မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ကြတော့ မည်လား

alt

မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက်များ တပ်ဆင်နိုင်ရေး အတွက် မြန်မာ စစ် အစိုးရက ပိုမို အားထည့် ကြိုးပမ်း လာ မှုနှင့် အတူ မြန်မာ့ နျူကလီးယား လက်နက် အစီအစဉ်မှာ မကြာမီ နှစ်များ အတွင်း အသက်ဝင် လာဖွယ်ရှိ

နေ သည်။ ကျွမ်းကျင်သူ များ၏ အဆိုအရ မြန်မာ နိုင်ငံအတွင်း နျူကလီယား လက်နက်များ ပိုင်ဆိုင်လာနိုင်သော အလားအလာ သည် နောက်ထပ် (၁၀)နှစ်မျှပင် မကြာ နိုင်တော့ကြောင်း သိရှိ ရသည်။ ထို့ကြောင့် ကမာ္ဘ့အဆိုးရွားဆုံး စစ်အာဏာ ရှင် အစိုးရ အဖွဲ့အစည်း တစ်ခု၏လက်သို့ အစုလိုက် အပြံုလိုက် သေစေ နိုင်သော အဖျက် လက်နက် ဆန်းကြီး ရောက်ရှိ သွားနိုင် မှုအပေါ် နိုင်ငံတကာ မှ စိုးရိမ် ထိတ်လန့်မှု မှာလည်း တစစဖြင့် တိုးမြင့် လာနေသည်။

မကြာသေးမီ နှစ်များအတွင်း အနုမြူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရေး မြန်မာအစ်ိုးရဘက်မှ အသည်းအသန် ဆောင်ရွက်လာမှုနှင့်အတူ မြန်မာနိုင်ငံအနေနှင့် နျူကလီးယား လက်နက်ဆိုင်ရာ လျှို့ဝှက်စီမံကိန်းကြီး တစ်ခုကို အသက်သွင်းနေပြီဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ ထိုအခြေအနေသည် ကောလဟာလတစ်ခုအဖြစ် သတ်မှတ်နိုင်သလို သတင်းမှန်သာ ဖြစ်ခဲ့မည်ဆိုပါက အရှေ့တောင် အာရှ ဒေသတစ်ခုလုံး၏ ရပ်တည်မှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း ကမာ္ဘ့နိုင်ငံရေး သုတေသီများက သုံးသပ် ပြောဆိုထားကြသည်။

မြန်မာနိုင်ငံသည် မူလက ကမာ္ဘ့အင်အားကြီး ရုရှားနိုင်ငံ၏ အကူအညီကို ရယူခဲ့သော်လည်း နောက်ပိုင်းတွင်မူ အဆိုးရွားဆုံး စစ်အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် လက်တွဲလာခဲ့သည်။ ကမာ္ဘ့အပယ်ခံ နိုင်ငံနှစ်ခု၏ အစိုးရချင်း ရင်းနှီးလာမှုနှင့်အတူ မြန်မာ့နျူကလီးယား လက်နက်အိပ်မက်မှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံများမှ အကူအညီများ မျှော်လင့်နေသည့်တိုင် ထိုနိုင်ငံကြီးများမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံနေမှုကြောင့် ကမာ္ဘ့လူမုန်းအများဆုံး မြန်မာစစ်အစိုးရအား အင်တိုက်အားတိုက် ကူညီထောက်ပံ့ရေးတွင် အကန့်အသတ်များ မလွဲမသွေ ကြံုရမည် သာဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယားမှာမူ ကွဲပြားသော အခြေအနေတွင် ရပ်တည်နေသည်။ သမ္မတ ကင်မ်ဂျံုအီလ်အုပ်ချုပ်သော အထီးကျန် နိုင်ငံသည် ကမာ္ဘပေါ်တွင် အင်အားအကောင်းဆုံး လက်နက်နိုင်ငံတော်တစ်ခု ဖြစ်နေပြီး နိုင်ငံတကာ ဖိအားပေးမှုများကို မျက်ကွယ်ပြုလေ့ရှိသဖြင့် မြန်မာအစိုးရ မျှော်မှန်းသော နျူကလီးယားလက်နက် စီမံကိန်းအား စိတ်ပါလက်ပါ ကူညီလာဖွယ်ရှိသည်။ ထိုကဲ့သို့ မြောက်ကိုရီးယားနှင့် ရင်းနှီးစွာ ဆက်ဆံလာနိုင်ခြင်းကြောင့် မြန်မာ့နျူကလီးယား လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ လေ့လာသူများက အိမ်နီးချင်း နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ နည်းပညာများ ပြန့်ပွားမှုသည် လျင်လျင်မြန်မြန် တိုးတက်လာနေကြောင်း သတိပေးခဲ့သည်။

ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသည် အီရန်ကဲ့သို့ နျူကလီးယားလက်နက် စမ်းသပ်နေသည့် နိုင်ငံများကို သံတမန်နည်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေတတ်ပြီး ပိုမိုတိုက်ရိုက်ကျသော အရေးယူမှုမျိုး ပြုလုပ်ရန် ဆုတ်ဆိုင်းနေသည့် သာဓကများက မြန်မာအစိုးရအား နျူကလီးယား ထုတ်လုပ်မှုကို အကြောက်အလန့်မရှိ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။

အချို့သော နိုင်ငံရေး သုတေသီများက မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းမှာ ထင်သလောက် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းက ပုံကြီးချဲ့ပြီး အစိုးရိမ်လွန်နေကြောင်း ဝေဖန်ခဲ့သည်။ အမှန်ဆိုလျင် မြန်မာနိုင်ငံသည် နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို (၁၉၅၆)ခုနှစ်ကတည်းက စတင်လာခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ထိုအချိန်ကတည်းက မြန်မာ့အက်တမ်စွမ်းအင်စင်တာ (UBAEC) ကို ဖွင့်လှစ်ထားခဲ့ပြီး (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အစိုးရ အာဏာသိမ်းမှု အပြီးတွင်မူ အဆိုပါစင်တာ၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့သည်။ ကာလကြာညောင်းပြီးနောက် (၂၀၀၁) ခုနှစ်၊ ဖေဖေဝါရီလမှ စတင်ပြီး လက်ရှိစစ်အစိုးရ အာဏာပိုင်များက နျုကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေးကို ပြန်လည်အာရုံကျလာသည်။

 

ရုရှားနိုင်ငံ အက်တမ်စွမ်းအင် ၀န်ကြီးဌာနက မြန်မာနိုင်ငံအတွင်း (၁၀)မဂ္ဂါ၀ပ် ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရန် အကူအညီပေးသွားမည်ဟု အတည်ပြု ကြေငြာခဲ့သည်။ ထိုအခြေအနေသည် တစ်ကမာ္ဘလုံးအတွက် မြန်မာ့နျူကလီးယား အကောင်အထည် ဖော်နေမှုကို အာရုံစိုက်လာစေမည့် အချက်ပေး ခေါင်းလောင်းသံလည်း ဖြစ်သည်။ ထိုနှစ် ဇူလိုင်တွင်မူ စွမ်းအင်နှင့် သိပ္ပံဆိုင်ရာ ၀န်ကြီးဦးသောင်း၏ လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယားစွမ်းအင်ဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင်တော့ မြန်မာ့ကာကွယ်ရေး အကယ်ဒမီ(DSA)မှ ဘွဲ့ရအရာရှိများကို ရုရှားသို့ နျူကလီးယားဆိုင်ရာ ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့တော့သည်။
 
(၂၀၀၂)ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ထိုစဉ်က မြန်မာ့စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်ဝင်းက မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းအင်ထုတ်လုပ်နိုင်မှုအပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့သည်။ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့သော်လည်း စစ်အစိုးရ၏ အစစ်အမှန် ရည်မှန်းချက်ကို တစ်ကမာ္ဘလုံးက သံသယရှိလာနေခဲ့သည်။ စစ်အစိုးရ ထိပ်တန်းအရာရှိများထံမှ စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး စွမ်းအင်ကို နျူကလီးယားမှ ထုတ်လုပ်ရန် ရည်ရွယ်ပါကြောင်း လေသံပစ်လာကြသည့်တိုင် မြန်မာနိုင်ငံ စစ်အစိုးရသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်မှာ သေချာပါသည်ဟု အာမခံဝံ့သူ မရှိခဲ့ချေ။ ရေအားလျှပ်စစ် အပါအဝင် နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု မလောက်ငသည့် အခြေအနေများကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် ကြံစည်နေပါသည်ဟု စစ်အစိုးရက ပြောဆိုနေသည့်တိုင် နိုင်ငံတိုင်းက သံသယ မျက်လုံးများဖြင့် စူးစမ်းနေဆဲဖြစ်သည်။
 
နောက်ပိုင်းတွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို ဆေးပညာ လေ့လာမှုအတွက်ပါ အသုံးချသွားမည်ဟု ပြောင်းလဲပြောဆိုလာပြန်သဖြင့် စစ်အစိုးရ၏ မူရင်းရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ရန် ပိုမိုရှုပ်ထွေး လာတော့သည်။ သို့သော်လည်း လေ့လာသူများက ရုရှား၏ အကူအညီဖြင့် မြန်မာအစိုးရသည် အနည်းဆုံး (၅)မဂ္ဂါ၀ပ် ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖိုတစ်ခုလောက် အနည်းဆုံး တည်ဆောက်နိုင်ရန် မရမက ကြိုးပမ်းမည်ဖြစ်ပြီး ထိုမှတဆင့် လက်နက်ထုတ်လုပ်နိုင်သည်အထိ နျူကလီးယား သန့်စင်မှုဆိုင်ရာ နည်းစနစ်များကို မြောက်ကိုရီးယားထံမှ မှီခိုရယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။

ထိုအခြေအနေများကြောင့် နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေး ထိန်းချုပ်မှု အဖွဲ့အစည်းများအတွက် အဆုံးဖြတ်ရ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်လာရသည်။ လက်ရှိအချိန်သည် အမေရိကန်အနေနှင့် အီရန်၏ နျူကလီးယား အစီအမံများအပေါ် အပြည့်အဝ အာရုံစိုက်နေသဖြင့် မြန်မာနိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ လုပ်ငန်းဆောင်တာများ မည်မျှတိုးတက်နေသည်ကို ထောက်လှမ်းနိုင်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ထို့အပြင် ရုရှားနှင့် တရုတ်တို့ကဲ့သို့ ကမာ္ဘ့အင်အားကြီး နိုင်ငံများ၏ ကျောထောက်နောက်ခံ အင်အားကို ရရှိထားသည့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအမံများကို ခိုင်မာသော အထောက်အထား မပြနိုင်ဘဲ ကန့်ကွက်ရှုတ်ချနိုင်ရေးမှာ အမေရိကန်အတွက် အလွန်သတိထားရမည့် ခြေလှမ်း တစ်ခုဖြစ်သည်။ ထို့အပြင် ဆာဒမ်ဟူစိန်သည် အစုလိုက်အပြံုလိုက် သေစေတတ်သော လက်နက်ဆန်းများ သေချာပေါက် ထုတ်လုပ်နေသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်ကို ကျူးကျော်သိမ်းပိုက်ပြီးမှ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ သတင်းမှားကို ယုံစားမိသည့် အပြစ်အတွက် လက်ညှိုးထိုးခံရမှုမျိုး နောက်တစ်ကြိမ် ကြံုရမည်ကို အမေရိကန် ပြည်ထောင်စု အစိုးရအနေနှင့် ၀န်လေးနေမည်သာဖြစ်သည်။

ထိုနောက်ခံဖြစ်ရပ်များ အားလုံးတို့ကို အခွင့်ကောင်းယူကာ မြန်မာအစိုးရအနေနှင့် ၎င်း၏ရည်မှန်းချက် ပန်းတိုင်ဆီသို့ တိတ်တဆိတ် ချီတက်နေဖွယ်ရှိသည်။ အကယ်၍သာ မြန်မာနိုင်ငံ အစိုးရတွင် အဖျက်စွမ်းအား အလွန်ကြီးမားပြင်းထန်သည့် နျူကလီးယား လက်နက်ကြီးများ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရလာတော့မည်ဆိုလျင် ကမာ္ဘတစ်ခုလုံး ကျီးလန့်စာစား ဖြစ်လာရမည်မှာ မလွဲနိုင်ပေ။ ထိုအကြောင်းကို ကမာ္ဘ့နိုင်ငံများမှ အစိုးရတိုင်း သဘောပေါက်ကြပါသည်။ သို့သော်လည်း ထိုသို့မဖြစ်လာစေရေး မည်သို့ထိန်းချုပ်ရပါမည်နည်း။ လက်နက်ကိုင် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့တစ်ခုသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချပါမည်ဟု ကြွေးကြော်လျက်ရှိသည်။ အမှန်လား၊ အမှားလားဆိုသည်ကိုမူ ကာယကံရှင် စစ်အစိုးရသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းမှုကို လိုလားသော ကမာ္ဘ့နိုင်ငံများအတွက် မြန်မာ့နျူကလီးယား ပြဿနာမှာ အနာသိလျက် ဆေးအရှာခက်နေသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါတော့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here