မဟာဗျူဟာမြောက် အမှားများ

alt

အ လုပ်လုပ် ရင် အထူးသဖြင့် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် အတွက် သော် လည်းကောင်း၊ အဖွဲ့ အစည်း ရည်မှန်းချက် ပေါက်မြောက် အောင်မြင်ရေး အတွက် သော် လည်းကောင်း၊ ကျားကုတ် ကျားခဲ အလုပ်လုပ် သူများ ၏

ဘဝတွင် ( အနည်း အများ အတိုင်းအထွာ သာ ကွာမည် ) အမှား ကျူးလွန် မိ ကြ၊ ပြုမိ ကြသည်မှာ ခွင့်မလွှတ်နိုင် သည့် အမှားတော့

မဟုတ်ပါ၊ သို့သော် အမှားများထဲ ခေါင်းပြန် ထူရန် ခက်ခဲသည့် အမှားကတော့ သိ၍ ဖြစ်စေ မသိ၍ ဖြစ်စေ မမှားသင့်သည်က မဟာဗျူဟာမြောက် အမှားပင် ဖြစ်ပေသည်။

မဟာဗျူဟာကို သံခိပ်ပြုသော် ရှေ့မှာဖြစ်လာနိုင်သည့် အမှား သို့မဟုတ် စီမံကိန်းကို တွက်ဆ၍ လက်ငင်း ပြင်ဆင် တင်ကြိုကာ နောင်မည်သို့ လုပ်ဆောင်မည်ကို ( Large Scale Action Plan ) ၊ စီမံကိန်း ရေးဆွဲခြင်းပင် ဖြစ်သည်။

Author of strategies planning workbook for non-profit organization ရေးသားသူ ဘရိုင်ယန် ဒဘလျူ ဘယ်ရီ ၏ စာအုပ်တွင် မဟာဗျူဟာ နှင့် နည်းဗျူဟာ ရေးဆွဲသူကို ယခုလို ဆွေးနွေးဖူးသည်၊ အဖွဲ့စည်းတခု ရည်မှန်းချက်တခု အတွက် နည်းဗျူဟာရေးဆွဲရာတွင် ရှေ့တွင်ဆောင်ရွက်မည့် စီမံကိန်းကို တိုက်ရိုက် တင်ကြိုပြင်ဆင် ထားရမည်၊ ထိုဗျူဟာ၏ ရည်မှန်းချက်ပန်းတိုင်ကို ပြီးပြည့်စုံ အောင်မြင်စွာ ရောက်ရှိရန် အလုံးစုံသော နည်းလမ်းများဖြင့် ဝါယမပြုနိုင်မှာသာ မကြာမီ လိုရာ ခရီးသို့ မသွေ ရောက်ရှိမည်ဟု ဆိုထားသည်။

အဖွဲ့စည်းတခု၏ ရှင်သန်ရေးသည် ၎င်းအဖွဲ့စည်းတခု၏ မဟာဗျူဟာမြောက် အစီအမံ အပေါ်တိုက်ရိုက် တည်မှီ နေသည်မှာ ထင်ရှားသည်၊ မှန်ကန်တဲ့ မဟာဗျူဟာကို ချမှတ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းသည် ရှေ့ဆက်တည်တံ့ ခိုင်မြဲပြီး ကြီးထွား စည်ပင်၍ မှန်းချက်ပန်းတိုင်သို့ ချိန်သားကိုက် ရောက်၏၊ မှားယွင်းသော ဗျူဟာ ချမှတ်သူတို့သည် ရေရှည်မှာ ချိနဲ့ပြီး အဆုံးတွင် မှေးမှိန်ပျောက်ကွယ် သွားရမည်မှာ အထင်အရှားပါ။

အနီးဆုံး ဖြစ်မဲ့ ဖြစ်ရပ်များထဲက အားလုံးသိနိုင်အောင် “အစ”ဆွဲထုတ်ပြရယင် အမေရိကန်သမတ ဂျော့ရှ် ဒဘလျူ ဘုရှ် နဲ့ ကားကုမ္မဏီများ ဖြစ်တဲ့ ဂျင်နရယ်မော်တာ၊ ဖို့ဒ်၊ ခရိုက်စလာ တို့ အကြောင်းပဲ ဖြစ်ပါတယ်၊ အဲတာနဲ့ ဆက်စပ်လို့ ဂျပန်အကြောင်းနဲနဲ ဆက်စပ် ပြောရဦးမယ်။

၁၉၇၀ -၈၀ ခုနှစ်ပြည့်နှစ် များဆီက ဓါတ်ဆီဈေး၊ သံဈေးများ ပေါစဉ်၊ ကမာ္ဘဈေးကွက်မှာ နည်းပညာအရ အခုလောက်လဲ တိုးတက်မှုမရှိ၊ ပြိုင်ဆိုင်သူ အခုလောက်လဲ မများသေးဖူး၊ ဂျပန်က ကားကုမ္မဏီ၊ လျှပ်စစ်ကုမ္မဏီ နဲ့ အခြားကုမ္မဏီတွေ ဟာ ကမာ္ဘဈေးကွက်မှာ ဖြစ်နိုင်ချေ၊ ကြံုတွေ့နိုင်စရာ ရှိလာ နိုင်တာတွေကို မျှော်တွေးပြီး၊ ကုမ္မဏီတခုခြင်း အနေနဲ့ရော တိုင်းပြည်တခုလုံး၏ စီးပွားရေး ဖွင့်ဖြိုးရေးအတွက်ပါ နှိုင်းနှိုင်းဆဆ Total Quality Management (TQM) ကို မဟာဗျူဟာ ချမှတ်ရေးဆွဲပြီး ဂျပန်ကုန်ပစ္စည်းတွေကို ကမာ္ဘဈေးကွက်ကို တင်သွင်းစေခဲ့တယ်။

TQM ဟာ အခြေခံအားဖြင့် စစ်ပြီးခေတ် ဂျပန်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီး အမေရိကန် သချင်္ာပညာရှင်တဦး ဖြစ်တဲ့ ဒဘလျူ အက်ဒဝပ် ဒန်မင်းနဲ့ ဂျိုးဇက် အမ် ဂျူနန် တို့ကို ၁၉၈၂ခုနှစ်မှာ ဂျပန်နိုင်ငံကို ခေါ်သွင်းလာပါတယ်၊ သူတို့ နှစ်ဦးရဲ့ အခြေခံအယူအဆက Fitness for use လို့ ခေါ်တဲ့ စားသုံးသူ တကယ့်လိုအပ်ချက်များကို အရည်အသွေးမှီမှီ ထုတ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဒီရည်မှန်းချက် ပြီးမြောက် အောင်မြင်ဖို့ သူတို့ ၂ဦး ချမှတ်ခဲ့တာကတော့ …..

Make continues improvement a priority – ထုတ်ကုန် ပစ္စည်းများအား ကျေနပ်ရောက်ရဲ့မှု မရှိပဲ အသေးငယ်ဆုံး အစိတ်ပိုင်း ဖြစ်ပါစေ အရည်အသွေး တိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ် နေရာတိုင်း အချိန်တိုင်း လုပ်ဆောင်နေဖို့။

Get every employee involved – အဆုံးမသတ် တိုးတက်မှု အတွက် အဖွဲ့ဝင်အားလုံးဟာ ကျစ်လစ်ခိုင်မာ ဟန်ချက်ညီတဲ့ အခြေခံလုပ်ဆောင်မှု၊ အပြန်အလှန် လေးစား၊ ယုံကြည်မှု ။

Listen to and Learn from customers and employees – စားသုံးသူနှင့် အဖွဲ့ဝင်များ၏ တောင်းဆိုမှု တုန့်ပြန်သံအား နားဆင် အရေးယူဆောင်ရွက်မှု။

Use accurate standard to identify and eliminate problems – တီကျူအမ် ကုမ္မဏီများဟာ သူတို့ရဲ့ ပြိုင်ဖက်ကုမ္မဏီ ထက်ကို ဘယ်လိုကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာ နားလည်ပြီး၊ ရလဒ်တိုင်းကို အကဲဖြတ်ဖို့ စံသတ်မှတ်နှုန်းတွေ ထားရှိပြီး ပြဿနာတွေကို ဖယ်ရှားကာ ပိုမိုကောင်းမွန်အရည် အသွေးတွေကို စားသုံးသူတွေဆီ ပို့ပေးနေတော့ တာပါပဲ။

ဒီအကျိုးဆက်တွေဟာ ဒီအချိန် ဈေးကွက်မှာ ဈေးပေါပြီး အရည်အသွေးမမှီတဲ့ ဂျပန်ကုန်ပစ္စည်းတွေဟာ ရေရှည်မှာ ဈေးချိုပြီး ခိုင်ခန့်အရည်သွေးမှီ ပစ္စည်းအဖြစ် ရောက်ရှိလာခြင်းပါပဲ၊ ဈေးကွက်တူတဲ့ ပြိိုင်ဖက် အမေရိကန်နိုင်ငံမှာတောင် ဈေးချိုတယ်၊ ခိုင်ခန့်တယ်၊ ဆီစားသက်သာတယ်၊ ရေရှည်ခိုင်ခန့်တယ် ဒီလို နေရာချဲ့ ယူလာယင်းကနေ အမေရိကန် ကားဈေးကွက်မှာ စားသုံးသူ က ဟွန်ဒါ၊ တိုယိုတာ၊ နီဆန်း နံပါတ်(၁) သတ်မှတ် လာပြီး အီလက်ထရောနစ် ဈေးကွက်မှာတော့ ဆိုနီ၊ ပင်နိုဆောနစ် တို့ ထိပ်တန်း အမှတ်တံဆိပ်တွေ ဖြစ်လာပါတော့တယ်။

နောက်ထပ် ဂျပန်တို့ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတခု ကတော့ တိုယိုတာရဲ့ ဟိုက်ဘတ် စီမံကိန်းပါပဲ၊ ၁၉၉၀ခုနှစ် ဓါတ်ဆီတဂါလံ ဒေါ်လာ ကျပ်မပြည့်သေးခင် မှာပဲ တိုယိုတာ ထိပ်တန်း အုပ်ချူပ်သူတွေ ဖြစ်တဲ့ ကတ်ဆူယာကီ ဝါတာနာဘေး၊ ယိုရှီယို ကင်ဘာနာ၊ အအိဂျိ တိုယိုဒါ တို့ဟာ အမေရိကန် လူလတ်တန်းစားတို့ ပြောင်းလဲလာမဲ့ အရေး၊ ဓါတ်ဆီဈေးတွေ ထိုးတက်လာပြီး၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာမှုတွေ ကိုပါ တွက်ဆပြီး၊ အခုအမေရိကားမှာ လူကြိုက်များနေကြတဲ့ ဓါတ်ဆီတဝက်၊ လျှပ်စစ်တဝက် မောင်းနှင်တဲ့ တိုယိုတာ “Prius” Hybrid ကို စီမံကိန်ချ ဆောင်ရွက်ခဲ့ခြင်းပါ၊ ဒါဟာ အနာဂါတ်ကို မှန်းဆလို့ မှန်ကန်စွာ ချမှတ်ခဲ့တဲ့ တိုယိုတာရဲ့ မဟာဗျူဟာမြောက် ထင်ရှားတဲ့ ပြယုဒ် တခုပါ။

ဒီအချိန်က လျှပ်စစ်ကားဈေးကွက်ကို ပမာမခန့်ပြုလုပ်ခဲ့တဲ့ အခြားကုမ္မဏီတွေကတော့ အခုချိန်မှာ အိပ်မှုံစုံမွှားနဲ့ တိုယိုတာနောက်က လိုက်နေဆဲပါ၊ ကမာ္ဘ့ စီးပွားရေးလောကမှာ ဂျပန်ုလိုက်မမှီတဲ့ ဈေးကွက်တခု ကျန်ရှိနေသေးပါတယ်၊ ဒါက Retailing လို့ခေါ်တဲ့ လူအများစု နေ့စဉ်လိုအပ်နေတဲ့ စားသုံးကုန်ပစ္စည်းတွေကို လျှင်မြန်စွာ နဲ့ ဈေးသက်သက်သာသာ ရောင်းချနိုင်သည့် လုပ်ငန်းနယ်ပယ်ပဲ ဖြစ်ပါတယ်။

ဒါနဲ့ ပါတ်သက်လို့ အမေရိကန်ကုန်တိုက်ကြီး Wal-Mart ထူထောင်တဲ့ ဆမ် ဝေါလ်တွမ် နဲ့ ဒေးဗစ် ဂလပ်(စ်) { မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်ကို ကွန်ပျူတာ ဟုဆိုလျှင် ကွန်ပျူတာ အရှင်သခင် အဖြစ် ကမာ္ဘအဝှမ်းမှ လူအများ သိရှိသော်ငြားလည်း၊ Supply Chain System အခြေခံစားသုံးကုန်ပစ္စည်းများကို လျှင်မြန်စွာ ဈေးသက်သာစွာ ဝယ်ယူနိုင်သော စနစ်တီထွင်သူ ဒေးဗစ် ဂလပ်ကိုတော့ လူသိနဲလှပေသည်။} က အောက်ဖေါ်ပြသလို ရှင်းပြပါသည်။

ဝေါလ်မတ် စတိုးလုပ်ငန်း စတုန်းကဆို သေးသေးလေးပါပဲ၊ Sear ( ဆီးယား ) တို့ ( K- Mart ) ခေမတ် တို့နဲ့ ယှဉ်လိုက်ရင် အချိန်တိုတို အတွင်းမှာပဲ ဈေးကွက်မှာ အလွယ်တကူ ပျောက်သွားမဲ့ အနေအထားမှာ ရှိပါတယ်၊ ဝေါမတ်ရဲ့ Vision ကတော့ စားသုံးသူကို ဈေးသုံးချိုသာစွာ ရောင်းချရေး ( Discount ) ပါပဲ၊ ဝေါမတ် စတင်ကာစ ၁၉၆၀ခုနှစ်များမှာ ဒီလိုဈေးချရောင်းဖို့ မဖြစ်နိုင်ပါဖူး၊ ကုန်ပစ္စည်းတွေကို ပွဲရုံတွေ ဒိုင်တွေက ချုပ်ကိုင်ထားပါတယ်၊ သူတို့ ဆီကမှ တဆင့်ခံ ဝယ်လို့ရောင်းချရယင် ဝေါမတ်အနေနဲ့ ဘယ်လိုမှ ပြိုင်ဖက်တွေ ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဖူး။

ဒီတော့ မဟာ ဗျူဟာ မြောက် လုပ်ငန်းစဉ် (၃) ရပ် ကို ဝေါလ်မတ် ချမှတ်ရာ

ပထမ ဆုံးအနေဖြင့် ဝေါမတ်ကုန်ပစ္စည်း သိုလှောင် ဖြန့်ဖြူးရေး ဋ္ဌာနချုပ်တွင် ၁၂မိုင်ရှည်လျားသော ကုန်ပစ္စည်း သယ်ယူသော ကွန်ဗေယာ ဘဲလ် ခေါ်သော စက်နှင့် လည်ပါတ်နေသော အလွယ်တကူ ကုန်ပစ္စည်းသယ် ခါးပါတ်ကြိုး ထားရှိသည်။

ဒုတိယ အချက်အနေဖြင့် ကမာ္ဘအရပ် ကုန်ပစ္စည်းတွေကို ဝေါမတ် အနေဖြင့် စက်ရုံ၊ အလုပ်ရုံများဆီ တိုက်ရိုက် သွားရောက်ဝယ်ယူကာ ဝေါမတ်ပိုင်ကုန်တင်ကားများနဲ့ အရောင်းဆိုင်များဆီ တင်ပို့ ဖြန့်ချီပါတယ်။

နောက်ဆုံးအချက် အနေနဲ့ ဝေါမတ်ရဲ့ အင်ဖေါ်မေးရှင်း တက္ခနိုလော်ဂျီ အဆင့်မြှင့်ပြီး Wal-Mart on perpetual system လို့ ခေါ်တဲ့ Accounting Inventory System ကုန်ပစ္စည်း အဝင်အထွက် စာရင်းမှတ်တမ်း များကို ချက်ခြင်းလက်ငင်း သိမ်းဆည်း ဖြန့်ဝေခြင်း စနစ်ကို ကျင့် သုံးပါတယ်။ အကျိုးဆက်ကတော့ ဝယ်ယူတဲ့ စားသုံးသူ တဦးဟာ ဝယ်ယူလို့ ပိုက်ဆံရှင်းလိုက်တာနဲ့ အဲဒီပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံက ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ ဝေါမတ်ကို ပို့ပေးရမယ်ဆိုတာနဲ့ ဝေါမတ်က စားသုံးသူတွေက ဘယ်ပစ္စည်းကို ကြိုက်တယ်၊ ဘယ်လောက်များများ ဝယ်တယ်၊ ဘယ်ပစ္စည်းက ဘယ်ဆိုင်မှာ ဘယ်လောက်ကျန်သေးတယ်၊ ဘယ်ဆိုင်ကိုတော့ များများပို့ပြီးပြီ၊ ဘယ်ဆိုင်ကိုတော့ ဘယ်ပစ္စည်းလျော့ပို့ ရမယ်ကို ဝေါမတ်ရဲ့ တာဝန်ရှိ စီမံခန့်ခွဲသူများဟာ စက္ကန့်နှင့် အမျှသိနေခြင်းဖြင့် စားသုံးသူ လိုအပ်သလောက်ကို ကွက်တိရောင်းချခြင်းဖြင့် ရောင်းချ ကုန်ချကုန်ပစ္စည်းများရဲ့ လှစ်ဟာမှု အစုစုကို ဖါထေးနိုင်ခဲ့မှုဖြင့် ဝေါမတ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေးကို လုပ်ဆောင်နိုင်ခဲ့ပြီး တဖက်မှာလဲ အမြတ်အစွန်းများစွာ ရရှိပြီး ပြိုင်ဖက်များအားလည်း ဈေးကွက်မှ ဖယ်ရှား အနိုင်ယူ နိုင်ခဲ့သော အမေရိကန်နိုင်ငံ ၏ ဈေးကွက်မဟာဗျူဟာဖြင့် ဦးဆောင်ခဲ့သော ကုမ္မဏီဖြစ်သည်။

မဟာဗျူဟာ မှန်ကန်စွာ ချမှတ်နိုင်တဲ့ ဂျပန်ကားကုမ္မဏီတွေ ဝေါလ်မတ်တို့ အောင်ပွဲအသီးအပွင့် ဆွတ်ခူးနေချိန်မှာ အမေရိကန်ကား ကုမ္မဏီတွေကတော့ ကမာ္ဘမြေကနေ ပျောက်ကွယ်ဖို့ အတွက် အသက်ငင်နေကြပါတယ်။

အဓိက အခြေခံ အကြောင်းတရားများ ကတော့

  • (၁) အမေရိကန်များရဲ့ Stereo Type ပါ ( အမေရိကန်တွေဟာ ထုထည်ကြီးမားတဲ့ ကောင်းပေ့ညွှန့်ပေ့ အရာတွေကို Style အဖြစ် သုံးစွဲကြပါတယ် )
  • (၂) အမေရိကန်အစိုးရရဲ့ စီးပွားရေးအမြင်နဲ့ သဘောတရားပါ၊ { အစိုးရ အနေနဲ့ သူ့နိုင်ငံသားတွေ ကားများများကို အကြိမ်ကြိမ်များများ ဝယ်စီးမယ် ဆိုရင် အစိုးရဝင်ငွေ များများရမယ်၊ လူတွေ အလုပ်လက်မဲ့ ဖြေရှင်းနိုင်မယ် ဒီလို သဘောထားပုံ ရပါတယ် }
  • (၃) အမေရိကန်က ဂျပန်လို Hybrid လျှပ်စစ်ကားကို ထုတ်မယ်ဆိုယင် ဂျပန်တွေ မထုတ်နိုင်ခင်ကတည်းက ထုတ်လုပ်နိုင်ပါတယ်၊ အမေရိကား စီးပွားရေး အပေါ် ရေနံကုမ္မဏီကြီးတွေရဲ့ ဩဇာသက်ရောက်မှု လွှမ်းမိုးနိုင်မှု အားကြီးမားတာဟာ လျှပ်စစ်ကားတွေ မထုတ်လုပ်ဖို့ သွယ်ဝိုက်ပြီး တားမြစ်ချက်တွေ ပါပဲ။

အားလုံးကို ချုပ်လိုက်တဲ့ အခါ အမေရိကားက ကားကုမ္မဏီတွေက အနာဂါတ်ဖြစ်လာမဲ့ အရေးတွေကို သုံးသပ်ဆင်ခြင်ပြီး ပြင်ဆင်ပြောင်းလဲတာတွေကို မလုပ်တော့ပဲ ကားတစင်းကို ၄၊၅၊၆ နှစ်ပဲ ခံအောင်ထုတ်လုပ်ပြီး အစိုးရနဲ့ ရေနံကုမ္မဏီတွေ အလိုကျ လူတယောက် ကားတစီး၊ ၅နှစ်ပြည့်လျှင် နောက်တစင်းဝယ်ရေး မဟာဗျူဟာကို ချမှတ်လိုက်ပါတော့တယ်။

အကျိုးဆက်အနေနဲ့ အခြေအနေတွေ ပြောင်းလဲလာတဲ့ အခါ အမေရိကန်ကားကုမ္မဏီတွေ အပြောင်းအလဲနောက်ကို မလိုက်နိုင်တော့ ပါဖူး၊ စီးပွားရေး ကြပ်တည်းချိန်နဲ့ကလဲ ချိန်သားကိုက် လာကျနေတော့ အမေရိကန်လူမျိုးတွေ ၅နှစ် ကားတစီး ဝယ်မစီးနိုင်တော့ ပါဖူး၊ ဓါတ်ဆီဈေးတွေ တက်လာတယ်၊ သံဈေးတွေ တက်လာတယ်၊ အမေရိကန် ပညာတတ်လူတန်းစားတွေ အဆတိုး ပွားများလာတော့ လေထုညစ်ညမ်းမှု အတွက် အသံတွေ ကျယ်လောင်လာတယ်၊ အမေရိကန်ကားတွေ မကောင်းဖူး၊ ဆီစားတယ်၊ အရည်သွေးမကောင်းဖူး၊ ပျက်လွယ်တယ် ဆိုတာတွေကတော့ အမေရိကန်တွေ ကိုယ်တိုင် ပြဋ္ဌာန်းလိုက်တဲ့ ကား ပညတ်ချက်တွေဟာ အမေရိကန်တွေ ကိုယ်တိုင် ကျောခိုင်းဖို့ ဖြစ်လာရတော့ ပါတယ်။

အခုဆိုယင် အဲဒီ ကားကုမ္မဏီတွေရဲ့ ရှင်သန်မှုဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်တော်ငွေကနေ ချေးပေးမဲ့ အစိုးရရဲ့ Bailout အပေါ်တည်မှီနေရမဲ့ အထိ ဖြစ်လာရပါတယ်။

သမတ ဘုရှ် အစိုးရရဲ့ မဟာဗျူဟာ အမှားကတော့ အမေရိကန် ယဉ်ကျေးမှုကို ပြောင်းရမယ် ဆိုပြီး စီးပွားရေး ပေါ်လစီကို Demand Side Theory လို့ခေါ်တဲ့ အစိုးရက စီးပွားရေးတိုးတက်မှုကို ရည်ရွယ်ပြီး ဈေးကွက်ကို လိုအပ်ယင် လိုအပ်သလို ဝင်ရောက်ပါတ်သက်ဖို့ ချမှတ်ထားတဲ့ အစီအမံများလို့ ဆိုပါတယ်။ ဥပမာအားဖြင့် လမ်း၊ ကျောင်း၊ ပန်းခြံ၊ ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းများမှာ သုံးခြင်းအားဖြင့် စားသုံးသူတွေကို အလုပ်အကိုင်ဖန်တီးပေး နိုင်ပြီး ဝင်ငွေ ဖန်တီးရရှိစေခြင်းဖြင့် ဈေးကွက်မှာ သုံးစွဲခြင်းမှ မြှင့်တင်ခြင်း ကို ယေဘူယျ ဆိုပြီး Aggregates Expenditure လို့လဲ ခေါ်ဆိုပါတယ်။

Supply Side Theory က အစိုးရဟာ ဈေးကွက်မှာ လုံးဝ ပါဝင်ပါတ်သက်ခြင်း မပြုပဲ ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားကို ဈေးကွက်ကပဲ လွတ်လပ်စွာ သတ်မှတ်ခြင်း ကို လုံးဝပြောင်းလဲ သတ်မှတ်လိုက်ခြင်းပါပဲ၊ အဲဒီမူအပေါ် အခြေခံတဲ့ သမတ ဘုရှ်ရဲ့ မဟာဗျူဟာ အစီမံများကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်လျော့ချပစ်ပါတယ်၊ ရည်ရွယ်ချက် ကတော့ ရရှိလာတဲ့ အပိုဝင်ငွေတွေကို အမေရိကန်ကုမ္မဏီတွေမှာ ပြန်လည်အသုံးချပြီး မြှပ်နှံပြီး နာလန်ထဖို့ ပါပဲ၊ နောက်တခုက အမေရိကန်တွေရဲ့ စက်ရုံအလုပ်ရုံတွေကို အချိန်တိုတို အတွင်း ပြည်ပကို အလုံးအရင်းနဲ့ ပို့ ပစ်ခြင်းဖြင့် အမေရိကန်ဈေးကွက်မှာ အလုပ်သမားတွေ အလျှံပါယ် ပေါများလာစေခြင်းဖြင့် အလုပ်ရှင်တွေ အနေနဲ့ လုပ်အားခ ချိုချိုနဲ့ အလုပ်သမား ဋ္ဌားရမ်းနိုင်မှာ ဖြစ်သလို အလုပ်သမားတွေရဲ့ အခွင့်ရေးတွေလဲ လျော့ချပစ်နိုင်ခြင်း၊ တချို့ဆို ပယ်ဖျက်ခြင်းများပင် ရှိလာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ခြင်းအားဖြင့် ကုန်ပစ္စည်းများ ဈေးပေါပေါနဲ့ ထုတ်လုပ်နိုင်လာပြီး အမေရိကန်တိုင်း ကြိုက်တဲ့ ကုန်ပစ္စည်းတိုင်း ဝယ်ယူလာနိုင်မယ်၊ ဘဏ်တွေကလည်း မည်သူမဆို အများစုကို အကြွေးနဲ့ ငွေတွေ ချေးပါတယ်၊ အိမ်ဝယ်ချင်လဲ ကြိုတင်ငွေလဲ ပေးစရာ မလိုပဲ အကြွေးနဲ့ဝယ်ယူရပါတယ်၊ လိုအပ်တဲ့ ကြိုတင်ငွေတွေကိုလဲ ဘဏ်တွေကနေ အတိုးနှုန်း အစုံနဲ့ ထပ်ချေးပေးပါတယ်။

ရေတိုမှာတော့ အမေရိကန်စီးပွားရေးက ပညတ်သလိုပါပဲ အိမ်ဝယ်၊ ကားဝယ်၊ ဂျပန်ထုတ် Flat တီဗွီတွေ ဝယ်ကြနဲ့ ပျော်စရာကြီးပါ၊ အစိုးရကလည်း အခွန်ငွေတွေ တိုးရ၊ လုပ်ငန်းရှင်တွေ ဘဏ်တွေကလဲ သူတို့ရဲ့ လုပ်ငန်း စတော့တွေ၊ Bond တွေ ဈေးကွက်မှာ ချရောင်း၊ ဘဏ်တွေကလည်း သူတို့ရဲ့ Mortgage အိမ်စာချုပ်တွေကို Government Security အဖြစ်နဲ့ချရောင်း၊ တဖက်မှာကလဲ အမေရိကန်ထက် စီးပွားရေးကောင်းမွန်လာတဲ့ တရုတ်တို့ ဆော်ဒီတို့က အမေရိကန်ရဲ့ ငွေကြေးဆိုင်ရာ ဈေးကွက်တွေမှာ စတော့တွေ ဘွန်းစာချုပ်တွေ ဝယ်ယူနေခြင်းအားဖြင့် အမေရိကန် Gross Domestic Product (GDP) ကျဆင်းသော်ငြားလဲ ပတိအမြင်မှာတော့ ကောင်းမွန်နေသလိုပါပဲ။ ငွေကြေးဈေးကွက်မှာ ရောင်းချလို့ရတဲ့ အမေရိကန်လုပ်ငန်းတွေရဲ့ စာချုပ်စာတမ်းများက ရတဲ့ အမေရိကန်ရဲ့ Balance Account က ကမာ္ဘကြီးကို အမေရိကန်ရဲ့ ဝယ်ယူသုံးစွဲမှု အပေါ် လုံးဝယုံကြည် မှီခိုစေပါတယ်။

ဒါပေမဲ့ ဒါတွေဟာ ခဏတာပါ၊ အလုပ်မရှိ လုပ်အားခ လျော့ချခြင်း ခံရတဲ့ အမေရိကန်တွေဟာ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆက်လက်သုံးစွဲဖို့ မဖြစ်နိုင်တော့တဲ့ အပြင် အကြွေးဖြင့် ဝယ်ယူထားတဲ့ အရာတွေကိုလည်း ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိတော့ပါဖူး၊ အကျိုးဆက်ကတော့ ဘဏ်ချေးငွေတွေ ဆုံးရှုံးရသလို စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်ရတော့ပါတယ်၊ ဒီအပေါ် အခြေခံတည်ဆောက်ထားတဲ့ ငွေကြေးဈေးကွက် တဘုန်းဘုန်း လဲပြိုခဲ့ရတော့ တာပါပဲ၊ ဒါကို ဘုရှ်အစိုးရက ကုန်ပစ္စည်းတွေကို ဈေးချိုချို ထုတ်လုပ်ရောင်းချဖို့ ဗျူဟာ ချမှတ်လိုက်တော့ လုပ်အား ပေါများရေးနဲ့ စည်းမဲ့ကမ်းမဲ့ ငွေချေးခြင်း (ချစ်တီး စနစ်) လို့ခေါ်ဆိုရမဲ့ Supply Side Theory ဘဏ္ဍာရေးဆိုင်ရာ ဗျူဟာအမှားတွေနဲ့ အမေရိကန်ရဲ့ လက်ရှိဘဝပါ။

ဒီလို ဂျပန်နဲ့ အမေရိကန် တိုင်းပြည်နဲ့ ကုမ္မဏီအဖွဲ့ အစည်းတွေ ရည်မှန်းချက်အောင်မြင်ဖို့ အတွက် ချမှတ်လုပ်ဆောင်တဲ့ မဟာဗျူဟာ အမှားအမှန်တွေ ကို သုံးသပ်ယင်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ခေါင်းဆောင်များ ဗျူဟာမြောက် ဘယ်လို ရေးဆွဲဆောင်ရွက်နေသလဲ တွေးတောဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ ပကတိ တရားတွေဟာ မှားတယ်မှန်တယ် … ဆွေးနွေး ငြင်းခုန်တာကို အဓိကမထားပဲ မိမိသဘောထားကို ယူဆ သုံးသပ်ပြတာပါ၊ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေး တော်လှန်ရေး ဦးဆောင်နေသူများ ကိုလဲ သူများ သုံးသပ်ပြီးသားပဲ ထပ်လောင်း ညှပ်ပြီး ပြောပါ့မယ်။

  • (၁) မြန်မာပြည် ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်နေသည်မှာ အနှစ်(၂၀) ကျော်နေပါပြီ၊ တော်လှန်ရေးမှာ “ညောင်း” လွန်လှရောပေါ့။
  • (၂) အနှစ် ၂၀ အတွင်းမှာ ပြည်ပရောက်ရှိနေသူတို့မှာ သံတမန်ရေး တော်လှန်ရေး အသွင်အပြင် အခြားသော ပုံသဏ္ဍာန်များဖြင့် တိုက်ပွဲဝင်ခဲ့ပါတယ်၊ ကြာတော့လဲ မခံနိုင်၍ ရွတ်ရွတ်ချွံချွံ မရှိနိုင်ကြတော့ပါ။
  • (၃) အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံ၏ မူဝါဒပေါ်လစီ ပြောင်းလဲရန် အလျဉ်းမရှိကို သတိမူ ဗျူဟာရှိသင့်သည်။
  • (၄) ပြည်တွင်းတွင် အကြမ်းမဖက် ငြိမ်းချမ်း စည်းကမ်းရှိ တိုက်ပွဲများတိုက်ခဲ့ပြီး ထိုသူများမှာ အကျဉ်းထောင်များတွင် ရှိနေကြသည်၊ သို့သော် စစ်တပ်အနေဖြင့် လူထုဖက်က ရပ်တည်ခဲ့ခြင်းမရှိ၊ စစ်တပ်မှာ ဘက်ပြောင်းရန်လဲ မမြင်ပါ၊ အကြောင်းမှာမူ မြန်မာစစ်တပ်မှမူ အခြားသော နိုင်ငံများမှ အာဏာရှင် စစ်တပ်များကဲ့သို့ မတူသော စိတ်နေသဘောထား၊ ယဉ်ကျေးမှု နဲ့ တည်ဆောက်ထားမှုများ ရှိနေပါတယ်၊ အဲဒီအဖြေကတော့ ပြည်သူများကို စစ်တပ်က အမြဲတမ်းရန်သူအဖြစ် ဆုံးဖြတ်ထားခြင်းပါပဲ။
  • (၅) ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်ရေးထက် လုပ်သင့် လုပ်ထိုက်သည်များကို ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေခြင်းထက် အဖွဲ့အစည်းရှင်သန် ရပ်တည်ရေးကိုသာ ဦးစားပေး ဆောင်ရွက်နေသည်မှာ အထင်အရှားပင်။
  • (၆) အကျိုးဆက်အနေဖြင့် ပိုက်ဆံပေးနိုင်သူများ၏ သဘောထားအလိုနှင့် အနောက်နိုင်ငံတို့၏ သင်ကြားမှုများကိုသာ တိုက်ရိုက်နို့ သက်ခံ စို့နိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။
  • (၇) ပြည်ပရောက်ရှိနေသော အဖွဲ့အစည်းများသည် လူထုနှင့် ကင်းကွာနေသလို ရဲဘော်ရဲဖက်များနှင့်လဲ ကင်းကွာမှု ရှိနေခြင်းမှာ ထင်ရှားနေပြီး လူထုကို အခြေခံသည့် တော်လှန်ရေး ဆိုသည်မှာလဲ မမြင်ရ သလောက်ရှိပါသည်။
  • (၈) ကျနော်တို့ လက်ရှိ မြန်မာတို့၏ အသံကို လက်ရှိနှုန်းများလောက်နှင့် ကမာ္ဘကြီးက မကြားနိုင်သလို အိမ်နီးချင်းနိုင်ငံများကလဲ အတိုက်ခံများအပေါ် လေးစားလောက်သော (ဝါ) ကြောက်ရွံ လေးစားလောက်သော အပြုအမူ အပြောအဆို လုံးဝမတွေ့ရပါ။

ဖေါ်ပြပါ အခြေအနေနှင့် အချက်အလက်များကို ကျနော်တို့၏ ပြည်ပရောက် ခေါင်းဆောင်များ အသေအခြာဖတ်ရှု၍ ကနေ့ ချမှတ်ထားသော မဟာဗျူဟာ လမ်းစဉ်များ၊ အနာဂါတ် ချမှတ်မည့် နည်းဗျူဟာများ အမှားအမှန် နှင့် အကျိုးဆက်ကို တိုင်းသူပြည်သားတို့ မျက်နှာကို ထောက်ရှုပြီး အသေအခြာ ဆင်ခြင်သင့် ပါသည်။

သမတဘုရှ် အစိုးရ၏ ဦးဆောင်မှု အောက်ရှိ အမေရိကန် ကားကုမ္မဏီတွေလို အမှားမျိုး၊ ဂျပန် ကုမ္မဏီများ၏ အမှန်မျိုးဖြင့် သေခြာ မဟာဗျူဟာဆွဲရင်ဖြင့် မြန်မာတွေ ကမာ္ဘမှာ အောက်တန်း နောက်တန်း ကျနေရသော ဘဝမျိုးမှ လွန်မြောက်နိုင်တော့ မည်မှာ မလွှဲဧကန် အမှန် မဟုတ်ပါလား။

ကျော်ငြိမ်းမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here