သက်ဆင် ရှင်နာဝပ်ထရာ ရဲ့ ထိုင်းနိုင်ငံရေး တထောင့်တည ပုံပြင်

alt

ထိုင်းနိုင်ငံ ရေး ဟာ ထဲထဲဝင်ဝင် မသိသူတွေ အဖို့ နားမလည် နိုင်အောင် ကို ရှုပ်ထွေး လှပါတယ်၊

နိုင်ငံရေး ပါတီတွေ က တမျိုး၊ စစ်တပ် က တဘာသာ၊ တော်ဝင် မိသားစုက တဖုံနဲ့ အတော့် ကို ရှုပ်ရှုပ် ထွေးထွေး ရှိလှ ပါ တယ်။

ဒါပေမယ့် ဘုရင့်တော်ဝင် မိသားစုနဲ့ စစ်တပ်ဟာ တော့ တသားထဲ ကျနိုင် လောက်ပါတယ်၊ စစ်တပ်ဟာ ထိုင်းတော်ဝင် စစ်တပ် ဆိုတဲ့ အတိုင်း နိုင်ငံရေး ပါတီ အစိုးရတွေရဲ့ အမိန့် တွေထက် တော်ဝင်မိသားစုရဲ့ အမိန့်တွေ ကို ပိုလို့ လိုက်နာ တတ်ပါ တယ်၊ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေက ဒီအချက်ကို အတည်ဖြစ်အောင် မီးမောင်းထိုး သက်သေပြ နေပါတယ်၊ ထိုင်းနိုင်ငံရေး ရှုပ်ထွေး လာတာဟာ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်နဝပ် ရွေးကောက်ပွဲ အနိုင် ရပြီး အစိုးရ ဖွဲ့ချိန် ကနေစတင် ပါတော့ တယ်။

မစ္စတာတပ်ဆင်ဟာ ထိုင်းနိုင်ငံရေးကို ပုံစံဟောင်းကနေ နိုင်ငံရေးပုံစံသစ် ပြောင်းလဲဖို့ ကြိုးစားမိတာဟာ သူ့သေတွင်း သူတူး သလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရာ ပါပဲ၊ ထိုင်းနိုင်ငံရေး လောက က နိုင်ငံရေး သမားတွေဟာ မြေရှင်၊ ကြေးရှင်၊ တော်ဝင် မိသားစုရဲ့ အမျိုးအနွယ်တွေနဲ့ စစ်တပ်ကနေ အနားယူလာတဲ့ တပ်ထွက် ဗိုလ်ချုပ်တွေ ချည်းပါပဲ၊ သူတို့တတွေဟာ ဘယ်တော့မှ နိုင်ငံရဲ့ အများဆုံးသော အင်အားစုဖြစ်တဲ့ အောက်ခြေ လူတန်းစားတွေကို ကိုယ်စားမပြုခဲ့ ပါဘူး၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပေးခဲ့တဲ့ ကတိ ကဝတ်တွေဟာ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်အမတ် ဖြစ်တာနဲ့ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တော့ တာပါပဲ။

ဒါတွေကို သိနေမြင်နေတဲ့ မစ္စတာတပ်ဆင်ဟာ အောက်ခြေဆင်းရဲသား လူတန်းစားတွေကို ကိုယ်စားပြု နိုင်အောင် ကြိုးစားပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူပေးခဲ့တဲ့ ကတိ ကဝတ်တွေကို သူပါတီ အနိုင်ရပြီး ၀န်ကြီးချုပ် ဖြစ်ချိန်မှာ အပြည့်အဝ အကောင်အထည် ဖော်ဆောင်ရွက် ပေးပါတယ်၊ ဒီအတွက် နိုင်ငံရဲ့ သာမန်အောက်ခြေ ဆင်းရဲသား လူတန်းစားတွေရဲ့ ချစ်ခင်မှု့ကို ဒီနေ့ အချိန်ထိ ရရှိနေခြင်းပါပဲ။

ဒါဟာ စာရေးသူတို့ အမြင်မှာတော့ ကောင်းပါတယ်၊ ဒါပေမယ့် နိုင်ငံရေးသမား၊ စစ်တပ်နဲ့ တော်ဝင်မိသားစု အဖို့တော့ အမျက်ဒေါသ တချောင်းချောင်း ထွက်စရာ ထွက်ချင်စရာ ရလဒ် ဖြစ်နေလို့ ပါပဲ၊ သူတို့အမြင်မှာ မစ္စတာတပ်ဆင်ဟာ ထိုင်းနိုင်ငံရေးရဲ့ ဗဟိုချက်မကို ဘန်ကောက် အခြေပြုတော်ဝင် စစ်တပ် နဲ့ ဘူဇွာလူတန်းစားတို့ ဆီကနေ နိုင်ငံအဝှမ်းရှိ ကျေးလက်ဒေသ ဆင်းရဲသား လူထုဆီ ဆွဲငင် ယူသွားတယ်လို့ သုံးသပ်သူတွေ ရှုမြင်ကြပါတယ်။

ဒီလို အချက်တွေကြောင့် ထိုင်းနိုင်ငံရဲ့ သက်တမ်း အရှည်ကြာဆုံး ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲတိုင်းမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့် ရပါတော့တယ်၊ ယခု လက်ရှိ တပ်ဆင်ရဲ့ ရန်သူတော်ကြီး ဖြစ်တဲ့ (PAD) ခေါင်းဆောင် မီဒီယာပိုင်ရှင် ဆွန်ထိ လင်းထောင်ကွန် တောင် အဲဒီအချိန်တုန်းက မစ္စတာတပ်ဆင်ကို အကျယ်လောင်ဆုံး ထောက်ခံသူတဦး ဖြစ်ခဲ့ပါတယ်။

သူ (မစ္စတာတပ်ဆင်)ဟာ နိုင်ငံရေးကို ပြောင်းယုံပဲလား ဆိုတော့၊ နိုင်ငံရေးမကပဲ စည်းလွတ် ၀ါးလွတ် ဖြစ်နေတဲ့ အခွန်ကိစ္စတွေ တရားမဝင် ချဲထီကိစ္စတွေနဲ့ ဘန်ကောက်မြို့တော်မှာ မိုက်ကြေးခွဲ စားနေတဲ့ မားဖီးယားတွေအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု့ တွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ ကိုင်တွယ်ပါတော့တယ်။

အခွန်ကိစ္စကို ပြောရမယ်ဆိုရင် ထိုင်းအခွန် ဥပဒေအရ ဘယ်လို စီးပွားရေး လုပ်ငန်းမဆို(ကုမ္မဏီ) ဖွင့်ပြီး တနှစ်ကြာတဲ့ အထိ ၀င်ငွေ အမြတ်ခွန်ကို ရ ရာခိုင်နှုန်းပဲ ပေးဆောင် ရပါတယ်၊ အဲဒီ နောက်ပိုင်း လုပ်ငန်း အခြေကျလာတာနဲ့ အမျှ အမြတ်ခွန်က တဖြည်းဖြည်း တိုးပြီး ပေးဆောင်ရတာ ၃၀ ရာခိုင်နှုန်း အထိပါပဲ၊ ဒီတော့ အခွန် ၃၀ ရာခိုင်နှုန်းကို မပေးချင်တဲ့ လုပ်ငန်းရှင်တွေက နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး အခွန်ရှောင် ကြပါတယ်။

စာရေးသူ မျက်မြင်ကိုယ်တွေ့ အခွန်ပြသနာ ကတော့ ဘန်ကရတ်၊ ဆူရီဝှမ် လမ်းဘေးက ( NEW PENINSULA, NEW TOCADERO, NEW FUJI ) { စာရေးသူ အမှတ်မှားရင် မှားနေပါလိမ့်မယ် ကြာပြီဆိုတော့ နာမည် အတိအကျ မမှတ်မိတော့ပါ } အဲဒီ ဟော်တယ် သုံးလုံး ရှိပါတယ်၊ ဒီဟော်တယ် သုံးလုံးရဲ့ ပိုင်ရှင်ကတော့ ဒီမိုကရက်ပါတီက ချင်းရိုင်းခရိုင်် လွှတ်တော်အမတ်ပါ၊ သူက နိုင်ငံတော်ကို အခွန်မပေးပဲ လိမ်ပြီး အခွန်ရှောင် နေခဲ့ပါတယ်၊ နောက်ဆုံး အခွန်ဌာနကနေ တိတိကျကျ စစ်လာတော့ စာရင်းလိမ်ပြီး အခွန်ရှောင် ထားတာတွေ ဘူးပေါ်သလို ပေါ်လာပါတယ်၊ နောက်ဆုံး ပေးစရာရှိတဲ့ အခွန်ငွေကို မပေးနိုင်တာကြောင့် ဟော်တယ် သုံးလုံးအနက်( NEWPENINSULA ) ဆိုတဲ့ ဟော်တယ်ကို ဘုရင့်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းကို ခံလိုက် ရပါတော့တယ်။

တရားမဝင် ချဲထီကတော့ အားလုံး သိကြလိမ့်မယ်လို့ ထင်ပါတယ် ဘာကြောင့်လည်း ဆိုတော့ထိုင်း ၂လုံး ၃လုံး ချဲထီတွေဟာ စာရေးသူတို့ မြန်မာတပြည်လုံးမှာ တရားမဝင် ပေမယ့် တရားဝင်လိုပဲ ရုံးခန်းဖွင့်ပြီးကို လုပ်စား နေကျပါတယ်၊ ဒီလို ထိုင်းနိုင်ငံအနှံ့ တရားမဝင် လောင်းကစား နေကြတဲ့ ချဲထီကို တရားဝင် ရောင်းချခွင့် ပေးလိုက်ပါတယ်၊ တရားဝင် ရောင်းချပေးလိုက်တဲ့ အတွက် ပြည်သူတွေ အနေနဲ့လည်း ခိုးကြောင်ခိုးဝှက် ၀ယ်စရာ မလိုတော့သလို၊ ရဲဖမ်းမှာကိုလည်း မပူရတော့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့လည်း ဘဏ္ဍာငွေပိုရ ရှိလာပါတယ်၊ ဒီချဲထီက နေရလာတဲ့ ဘဏ္ဍာငွေတွေနဲ့ အရည်အချင်းရှိပြီး ငွေကြေး မတတ်နိုင်တဲ့ ကျောင်းသူ/သားတွေကို နိုင်ငံခြား ပညာတော်သင် ပို့ပေးထားတာ အယောက် လေးငါးရာ မကပါဘူး။

ဒါပေမယ့် ဒီကိစ္စကို မလိုလားတဲ့ သူတွေလည်း မနဲပါဘူး၊ ဘာ့ကြောင့် မလိုလားတာလဲ ဆိုတာကတော့ ရှင်းနေပါတယ်၊ သူတို့အကျိုး အမြတ်တွေ ဆုံးရှုံး သွားရလို့ပါပဲ၊ ချဲထီရောင်းရတဲ့ အမြတ်ငွေဟာ တနှစ် တနှစ်ကို ဘတ်ငွေ သန်းထောင်ချီပါတယ်၊ ချဲထီဒိုင်တွေဟာ များသောအားဖြင့် တရုတ်သူဌေးတွေပါ၊ ဘန်ကောက်က မားဖီးယားတွေပေါ့၊ ဒါပေမယ့် မားဖီးယား အစစ်တော့ မဟုတ်ပါဘူး၊ တကယ့် မားဖီးယား အစစ်တွေ ကတော့ ဒီ တရုတ်သူဌေးတွေရဲ့ အနောက်မှာ ရှိနေပါတယ်။

ဘန်ကောက်ရဲ့ တကယ့် မားဖီးယား ကြိုးကိုင်တွေကတော့ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေနဲ့ တပ်ထွက် စစ်ဗိုလ်ချုပ်တွေပါ၊ သူတို့မှာ ငွေအင်အား တင်မကပါဘူး၊ အာဏာ အင်အားလည်း တကယ် ရှိပါတယ်၊ ဒီအတွက် အစိုးရကို တရားဝင်တာရော တရားမဝင်တာရော ကန့်ကွက်ကြတာပါ၊ တရားမဝင် ကတော့ ၀န်ကြီးချုပ်ကို လုပ်ကြံမယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်၊ တရားဝင်ကတော့ အတိုက်အခံ ဒီမိုကရက် လွှတ်တော်အမတ်တွေက လွှတ်တော်ထဲမှာ အစိုးရကို ချဲထီဟာ လောင်းကစားတာ သာဖြစ်တဲ့အတွက် လောင်းကစားမှု ဆိုင်ရာ တားမြစ်ထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းနေတယ် ဆိုပြီး အပြင်းအထန် ကန့်ကွက်ပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ် တပ်ဆင်ကတော့ ဒါဟာ လောင်းကစားပေမယ့် တရားဝင်ပြု လိုက်တဲ့အတွက် လောင်းကစားတာ မဟုတ်တော့ကြောင်း ဒီအတိုင်း ပစ်ထားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် မရရှိတော့ပဲ ဝိသမ လောဘသမား ငွေရှင်ကြေးရှင်တွေပဲ ကြီးပွားလာတဲ့ အပြင် အောက်ခြေ လူတန်းစားတွေသာ နစ်နာရတဲ့ အပြင် လောင်းကစားမှု့နဲ့ အချိန်မရွေး ဖမ်းဆီး ခံနိုင်ရကြောင်း၊ တရားဝင် ပြုလိုက်တဲ့ အတွက် နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိကြောင်း ရှင်းပြပြီး ချဲထီကိစ္စကို နောက်မဆုတ်ခဲ့ပါဘူး။

ဘန်ကောက်က မားဖီးယားတွေဟာ ချဲထီ၊ လောင်းကစားဝိုင်း၊ ငွေတိုးချေးလုပ်ငန်းတွေ အပြင် နယ်မြေအလိုက် မိုက်ကြေးခွဲ တောင်းစား ကြပါသေးတယ်၊ ဘန်ကောက်မှာ ကားတက္ကစီ၊ ဆိုင်ကယ်တက္ကစီ၊ သုံးဘီးတက္ကစီ(တုတ်တုတ်) တွေဟာ အများအပြားရှိပြီး တက္ကစီ ဆွဲစားတဲ့ သူတွေဟာ သာမာန် ဆင်းရဲသားတွေ ဖြစ်ပါတယ်၊ အဲဒီကား၊ ဆိုင်ကယ်၊ သုံးဘီးတက္ကစီတွေ အားလုံးဟာ ကိုယ်ဂိတ်ထိုးချင်တဲ့ နေရာက မားဖီးယား လူမိုက်တွေကို လိုင်းကြေး ပေးရပါတယ်၊ စာရေးသူ သိသလောက်ကတော့ ဆိုင်ကယ်တက္ကစီတောင် အနဲဆုံး ဘတ်ငွေ ၂သောင်း ပေးရပါတယ်၊ မပေးပဲနဲ့ ဂိတ်သွားထိုး လို့ကတော့ နေ့ခင်းကြောင်တောင် အများပြည်သူရှေ့မှာ ရက်ရက်စက်စက် ရိုက်နှက် ထုထောင်းခြင်း ခံရပါလိမ့်မယ်။

ဒီကိစ္စတွေ အတွက် ရဲကိုလည်း သွားအားမကိုးပါနဲ့ သူတို့ မကျေနပ်တဲ့ရဲဆို ရဲစခန်းထဲထိ ၀င်ရိုက်တတ်ပါတယ်၊ ထိုင်းမီဒီယာတွေမှာ ခဏခဏ မြင်နေရလွန်းလို့ ထိုင်းပြည်သူတွေများ ဒီအဖြစ် အသားကျလို့ နေမလားပဲ၊ မစ္စတာတပ်ဆင်ဟာ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်၊ မားဖီးယားကော ဘာသော ဂရုမစိုက်ပါ၊ အပြစ် ရှိလို့ကတော့ အားလုံးကို ဖမ်းဆီးပါတယ်၊ သူ့ရဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှု့တွေကြောင့် ဘန်ကောက် မြို့တော်က လက်လုပ် လက်စား တက္ကစီ အပေါင်းတို့ဟာ မားဖီးယား လူမိုက်တွေကို လိုင်းကြေးပေးရခြင်းမှ လွတ်ကင်းရပါတယ်၊ ဒါကြောင့် ဒီနေ့အချိန်ထိ ဘန်ကောက်က ကား၊ ဆိုင်ကယ်၊ သုံးဘီး တက္ကစီသမားတွေဟာ တက်ဆင်ကို ထောက်ခံ နေကျတုန်းပါပဲ။

မူးယစ် ဆေးဝါး အရောင်းအဝယ် တွေမှာလည်း ဒီမားဖီးယားတွေက ဦးဆောင် ရောင်းဝယ်သူတွေ ပါပဲ၊ ဒါကို မစ္စတာ တပ်ဆင်က ရဲတွေကို ပစ်မိန့်ပေးပြီး ကြမ်းကြမ်းတမ်းတမ်း နှိမ်နှင်းခိုင်းတဲ့အတွက် မားဖီးယားတို့ အထိ နာကြရပါတယ်၊ မူးယစ် ဆေးဝါးမှု့ ဖြစ်တဲ့အတွက် ဘယ်လိုမှ မတုန့်ပြန်နိုင် ပါဘူး၊ ဒါကြောင့် နောက်ဆုံး ထိုင်း လူ့အခွင့်အရေး အဖွဲ့ကြီးက တပ်ဆင်အစိုးရကို လူ့အခွင့်အရေးတွေကို မလိုက်နာပဲ ပြည်သူတွေကို သတ်ဖြတ်နေပါတယ်၊ ဆိုပြီး ထအော်ပါတော့တယ်၊ ဒါလည်း အလုပ်မဖြစ်ပါဘူး သူကတော့ သူူရည်မှန်းချက် အတိုင်း ဆက်လျှောက်နေရင်း ပုဂ္ဂလိက ခြစားတဲ့ နွံအတွင်း ခုန်ဆင်း၍ ပြည်တော်ပြန်လို့ မရနိုင်လောက်အောင် ဇါတ်သိမ်းသွားတာပါ။

မြစ်ဆုံ 

LEAVE A REPLY

Please enter your comment!
Please enter your name here