် ပြောင်းလဲမြင် နေတဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာ တွေ အလုပ်မဖြစ်တော့ဘူး၊ ဒီတော့ကာ အခြေခံ လူတန်းစားသစ် အနေနဲ့ ပေါ်ထွက်လာပြီး နိုင်ငံရေး အက်ရှင်ထဲ အထိဝင်ပြီး ခြေချကြည့် ကြဖို့ လမ်းကြောင်း ပေးတာပါ။

ထပ်ပြောရရင် နိုင်ငံရေး ထိန်းချုပ်မှု ကနေ လူတန်းစားသစ် တစ်ခု ပေါ်ထွက်ရေး၊ လူထုက မျက်မြင် ကိုယ်တွေ့ ပါဝင်ရေး နဲ့ စီးပွားရေး ချည်းပဲ မိုးမွှန် နေတဲ့ ကာလအလွန် လူထုရဲ့ ပြောဆို ဆွေးနွေးလာမှုကို ဖိတ်ခေါ် တာပါပဲ။ ထို့အတူ စီးပွားရေးကဏ္ဍ အကောင်အထည် ပေါ်ရေးအတွက် နိုင်ငံရေးအရ ပါဝင် ဆောက်ရွက်တာမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု အပေါ် ကျယ်ပြန့်စွာ ဆွေးနွေးရေး၊ သုတေသနပြုကြရေးကို မေတ္တာရပ်ခံ တင်ပြ ထားပါတယ်။ စာတမ်းရှင် က အဆုံးမှာ အမှန်တရား နဲ့ ပစ္စက္ခကို သမင်လည် ပြန်ကြည့်ဖို့၊ သိပ္ပံ သဘောတရား အပြင် ရွေးချယ်စရာ ရှာကြဖို့ တိုက်တွန်း နှိုးဆော် ထားတာကို မှတ်သားရပါတယ်။

သင်ကာ

ကျမ်းကိုး

  • Development by Gustavo Esteva – Development Dicitonary
  • Summary of Development – Summarized by Khet Htan

LEAVE A REPLY

Please enter your comment!
Please enter your name here