မြန်မာဘလော့ဂ် အကယ်ဒမီဆု ပေးပွဲ ကျင်းပမည်

alt

မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွ့ံဖြိုးရေး အတွက် ကြိုးပမ်းမှု တရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာ ဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲ တရပ် ကို

၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ်ပြင်ဆင်မှု များကို ကမကထ ပြု ပံ့ပိုးပေးခြင်း ခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစ်စု ၏ အားထုတ်မှု၊ မြန်မာသတင်းသမဂ္ဂ ၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ ” မြန်မာ သတင်းသမဂ္ဂ ” ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

  • အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊
  • အကောင်းဆုံး ဘလော့ဂ်ဆု ( အထွေထွေ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၁ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။

ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂ း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂ း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here