လမ်းပြ

alt

မိ ဘတို့သည် သားသမီးများအား ကျောင်း ထားသည့် ကိစ္စကို တော်ရုံ တန်ရုံ ဖြင့် ပြီးစလွယ် မလုပ် ချင်ကြ ပါ။ ဖြစ်နိုင် သမျှ အကောင်းဆုံး ဖြစ်နိုင်သည့် ကျောင်းများကို ရွေးချယ်၍ ကျောင်းအပ် ကြသည်။ ထိုကျောင်း များ ၌ အကောင်းဆုံး ပညာသင် ပေးနိုင်

သောဆရာ- ဆရာမများ ရှိသော ကြောင့် ဖြစ် သည်။

 

အချို့ မိဘတို့ မှာ ဆင်းရဲ နွမ်းပါး သဖြင့် သူတို့ သားသမီး များကို ဖြစ်သ လို ကျောင်းထား ပေးကြ ရ သည်မျိုး လည်း ရှိ သည်။ မတတ်သာ လွန်း၍ သာ လုပ်ရခြင်း ဖြစ်သည် ကို နားလည် ပေးနိုင် သည်။

သားသမီးတို့က အကောင်းဆုံး ဆရာ-ဆရာမထံ သင်ကြားရလျှင် အကောင်းဆုံး စာများကို တတ်မြောက်မည်။ စာအတတ်ဆုံး ဖြစ်မည်ကို မိဘတိုင်းက သဘောပေါက် နေကြသည်။

သို့ဖြစ်လျှင် သင်ကြားပေးသူ ဆရာ-ဆရာမတို့၏ အရည်အသွေး ကောင်းမွန်ရန်မှာ အထူးလိုအပ်ချက် ဖြစ်လာသည်။ ဆရာ-ဆရာမတို့က အရည်အသွေးကောင်းနေသမျှ တပည့်များ တိုးတက်ထူးချွန်မည်။ ကျောင်းဂုဏ်ရောင်လည်း ထွန်းပြောင်မည် ဖြစ်သည်။

နိုင်ငံတခု တွင်လည်း ခေါင်းဆောင်သူတို့၌ နိုင်ငံရေးအရည်အသွေး ကောင်းမွန်လျှင် ပြည်သူလူထု၏ အကျိုး စီးပွားများ တိုးတက်မည်။ နိုင်ငံ့ဂုဏ်ရောင်လည်း ထွန်းပြောင်မည် ဖြစ်သည်။

ဆရာ-ဆရာမတို့မှာ ဝါသနာ၊ အနစ်နာ၊ စေတနာတည်းဟူသော နာ(၃)နာ မရှိလျှင် သမားဂုဏ် မပြည့်စုံ။ တပည့်တို့လည်း ထူးချွန်မည် မဟုတ်။ ထိုကဲ့သို့ပင် နိုင်ငံကိုဦးဆောင်သူတို့၌ အနစ်နာနှင့် စေတနာ မပါလျှင် ခေါင်းဆောင် မပီသပဲ ဖြစ်နေမည်။ ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်မသွားသော် နောက်နွားတသိုက် ဖြောင့်ဖြောင့် လိုက်နိုင် ကြမည် မဟုတ်ပေ။

တဖန် ဆရာ-ဆရာမတို့၌ စောင့်ထိန်းအပ်သော အကျင့်သီလတို့ ပြည့်စုံမှ သိက္ခာရှိကာ တပည့်နှင့် မိဘတို့က ရိုသေလေးစားကြမည်။ ပတ်ဝန်းကျင် ကလည်း “ဆရာ-ဆရာမ”ဟု ချစ်ခင်လေးစားစွာ ခေါ်ဝေါ် နှုတ်ဆက်ကြမည် ဖြစ်သည်။ ထိုအတိုင်းပင် နိုင်ငံ ခေါင်းဆောင် တို့၌ အကျင့်သီလ ကောင်းမွန်မှ သိက္ခာရှိမည်။ သိက္ခာရှိမှ ပြည်သူတို့က လေးစားကြမည်။ နိုင်ငံတကာ တိုင်းပြည်များ က ဖော်ရွေ လှိုက်လှဲစွာ ဆက်ဆံလာကြမည် ဖြစ်သည်။

ဆရာ-ဆရာမ တို့သည် တပည့်များအတွက် လမ်းပြဖြစ်သလို နိုင်ငံခေါင်းဆောင်တို့သည်လည်း တိုင်းသူ ပြည်သားများ ၏ လမ်းပြ ဖြစ် သည်။ လမ်းပြကိုယ်တိုင်က မှားလျှင် (သို့မဟုတ်) လမ်းပြ ကို အရွေးမှားလျှင် ရောက်ချင် သော နေရာသို့ ရောက်နိုင် မည် မဟုတ်ပေ။

လွင်အောင်စိုး

၁၇-၁၂-၂ဝဝ၈

LEAVE A REPLY

Please enter your comment!
Please enter your name here